POST TYPE

INTERVIEW

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်နှင့် တွေ့ဆုံခြင်း
မကွေးတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေသည် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းသော ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကို စာရင်းမရှိ သုံးစွဲခဲ့ပြီး ထိုငွေများမှ ကြံ့ခိုင်ရေးပါတီသို့ ငွေကျပ် ၁ ဒသမ ၇ ဘီလီယံနှင့် မော်တော်ယာဉ်လေးစီး၊ မြေတူးစက်တစ်စီး၊ ပဲ့ထောင်ရေယာဉ်နှစ်စီး အပါအဝင် ကြံ့ခိုင်ရေးပါတီပိုင် ရွှေသုခ ငွေရေးကြေးရေး လုပ်ငန်းသို့ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ သုံးစွဲခဲ့ကြောင်း မကွေးတိုင်းဝန်ကြီး အစိုးရအဖွဲ့မှ ဧပြီလ ၂၅ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်နှင့် ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ယခင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းတွေက ရေနံလက်ယက်တွင်း ဖွံ့ဖြိုးရေး ရန်ပုံငွေ ခုနစ်ဘီလီယံကို သုံးစွဲခဲ့ရာမှာ ကြံ့ခိုင်ရေးပါတီ အသုံးပြုဖို့ တစ်ဒသမ ခုနစ်ဘီလီယံကို ဦးဘုန်းမော်ရွှေက လှူဒါန်းခဲ့တယ်လို့ မကွေးတိုင်းအစိုးရက ရှင်းလင်းခဲ့တယ်။ ဒီကိစ္စရပ်အပေါ် ကြံ့ခိုင်ရေးပါတီက ဘာတွေဆောင်ရွက်နေလဲ။

UNDHM : ကျွန်တော်တို့ပါတီက ဆောင်ရွက်ချက်တော့ ဘာမှမရှိပါဘူး။ ဒီငွေတွေက ကျွန်တော်တို့ ပါတီက လက်ခံရရှိထားခြင်း မရှိဘူး။ ကျွန်တော်တို့ ပါတီနဲ့လည်း မပတ်သက်ဘူး။ ဒါက ဦးဘုန်းမော်ရွှေ တိုင်းအစိုးရ တာဝန်ထမ်းဆောင်စဉ်မှာ တိုင်းဖွံ့ဖြိုးရေး ရန်ပုံငွေကို သူက ဝန်ကြီးချုပ်ဆိုတော့ သူ့လုပ်ပိုင်ခွင့်ကနေပြီး ဆောင်ရွက်သွားတဲ့ အနေအထားကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ်မှာ ပြည်ခိုင်ဖြိုးကို ပေးတယ်လို့ အမည်တပ်ထားတော့ ဒါက နိုင်ငံရေးအရ ပါတီကို ထိုးနှက်ချက် ဖြစ်ပါတယ်။ ဦးဘုန်းမော်ရွှေက အရင်အစိုးရ တာဝန်ယူခဲ့တဲ့အချိန်မှာ အစိုးရ အလွှဲအပြောင်း လုပ်တဲ့အချိန်မှာလည်း သူတို့ရရှိခဲ့တဲ့ငွေတွေ လွှဲပြောင်းပေးရပါတယ်။ ဒါကလည်း စနစ်တကျ လုပ်ဆောင်ရတာ ဖြစ်တယ်။ ဒါကို ဦးဘုန်းမော်ရွှေကို ခေါ်ယူမေးမြန်းပြီး ဖြေရှင်းလိုက်ရင် ပြီးသွားမယ့်ကိစ္စ ဖြစ်ပါတယ်။ ဦးဘုန်းမော်ရွှေ လုပ်ခဲ့တဲ့ကိစ္စက ခေါ်ယူဖြေရှင်းလိုက်ရင် ပြီးသွားမှာ။ ဒါကို မီဒီယာတွေမှာ ပြည်ခိုင်ဖြိုးပါတီလို့ ပြောဆိုနေတာ နိုင်ငံရေးအရ ထိုးနှက်တယ်လို့ ဒီလိုပဲ ခံယူတယ်။ ကျွန်တော်တို့ ဒီငွေတွေကို ပါတီရန်ပုံငွေအဖြစ် သုံးစွဲထားခြင်း မရှိသလို လက်ခံရယူထားခြင်းလည်း မရှိဘူး။ ဦးဘုန်းမော်ရွှေ တာဝန်ရှိစဉ်ကာလက လုပ်ပိုင်ခွင့်အရ စီမံဆောင်ရွက်တဲ့ ကိစ္စကို ဦးဘုန်းမော်ရွှေကို ခေါ်ယူရှင်းလင်းပြီး ဥပဒေကြောင်းအရ ဆောင်ရွက်လိုက်ရင် ပြီးသွားမယ့်ကိစ္စပါ။ ကျွန်တော်တို့ပါတီ အနေနဲ့ ဖြေရှင်းရန် အကြောင်းတရား လုံးဝမရှိဘူး။

