POST TYPE

INTERVIEW

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် တွေ့ဆုံခြင်း
25-Apr-2017 tagged as မိုးလေဝသ

ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်း မာရသာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လာမည့် မေလအတွင်း၌ ဘင်္ဂလားပင်လယ်အော်တွင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းများ၏ အန္တရာယ်နှင့် မိုးကြိုကာလ ရာသီဥတု အခြေအနေများကို သိရှိနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (အထက်မြန်မာပြည်)  ဦးကျော်လွင်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကနဦးအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေကို သုံးသပ်ပေးပါဦး ဆရာ။

U KLO : လက်ရှိ ဧပြီလ ဒုတိယ ၁၀ ရက်ပတ်ကုန် အထိတော့ အပူချိန်တွေ စံချိန်တင်အောင် ပူခဲ့တယ်။ မုန်တိုင်းတွေလည်း ဖြစ်ခဲ့တယ်။ အနောက်မြောက်လေအေးနဲ့ လေပွေလှိုင်းတွေ ဖြတ်ကျော်နေခဲ့တယ်။ 

Voice : ဟုတ်ကဲ့ဆရာ။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ဘင်္ဂလားပင်လယ်အော်က မုန်တိုင်း (မာရသာ) ဝင်ရောက်ခဲ့တယ်။ အခုလည်းထပ်ပြီး မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းနောက်တစ်လုံး ဖြစ်ဖို့ အလားအလာ ရှိနေလား။

U KLO : မေလလယ်လောက်အထိ မုန်တိုင်းဖြစ်တဲ့ရာသီ ဆိုတော့ သီတင်းပတ်သုံးပတ်လောက် အထိတော့ မုန်တိုင်းအန္တရာယ်ကို သတိပြုရဦးမှာပေါ့။ ဧပြီလ၊ မေလ မုန်တိုင်းတွေဟာ အများအားဖြင့်တော့ အားကောင်းတတ်ပါတယ်။ မုန်တိုင်းဖြစ်ပေါ်နိုင်မှုကို ငါးရက်လောက် ကြိုသိနိုင်ပါတယ်။ လမ်းကြောင်းရွေ့လျားမှုနဲ့ အင်အားအဆင့်ကိုတော့ သုံးရက်လောက် ကြိုသိနိုင်တယ်။ မုန်တိုင်းရာသီဆိုတော့ မေလမှာ အနည်းဆုံး တစ်လုံးလောက်တော့ ဖြစ်တတ်ပါတယ်။

Voice : အဲဒီမုန်တိုင်း ဖြစ်ခဲ့မယ်ဆိုရင်ရော မြန်မာနိုင်ငံအတွက် အန္တရာယ် ရှိနိုင်ပါသလား။ ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါသလဲ။ 

U KLO : မေလမှာ မုန်တိုင်းတွေဖြစ်ရင် လမ်းကြောင်းသုံးမျိုး ရှိတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ့ကမ်းရိုးတန်းပါ။ ကွေ့တဲ့မုန်တိုင်းများကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ဝင်ကြတယ်။ အဓိက အချက်ကတော့ မုန်တိုင်းဖြစ်ပေါ်ချိန် ရေပြင်မှာရှိတဲ့ အပူစွမ်းအင်များတဲ့နေရာ မြေပြင်နဲ့ အထက်လေထု ဖွဲ့စည်းမှုတွေက မုန်တိုင်းလမ်းကြောင်းကို ဆုံးဖြတ်ပေးတာပါ။ ၂၀၀၈ ခုနှစ်၊ မေလမုန်တိုင်းလို ထူးခြားတဲ့ လမ်းကြောင်းတွေနဲ့လည်း ရွေ့လျားတတ်တော့ မုန်တိုင်းဖြစ်ပြီ ဆိုတာနဲ့ မျက်ခြည်မပြတ် နည်းလမ်းအမျိုးမျိုးနဲ့ စောင့်ကြည့်ရပါတယ်။ 

