News

POST TYPE

INTERVIEW

စီးပွားရေးသုတေသီ ဦးစောမြင့်မောင်နှင့် တွေ့ဆုံခြင်း
13-Aug-2016
တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် အစိုးရအဖွဲ့တွင် ဘတ်ဂျက်မလုံလောက်မှု ပြဿနာများ ရင်ဆိုင်နေရပြီး ဝန်ထမ်းလစာအတွက် ကမ္ဘာ့ဘဏ်ကပင် ငွေချေးယူ၍ ဖြေရှင်းရန်စီစဉ်နေကြောင်း အစိုးရက ပြောဆိုထားသည်။ အဆိုပါ ပြောဆိုမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဘတ်ဂျက်အခြေအနေ သဘောသဘာဝနှင့်  လက်ရှိပြဿနာများအပေါ် စီးပွားရေးသုတေသီ ဦးစောမြင့်မောင်နှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

Voice - ပထမဆုံး မေးချင်တာတော့ လက်ရှိအစိုးရမှာ ဘတ်ဂျက်ပြဿနာနဲ့ ကြုံနေရတယ်လို့ သတင်းထွက်နေတာပေါ့။ လျှပ်စစ်ဓာတ်ကြိုးတွေ လဲရမယ့်ကိစ္စလည်း ဘတ်ဂျက်မရှိဘူး ပြောတယ်။ ဘတ်ဂျက်ရဲ့ သဘောသဘာဝနဲ့ ဘတ်ဂျက်မလုံလောက်တာ ဘာကြောင့်လဲ ဆိုတာ သိချင်ပါတယ်ဆရာ။ 