Voice : ဦးဘုန်းမော်ရွှေက မကွေးတိုင်း ဝန်ကြီးချုပ် တာဝန်ယူစဉ်မှာ မော်တော်ယာဉ်လေးစီး၊ မြေတူးစက် အပါအဝင် ပဲ့ထောင်စက်လှေ နှစ်စီးကို ကြံ့ခိုင်ရေးပါတီထံ လှူဒါန်းထားကြောင်း လက်ရှိအစိုးရ မကွေးတိုင်း အစိုးရက ရှင်းလင်းထားတော့ အဲ့ဒီပစ္စည်းတွေကို ကြံ့ခိုင်ရေးပါတီက သုံးစွဲနေလား၊ ဘယ်လိုဆောင်ရွက်ထားလဲ။

UNDHM : အဲ့ဒီဟာကို ကျွန်တော်တို့လည်း မသိဘူး။ အခုကြေညာချက်ထွက်လာမှ သိရတဲ့ အနေအထား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်ဘူး။ ပေးခဲ့တယ် မပေးခဲ့ဘူးဆိုတဲ့ ကိစ္စတွေက ဦးဘုန်းမော်ရွှေကို ခေါ်ယူဆွေးနွေးပြီးတော့ ဖြေရှင်းလိုက်ရင် ပြီးသွားမှာ။ ကျွန်တော်တို့ပါတီနဲ့ မဆိုင်ဘူး။

Voice : ကြံ့ခိုင်ရေးပါတီက မကွေးတိုင်းမှာ တည်ထောင်ခဲ့တဲ့ ရွှေသုခ အသေးစား ငွေရေးကြေးရေး လုပ်ငန်းက လက်ယက်တွင်း ရန်ပုံငွေကနေ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ သုံးစွဲထားတယ်။ အဲ့ဒီငွေတွေက ကြံ့ခိုင်ရေးပါတီက ပြန်လည်ဖြေရှင်းရမှာလား၊ ဦးဘုန်းမော်ရွှေ ဖြေရှင်းရမှာလား။

UNDHM : ကျွန်တော်တို့ပါတီနဲ့ ဘာမှမသက်ဆိုင်ဘူး။ ဦးဘုန်းမော်ရွှေက ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေအတွက် သူစီမံပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ ဖြစ်လိမ့်မယ်။ ဖြစ်တဲ့အပေါ်မှာ ကြံ့ခိုင်ရေးက ဥက္ကဋ္ဌဖြစ်မယ်။ သူရဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်တဲ့ အချိန်မှာလည်း NLD ကလည်း ပါနိုင်တာပဲ။ ပြည်ခိုင်ဖြိုးလည်း ပါနိုင်တာပဲ။ ဂေါပကလည်း ပါနိုင်တယ်။ တစညလည်း ပါနိုင်တယ်။ လူပုဂ္ဂိုလ်တွေအနေနဲ့ တစ်မျိုးမျိုးပေါ်မှာ သြဇာရှိတဲ့သူ၊ ယုံကြည်လို့ရတဲ့သူ ဒါတွေရှိတော့ ဖွဲ့ပြီး လုပ်ကောင်းလုပ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ ဒါကို ဦးဘုန်းမော်ရွှေက တိုင်းဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက် ဦးဘုန်းမော်ရွှေ ဝန်ကြီးချုပ်ရဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ခဲ့တဲ့ ကိစ္စတွေကို တိုင်းပါတီဥက္ကဋ္ဌ ဖြစ်နေတော့ ပြည်ခိုင်ဖြိုးကို လုပ်ပါတယ်လို့ စွပ်စွဲတဲ့ ပုံသဏ္ဌာန် ဖြစ်နေတယ်။ ဒါတွေက ပါတီအနေနဲ့ လုံးဝမသက်ဆိုင်ကြောင်း ပြောဆိုထားပြီး ဖြစ်တယ်။ ဦးဘုန်းမော်ရွှေက ဝန်ကြီးချုပ် တာဝန်ယူတယ်၊ သူ့လုပ်ပိုင်ခွင့်အရ သူလုပ်ခဲ့တယ်၊ ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုရင် လက်ရှိအစိုးရက ယခင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး ဆောင်ရွက်ရင် ပြီးသွားမယ်။ အဲ့ဒီ့မှာ မှားခြင်း၊ မှန်ခြင်း ရှိမယ်။ မှားရင် မှားသလို မှန်ရင် မှန်သလို ရှိသွားမှာ။ အဲ့ဒီမှာ အဖြေထွက်လာမှာပါ။ သေချာတာက ပြည်ခိုင်ဖြိုးနဲ့ မပတ်သက်ဘူး။ ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ သူလုပ်ခဲ့တဲ့ကိစ္စက ပြန်ရှင်းရမှာက သူ့တာဝန်ပါ။