မုန်တိုင်းဖြတ်ကျော်မယ် ဆိုရင် အဓိက ပင်မသဘာဝဘေး သုံးမျိုးဖြစ်မယ်။ မိုးသည်းထန်တာ၊ လေပြင်းထန်စွာ တိုက်တာနဲ့ မုန်တိုင်းဒီရေတက်တာ ဖြစ်တယ်။ နောက်ဆက်တွဲ သဘာဝဘေးကတော့ ရေကြီးတာ၊ မြေပြိုတာ ဖြစ်မယ်။ မုန်တိုင်းသတိပေးချက် ရတာနဲ့ အရေးပေါ်တုံ့ပြန်မှုအတွက် ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်ထားရင် အပျက်အစီး ကိန်းဂဏန်းများစွာ လျော့နည်းပါတယ်။ အကောင်းဆုံးကတော့ ပြည်သူလူထု ပါဝင်တဲ့ ကြိုတင်လေ့ကျင့် ဇာတ်တိုက်မှုတွေ လုပ်သင့်ပြီး မုန်တိုင်းမလာခင်၊ မုန်တိုင်းတိုက်နေစဉ်၊ မုန်တိုင်းတိုက်ခတ်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အလေးထား ဆောင်ရွက်ရမှာပေါ့။ ဒါက ရေတိုလုပ်ငန်းတွေပါ။ ရေရှည်လုပ်ငန်းများကတော့ အများကြီးပါ။ ကြိုတင်သတိပေးစနစ် အားကောင်းလာစေမယ့် ကိရိယာပစ္စည်းတွေ၊ သဘာဝဝဘေးဒဏ် ခုခံနိုင်မယ့် အခြေခံအဆောက်အဦ အရင်းအမြစ်တွေ (Structural Mitigation) နဲ့ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုဆိုင်ရာ အသိပညာ၊ နည်းပညာ၊ ဗဟုသုတများ ရပ်ရွာအဆင့်အထိ အခုထက် ပိုမိုတိုးတက်စေမယ့် လုပ်ငန်းစဉ် (Non-structural Mitigation) တွေအတွက် ကုန်ကျစရိတ် အရမ်းများပေမယ့် လုပ်နိုင်သလောက် များများလုပ်တာ ကောင်းပါတယ်။

Voice : သမိုင်းမှတ်တမ်းတွေအရဆိုရင် ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းတွေက မြန်မာနိုင်ငံကို ဘယ်နှလုံးလောက် ဝင်တတ်ပါသလဲ။ ဘယ်ကာလတွေမှာ မုန်တိုင်းတွေ အများဆုံး ဖြစ်တတ်ပါသလဲဆိုတာ ရှင်းပြပေးစေလိုပါတယ် ဆရာ။

U KLO : မြန်မာနိုင်ငံကို မုန်တိုင်းတွေ ဝင်ရောက်တတ်တာကတော့ ဧပြီလ၊ မေလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေ ဖြစ်ပါတယ်။ ထူးခြားတဲ့ မုန်တိုင်းကြီး သုံးလုံးကတော့ ၂၀၀၆ မာလာ၊ ၂၀၀၈ နာဂစ်၊ ၂၀၁၀ ဂီရိမုန်တိုင်းတွေ ဖြစ်ပါတယ်။ အင်အားအဆင့်နဲ့ အဖျက်စွမ်းအားတွေ တူညီကြသလို မြန်မာနိုင်ငံကို မုန်တိုင်းသုံးလုံးစလုံး သောကြာနေ့မှာ ဝင်ရောက်ခဲ့တာလည်း တူနေတာထူးခြားပါတယ်။ ကမ်းခြေနားရောက်မှ အရမ်းအားကောင်းလာတာကတော့ နာဂစ်နဲ့ ဂီရိမုန်တိုင်းတွေပါ။

Voice : မြန်မာနိုင်ငံက အာရှဒေသတွင်း နိုင်ငံတွေထက် နေ့အပူချိန်တွေ မြင့်တက်နေတဲ့အတွက် အခုလာမယ့် ကာလတွေမှာရော နေ့အပူချိန်တွေ မြင့်တက်နိုင်ပါသလား ဆရာ။

U KLO : အခုပြောနေတဲ့ အပူချိန်က မြင်းမူမြို့မှာ ၂၀၁၀ မေလကဖြစ်ခဲ့တဲ့ အမြင့်ဆုံး နေ့အပူချိန်စံချိန်ပါ။ မြန်မာ့စံချိန်သာမက အာဆီယံမှတ်တမ်းတွေရဲ့စံချိန် ဖြစ်ခဲ့တာပါ။ တချို့အရှေ့အလယ်ပိုင်းနိုင်ငံမှာဆို အပူချိန်စံချိန်သစ်က ၅၀ ဒီဂရီစင်တီဂရိတ် ကျော်ပါတယ်။ မုတ်သုံမဝင်ခင်အထိ မေလကုန်လောက်ကတော့ နေ့အပူချိန်တွေ မြင့်တက်ဖို့ ရှိပါတယ်။ မိုးလေဝသ အခြေအနေတွေကိုတော့ အကြမ်းဖျင်း ခုနစ်ရက်လောက် ကြိုသိနိုင်ပြီး အသေးစိတ်ကိုတော့ သုံးရက်လောက်အတွင်း ကြည့်ရင် မှန်ကန်တဲ့ ရာခိုင်နှုန်းက များပါတယ်။