USMM - ခင်ဗျားမေးတာ အဓိကတော့ နှစ်ချက်ပေါ့။  အဲဒါတွေမဖြေခင် ခင်ဗျားသိချင်တဲ့ ဘတ်ဂျက်ဆိုတာ  ဘာလဲပေါ့။ အဲဒီဟာက စပြောမယ်။ ဘတ်ဂျက်က  ဒါဘယ်စနစ်ပဲ ကျင့်သုံးကျင့်သုံး၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်  အစိုးရအဖွဲ့ဆိုတဲ့ဟာက ပြည်သူ့အရေးကိစ္စတွေ ဆောင်ရွက်ဖို့ Public Services ပေါ့။ Public Goods ခေါ်တာပေါ့။ အဲဒါတွေ ဆောက်ရွက်ဖို့အတွက်က သုံးစွဲခွင့်ပြုတာ။  ဥပဒေကြောင်းအရ သုံးစွဲခွင့်ပြုတဲ့ဟာ ဘတ်ဂျက်။ ဒါ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ်။ ကျွန်တော်တို့ ထွင်ထားတာမဟုတ်ဘူး။ ကျွန်တော်တို့က ဒီစနစ်ထဲ လိုက်တာပေါ့။ အဲဒီ ဘတ်ဂျက်ဆိုတဲ့ဟာက အမြဲတမ်းသူက တစ်နှစ်စာ နောက်နှစ်ကို လုပ်မယ့်ဟာကို ဒီနှစ်ကစ ကြိုတင်ပြီးတော့ အဲဒီ ဘတ်ဂျက်ကို ရေးဆွဲရတယ်၊ ပြဋ္ဌာန်းရတယ်။ ပြဋ္ဌာန်းတော့ ပထမ Estimate လို့ ခေါ်တာပေါ့ ခန့်မှန်းခြေပေါ့။  ခန့်မှန်းခြေဆိုတာ တိကျချင်မှ တိကျမယ်။ ဒီကြားထဲ  အပြောင်းအလဲတွေက ရှိနိုင်တယ်။ ငွေကြေးတန်ဖိုး  ပြောင်းသွားတာတို့၊ အခြားနိုင်ငံရေးစီးပွားရေး အခြေအနေ ကမ္ဘာ့အခြေအနေနဲ့ ပြောင်းသွားတာတို့ ဈေးနှုန်းပမာဏ ပြောင်းသွားတာတို့ စသည်ဖြင့်ပေါ့။ အဲဒါတွေကြောင့်မို့ လိုက်ညှိရတာရှိတယ်။ ပထမ Budget Estimate ပေါ့နော် BE လို့ ခေါ်တာပေါ့။ ပြန်ပြီးတော့  Re-estimate ပြန်လုပ်ရတယ်။ အဲဒါ RE လို့ ခေါ်တာပေါ့။ ဒီဘတ်ဂျက်ကိုပဲ ကိန်းဂဏန်းတွေ လိုက်ပြင်တာ အတိုးအလျှော့ ပြန်လုပ်တာ တင်ထားတဲ့ ကဏ္ဍတွေကနေ ခေါင်းစဉ်တွေပြောင်းတာ စသည်ဖြင့် အကုန်ပေါ့လေ။  ပြင်တဲ့ဟာ ပြန်ခွင့်ပြုချက် ယူရတယ်။ လွှတ်တော်ကို။ Re-estimate ပြီးပြီဆိုတော့မှ တစ်ခါတလေကျတော့  အဲဒါနဲ့တင်မပြီးပြတ်ဘဲ ထပ်ပြီးတော့ အပြောင်းအလဲ တွေက ရှိနိုင်တဲ့အခါကျတော့ အဲဒီမှာ ငွေကဒီလောက်နဲ့ မလောက်တော့ဘူး ထပ်ပေးပါ ထပ်သုံးခွင့်ပြုပါဆိုပြီးတော့ Supplementary Budget ဆို တစ်ခါလာရတယ်။  ဘတ်ဂျက်တစ်ခု လုပ်မယ်ဆို အဲဒီသုံးဆင့်လောက် ဖြတ်ရတယ်။ သုံးဆင့်လုံးကို ဥပဒေပြုအဖွဲ့အစည်း ဖြစ်တဲ့  လွှတ်တော်က အတည်ပြုရတာ ချည်းပဲ။ ဘတ်ဂျက်ကို  ကိုင်တွယ်ရတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ အဲ့ဒီ  Time-line လိုတယ်။ ကြိုပြီးတော့ လွှတ်တော်ကိုတင်ရတယ်။ သုံးဆင့်တင်ရတယ်။ နောက်ဘတ်ဂျက်နှစ်စတာ  မြန်မာပြည်မှာဆို ဧပြီ ၁ ရက်မှာ စတယ်။ အဲဒီ ဧပြီ ၁ ရက်မှာ ခုနက သုံးချက်က လုပ်ပြီးသားဖြစ်နေရမယ်။ လုပ်ငန်းစဉ်သုံးရပ်က အတည်ဖြစ်ပြီးသား ဖြစ်ရမယ်။  အဲဒီဟာကိုလုပ်နိုင်ဖို့က များသောအားဖြင့်ဆိုရင် ဧပြီမှာ လုပ်မယ့်ဟာကို စက်တင်ဘာလောက်မှာ စတင်ရတယ်။ သူ့အချိန်ဇယားအတိုင်းပေါ့။ အဆင့်ဆင့် တင်ရတယ်။ တင်ဖို့ဆိုတဲ့အခါမှာ မြန်မာပြည်မှာဆိုရင် ဗဟိုအစိုးရက နေပြီးတော့ ပြည်နယ်နဲ့တိုင်း အစိုးရတွေ ဆီကနေ သူတို့ဆီမှာ ပြည်နယ်/တိုင်းအလိုက် ကုန်ကျ စရိတ်တွေ၊ သုံးမယ့်ငွေတွေ ဘာတွေစီမံချက်ရှိတယ်။  စီမံကိန်းတွေ ဘာတွေလုပ်မယ်၊ ဘယ်လောက်သုံးမယ်၊  ဘယ်လိုသုံးမယ် စသည့်ဟာတွေကို တောင်းရတယ်။  နောက် ဗဟိုအစိုးရမှာလည်း Sector တွေရှိတယ်။  စိုက်ပျိုးရေးက ဘယ်လောက်၊ စက်မှုကဘယ်လောက်၊  လူမှုဝန်ထမ်းက ဘယ်လောက်၊ ပညာရေး ကျန်းမာရေးက  ဘယ်လောက်စသည်ဖြင့် အဲ့ဒီ Sector တွေကနေ နောက်လာမယ့်နှစ်အတွက် တောင်းရတယ်။ အဲဒါတွေ စုပြီးပေးတော့မှ အစိုးရအဖွဲ့ တစ်ခုလုံးအတွက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနကနေ လွှတ်တော်ကို တင်ရတယ်။  ပထမဦးဆုံးတင်တာသည် ခုနကပြောတဲ့ BE ပေါ့။  ခန့်မှန်းအသုံးစရိတ်ပေါ့။ ဒါကြောင့် ရသုံးခန့်မှန်းခြေလို့ ဗမာလိုခေါ်တာ။ အဲဒါကို စက်တင်ဘာလောက်ကတည်းက တင်ရတယ်။ အဲဒီလိုတင်မှ လွှတ်တော်မှာ ဆွေးနွေးတာ တွေဘာတွေ သူ့လုပ်ငန်းစဉ်အတိုင်း သွားတာ။ နောက်  ဒီဇင်ဘာလောက်ကျတော့ ဒုတိယအကြိမ် RE ပြန်တင်ရတယ်။ နောက်တစ်ခါကျတော့ မတ်လမှာ အပြီးသတ် တင်ရတယ်။ မတ်လမှာ မပြီးလို့ မရဘူး။ မတ်လကုန်ရင်  ဧပြီရောက်မယ်။ ဧပြီရောက်ရင် ဒီပိုက်ဆံက သုံးရတော့မှာ။ မတ်လမှာ ဒီဟာမဖြတ်ရင် နောက်အစိုးရက  သုံးစရာမရှိတော့ဘူး ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ အစိုးရက ပိုက်ဆံသုံးခွင့်မရှိ။ ဒါ ဘတ်ဂျက်ရဲ့ လုပ်ငန်းစဉ်။ 