Voice : ဦးဘုန်းမော်ရွှေနဲ့ ပတ်သက်တဲ့ ယခုဖြစ်စဉ်များ အားလုံးကို ကြံ့ခိုင်ရေးပါတီက ခေါ်ယူတွေ့ဆုံတာ ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တာ ရှိလား ခင်ဗျ။ 

UNDHM : မရှိပါဘူး။

Voice : နိုင်ငံရေးပါတီတစ်ခုက ပြည်သူပိုင်ပစ္စည်းကို သုံးစွဲရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိစေရဟု ၂၀၀၈ ဖွဲ့စည်းပုံမှာရယ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌာန်းထား ပြီးဖြစ်တယ်။ အခုဖြစ်စဉ်မှာ ကြံ့ခိုင်ရေးပါတီက တည်ဆဲဥပဒေများကို ကျူးလွန်နေတယ်လို့ ပြောနိုင်လား။

UNDHM : ကျွန်တော်တို့ အဲ့လို မသတ်မှတ်နိုင်ဘူး။ ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူးလို့ ပြောထားတဲ့ ကိစ္စပါ။ ကျွန်တော်တို့ပါတီရဲ့ ငွေကြေးတွေကို အချိန်မရွေး စစ်ဆေးလို့ ရတယ်။ ဒါတွေက သက်သက် အဖြေတစ်ခု မထွက်ခင်မှာ နိုင်ငံရေးသိက္ခာ ချတာပေါ့ဗျာ။ ကြံ့ခိုင်ရေးပါတီက သူခိုးပါတီ။ ဒီကောင်တွေ ဒီလိုပဲ ဒီလိုဖြစ်ရမယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရင် နိုင်ငံရေးအရ တိုက်ခိုက်တဲ့သဘောလို့ ကျွန်တော်တို့ မြင်တယ်။ ဘာမှမပတ်သက်ဘူးလို့ ကျွန်တော်တို့ ပြောထားပြီး ဖြစ်တယ်။ ကျွန်တော်တို့ လက်ခံရခြင်းလည်း မရှိဘူး။ ဦးဘုန်းမော်ရွှေ ဖြေရှင်းရင် ပြီးသွားမည့်ကိစ္စပါ။ လက်ရှိ အစိုးရအဖွဲ့က အစိုးရအဖွဲ့ဟောင်းကို မျက်နှာချင်းဆိုင် ခေါ်ယူရှင်းလင်းလိုက်ရင် ပြီးသွားမယ့် ကိစ္စပါ။

Voice : အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာများထပ်ပြောချင်တာ ရှိပါသေးလဲ။

UNDHM : အရင်အစိုးရက ဘာတွေလုပ်ခဲ့တယ်။ အားနည်းချက်တွေ ပေါ်တယ်ဆိုရင် ခေါ်ယူတွေ့ဆုံပြီး ဖြေရှင်းလိုက်ရင် ဒါက လွယ်လွယ်ကူကူ ပြီးသွားမယ်။ ဥပဒေနဲ့မညီရင် အရေးယူလိုက်ရုံပါ။ ဒါကြီးကို ရေးကြီးခွင်ကျယ် လုပ်ပြီးတော့ နိုင်ငံရေး သိက္ခာချတဲ့ ပုံသဏ္ဌာန်မျိုးတော့ မဖြစ်စေချင်ဘူး။ ဥပမာ- အစိုးရတစ်ရပ် အနေနဲ့ ဒီလိုဖြစ်ပေါ်လာပြီ။ ဒီလိုဖြစ်ပေါ်လာတဲ့အခါ အရင်အစိုးရက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဘယ်လိုဆောင်ရွက်ခဲ့လဲဆိုတာ လေ့လာစုံစမ်း စုံစမ်းပြီးရင် ဒီပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး မေးမြန်းလိုက်ပြီးရင် ဥပဒေနဲ့မညီရင် တရားစွဲလိုက်။ ပါတီတိုင်းမှာ ကောင်းတဲ့သူ ရှိတယ်။ ဆိုးတဲ့သူလည်း ရှိတယ်။ လူနဲ့ပဲ သက်ဆိုင်တယ်လေ။ ပါတီကိုထည့်ပြီး ပြောတာ နိုင်ငံရေးအရ ထိုးနှက်တာပဲ။ မကွေးတိုင်း အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက လိမ္မာပါးနပ်စွာဖြင့်၊ လူကြီးလူကောင်ဆန်ဆန်ဖြင့် ဒီကိစ္စကို ဖြေရှင်းသွားရမှာ။ ဦးဘုန်းမော်ရွှေနဲ့ တွေ့ဆုံပြီးတော့ မဖြေရှင်းဘဲ ပြည်ခိုင်ဖြိုးပါတီကို ပေးတယ်။ ပြည်ခိုင်ဖြိုးပါတီကို လှူတယ်ဆိုရင် ဥပဒေအတိုင်း ဆောင်ရွက်လိုက်တော့။ ဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်။ အဖြေတစ်ခု မထွက်ခင်မှာ လွဲနေတာကို လက်မခံဘူး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။

ကျော်စိုးဦး