Voice : ဒါဆို မိုးကြိုကာလမှာ ဖြစ်နိုင်တဲ့ ရာသီဥတု ဖြစ်စဉ်တွေလည်း သိပါရစေ ဆရာ။ ပြီးခဲ့တဲ့လတွေတုန်းက ဒေသအနှံ့အပြားမှာ မိုးသီးကြွေတာတွေ၊ လေပြင်းတိုက်တာတွေ ဖြစ်ခဲ့တဲ့အတွက် မိုးတိမ်တောင် အန္တရာယ်နဲ့ မိုးကြိုးပစ်တဲ့ အန္တရာယ်ရော ဘယ်လောက်ကြီးပါသလဲ ဆရာ။ ဘယ်လိုကာကွယ်နေထိုင်ရမလဲ ဆိုတာ အကြံပြုပေးပါဦး။ 

U KLO : မိုးကြိုရာသီမှာတော့ မုန်တိုင်းရယ်၊ အပူချိန်မြင့်တက်တာရယ်၊ မိုးတိမ်တောင်တွေ ဖြစ်တတ်ပါတယ်။ အပူလွန်ကဲချိန်မှာ ရေငွေ့တွေ ရရှိတဲ့အခါ လေထုမတည်ငြိမ်မှုများပြီး အားကောင်းတဲ့ မိုးတိမ်တောင်တွေ မွန်းလွဲ၊ ညနေပိုင်းတွေမှာ ဖြစ်ပါတယ်။ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ မိုးသက်လေပြင်း တိုက်ခတ်တာ၊ နေရာကွက်ပြီး ရုတ်တရက် မိုးသည်းထန်တာတွေ ဖြစ်ပါတယ်။ မိုးခြိမ်းသံကြားရင် ကိုယ့်ဒေသမှာ မိုးတိမ်တောင်ရှိနေပြီ ဆိုတာ သိနိုင်ပါတယ်။

Voice : နောက် မုတ်သုံဝင်ရောက်မှု အခြေအနေနဲ့ မိုးရရှိနိုင်မှု အခြေအနေလည်း သိပါရစေ ဆရာ။ ဘယ်ဒေသတွေက မိုးများနိုင်ပြီး ဘယ်ဒေသတွေက မိုးနည်းနိုင်ပါသလဲ ဆရာ။ 

U KLO : မုတ်သုံလေဆိုတာ ရာသီမှန်အချိန်မှန် တိုက်တဲ့ ပင်လယ်နဲ့ ကုန်းမြေအပူကြောင့် လေဖိအား ကွာခြားလို့ အဓိက ဖြစ်ရတာပါ။ များသောအားဖြင့် မြန်မာနိုင်ငံကို မေလလယ်မှာ ဝင်ရောက်ပါတယ်။ ထူးခြားပြီး မုတ်သုံလေ နောက်ကျတာ ခုနောက်ပိုင်း သိပ်မတွေ့ရပါ။ ဒါပေမဲ့ မုတ်သုံလေက မုန်တိုင်းအဖော်နဲ့ ဝင်လာရင် မြန်မြန်မိုးရတယ်။ မိုးရွာသွန်းပုံ ပျံ့နှံ့မှု များတယ်။ မုတ်သုံလေ အင်အားကိုတော့ အစောကြီး ကြိုတင်ခန့်မှန်းရတာ ခက်ခဲပါတယ်။ တောင်အာရှ မုတ်သုံအဝင်နဲ့ မိုးရွာနိုင်မှုဖိုရမ်တစ်ခု အိန္ဒိယနိုင်ငံမှာ လုပ်နေပါတယ်။ မကြာခင်တော့ ၂၀၁၇ မိုးအခြေအနေ သုံးသပ်ချက် ထွက်လာပါမယ်။ မုတ်သုံမိုးအတွက် ပုံမှန်ပြဿနာကတော့ မုတ်သုံလေ မျက်နှာသာပေးခြင်း မခံရတဲ့ အလယ်ပိုင်းဒေသ ဖြစ်ပါတယ်။ အယ်နီညိုနှစ် ဖြစ်ပေမယ့် မနှစ်ကတော့ အညာမှာ မိုးကောင်းခဲ့ပါတယ်။

Voice : ဟုတ်ကဲ့ဆရာ။ အချုပ်အနေနဲ့ ရာသီဥတု အခြေအနေအပေါ် သုံးသပ်အကြုံပြုပေးပါဦး။

U KLO : အနာဂတ် မြန်မာ့ရာသီဥတု ပြောင်းလဲလာနိုင်မှုအနေနဲ့ အပူချိန်မြင့်လာတာ မိုးရွာသွန်းမှု ပိုလာနိုင်မယ်လို့ တွေ့ရတော့ ရာသီဘေးဒဏ်တွေကို ဘက်စုံထောင့်စုံကနေ စနစ်တကျ ပြင်ဆင်ဖို့ ဆောင်ရွက်နေကြတာနဲ့အတူ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ခုခံနိုင်စွမ်းမြင့်တဲ့ စွမ်းဆောင်ရည်တွေ ဒေသအလိုက် အရှိန်မြှင့် ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။ 

ပြည့်ဖြိုးလင်း