ဆိုတဲ့အခါကျတော့ လူတွေက အခုပြောတယ်။  အခုက အစိုးရအပြောင်းအလဲ ကာလကိုး။ အစိုးရ အပြောင်းအလဲကာလ ဆိုတာမှာ ဒီအစိုးရတက်မှာက  ဧပြီမှတက်မှာ ဟိုအရင်အစိုးရ အဟောင်းက ဒီဧပြီမှာ သူကနေ နောက်အစိုးရကို လွှဲပေးတဲ့အခါ နောက်အစိုးရက ပိုက်ဆံဘာနဲ့သုံးမလဲ။ သုံးဖို့အတွက်က ကြိုလုပ်ပေးရတာ။ ကြိုလုပ်ပေးရတော့ စက်တင်ဘာလောက်မှာ လုပ်ရတာ။ ခန့်မှန်းခြေပေါ့။ ဘတ်ဂျက်မှတ် အချိန်ဇယားရှိ တယ်။ ဘယ်နေ့ ဘယ်လောက်ပြီး သူ့အစီအစဉ်ကိုရှိပြီး သား။ ရမ်းလုပ်နေတာ မဟုတ်ဘူးနော်။ အဲဒီအချိန်မှာ  နောက်အစိုးရက ဘယ်သူဖြစ်မှန်း မသိသေးဘူး။ ရွေးကောက်ပွဲမှ မရောက်သေးတာ။ ဒီတော့ အရင်အစိုးရဟောင်းက လုပ်ပေးရမှာပဲ။ ဒါ ထုံးစံ။ မလုပ်ပေးလို့ကို  မဖြစ်ဘူး။ မလုပ်ပေးရင် အဲဒီကာလ ပိုက်ဆံသုံးစရာမရှိတော့ဘူး ဖြစ်မှာပေါ့။ ကောင်းပြီ မတ်လဆိုပါတော့။  ဒီအစိုးရမတိုင်ခင် ဒီအစိုးရမတက်သေးခင် မတ်လဆိုတဲ့ အခါ လွှတ်တော်က အသစ်ဖြစ်နေပြီ။ အစိုးရအဟောင်းက လုပ်တယ်။ အစိုးရအဟောင်းက လုပ်သွားတဲ့ ဒီဘတ်ဂျက်ကို နောက်ဆုံးအဆင့်တော့ ရောက်နေပြီ။ အဲဒီကာလကျတော့။ နောက်ဆုံးအဆင့် ရောက်နေတော့ ဒီလွှတ်တော် အသစ်က ဥပဒေပြုပေးရမှာ။ အဲဒီအခါမှာ တချို့ပြောသံတွေ ကြားရတယ်။ ဘာလဲဆိုတော့ လွှတ်တော်ကတော့ ဥပဒေကို သဘောတူပါတယ် ပြုပေးလိုက်ရတာပေါ့။ ဒါပေမဲ့ အရင်က သူတို့လုပ်သွားတာလေ ကျုပ်တို့က သိတာ မဟုတ်ဘူး။ ဒါမျိုးတွေပြောတာ။ ခင်ဗျားတို့လည်း  ကြားမှာ။ အဲဒါက သဘာဝမကျဘူး။ ဘာလို့လဲဆိုတော့ အရင်ကလူက ပစ်စလက်ခတ်လုပ်သွားတာ မဟုတ်ဘူး ဆိုတာ ဒီစာရင်းမှာ ပေါ်နေတယ်။ စီမံကိန်းတွေ ဘာလုပ်မယ်ဆိုတာက ရှိပြီးသား။ ဘာလို့လဲဆိုတော့ အစိုးရဝန်ကြီး တွေသာ ပြောင်းသွားတာ။ ဒီဘတ်ဂျက်ကို ဆက်လုပ်မယ့် ဝန်ထမ်းတွေက ရှိနေဆဲ။ ဒီလူတွေလုပ်ရမှာ ဒီလူတွေက သူတို့လုပ်ဖို့ရာ အစီအစဉ်ရှိထားရင် တွက်ချက်ပြီးတော့ တင်တာ ဒီလူတွေတင်တာ။ နောက်ရောက်လာတဲ့လူက ဒီလူတွေကို မေးရုံပဲရှိတာပေါ့။ အလုပ်သဘောသက်သက် ပြောတာနော်။ ဘယ်ပါတီဘာညာ နိုင်ငံရေးနဲ့ပြောတာ မဟုတ်ဘူး။ ခုဟာက ကိုယ်ကနားမလည်ဘဲ  အရင်လူ လုပ်သွားလို့ ကျုပ်တို့မလုပ်တတ်ဘူး၊ အရင်လူလုပ်သွား လို့ ကျုပ်တို့မသိဘူးဆိုတဲ့ပုံစံ။ ဒီလိုလုပ်လို့မရဘူးလေ။ 

Voice - ဒီလိုဖြစ်ရပ်မျိုးက အစိုးရပြောင်းတဲ့ ငါးနှစ်တစ်ကြိမ်တော့ ဖြစ်နေမှာပဲပေါ့။

USMM - ငါးနှစ်တစ်ကြိမ်မှာတော့ ဖြစ်မှာပဲ။  နောက်တက်လာမယ့် အစိုးရအတွက်လည်း ဒီအစိုးရက  နောက်ဆုံးဘတ်ဂျက်ကို လုပ်ပေးရမှာပဲ။ ဆိုကြပါစို့  ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း ပထမ ဦးဆုံးဘတ်ဂျက်ကို နဝတက လုပ်သွားတာကြီး သူလုပ်ရတာ။ ဒါကထုံးစံပဲ။ လုပ်မပေးရင် ဦးသိန်းစိန် လက်ထက်ကျတော့ သုံးစရာမရှိတော့ဘူးလေ ပိုက်ဆံက။ ဒါကြောင့်မို့ ဘတ်ဂျက်ကို အရင်အစိုးရက လုပ်သွားတဲ့အတွက်  အခုကျုပ်တို့က သုံးစရာပိုက်ဆံမရှိဘူးလို့ ပြောတာ သဘာဝမကျဘူး။ နံပါတ်တစ် လက်လွတ်စပယ်ပြောတာ ဖြစ်မယ်။ နံပတ်နှစ်က သူနားမလည်ဘူး ဘတ်ဂျက် ဆိုတာ။ တည့်တည့်ပြောရလို့ရှိရင် နားမလည်ဘဲနဲ့  ပြောတာ။ ဒီကြားထဲက သာမန်ပြည်သူတွေကပြောရင်  အရေးမကြီးပါဘူး။ ဘယ်သူပြောပြော အရေးမကြီးပါဘူး။ ဒါကတော့ နိုင်ငံရေးအရ ပြောတာပေါ့။ တာဝန်ရှိတဲ့လူက  ဒီလိုမပြောသင့်ဘူး။ အဲဒီလို ပြောနေတာတွေဟာ အခြေခံ  သဘောတရားအရ လွဲတယ်။ ဘတ်ဂျက်နဲ့ပတ်သက်ရင် အဲဒီလိုပြောခြင်းဟာ လွဲနေတယ်။

နောက်တစ်ချက်က ဘတ်ဂျက်လိုငွေရှိနေတယ်လို့  ပြောတယ်။ လိုငွေရှိနေတယ်ဆိုတာ ကြာလှပြီ။ ဟိုးအရင် အစိုးရလက်ထက် ကတည်းက။ အခုနောက်ဆုံး ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဘာလဲဆိုရင် မြန်မာပြည်ဟာ  စီးပွားရေးတိုးတက်နေတယ်။ ၈ ရာခိုင်နှုန်း တိုးတယ်တဲ့။ အမှန်က စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်း တိုးတယ်ဆိုတဲ့နိုင်ငံဟာ တော်တော်မြင့်တဲ့နိုင်ငံထဲမှာ ပါတယ်နော်။  စီးပွားရေးတိုးတက်တဲ့နှုန်း တွက်ကြရင် တချို့နိုင်ငံ ဒီလောက်တောင် မရှိဘူးလေ။ ဟာ ဒို့နိုင်ငံ သူများတွေ နိုင်ငံထက် စီးပွားရေးတိုးတက်မှုမြင့်တာပဲ ဒီတုန်းက ပြောတယ်။ တစ်ဖက်က ပြန်ကြည့်တဲ့အခါ ငွေကြေး ဖောင်းပွမှုက ၁၂ ရာခိုင်နှုန်း ရှိနေတယ်။ အဲဒီ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာထဲမှာ ပါတယ်။ ငွေကြေးဖောင်းပွ မှုက ၁၂ ရာခိုင်နှုန်း၊ စီးပွားရေးတိုးတက်မှုက ၈ ရာခိုင်နှုန်း ဆိုတော့ ဘယ်နည်းနဲ့မဆို ဘတ်ဂျက်လိုငွေ ဖြစ်မှာပဲ။  ဘတ်ဂျက်လိုငွေ ဖြစ်မယ်ဆိုတာကြီးက ကြိုပြီးတော့ တွက်ထားပြီးသား ဖြစ်ရမယ်။ ဒါကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာပေါ့။ အရင်အစိုးရ အရင်လွှတ်တော်ထဲမှာ ဆိုရင်လည်း ဒါအများကြီးပြောခဲ့တာ။ ဘတ်ဂျက်လိုငွေက ဒီတစ်နှစ်ထဲ ဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက ဖြစ်လာတာ။ ဘတ်ဂျက်လိုငွေ ပြလာနေတယ်နော် အမြဲတမ်းတောက်လျှောက် လိုငွေပြနေတယ်။  ဒါဟာ မကောင်းဘူး။ စီးပွားရေးမူဝါဒတွေ ပြောင်းဖို့လိုတယ်။ လွှတ်တော်ထဲမှာ အများကြီးပြောခဲ့ကြပါတယ်။  အရင်လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေ မပြောခဲ့တာမဟုတ်ဘူး။ ပြောတယ်။ အမှန်က အခုလွှတ်တော် အမတ်တွေ အဲဒီအကြောင်း ဘယ်သူမှကို မပြောသေးတာ။

ဘတ်ဂျက်လိုငွေပြနေတယ် ပြဖို့အလားအလာလည်း ရှိနေတယ် ဒါတွေ ဘယ်လိုကုစားမလဲဆိုတာ  အစိုးရကပဲ လုပ်ရမှာ။ အစိုးရကိုပြောတာနော်။ USDP  ကို ပြောတာလည်းမဟုတ်ဘူး၊ NLD ကို ပြောတာလည်း  မဟုတ်ဘူး။ ကျွန်တော်တို့က အစိုးရကိုပြောတာ။  ဘယ်သူပဲ အစိုးရတက်လုပ်လုပ် ဒီအစိုးရကလုပ်ရမှာ။  ဘတ်ဂျက်လိုငွေ ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိထားပြီး သား။ ဘယ်လိုကုစားမယ် ဆိုတာ။ အဲဒါ စီးပွားရေးမူဝါဒပဲ။ စီးပွားရေးမူဝါဒမှာ အဲဒီဘတ်ဂျက်လိုငွေပြမှုကို လျော့သွားအောင်၊ လိုငွေပြမှုက ကြီးလာတယ်ဆိုရင် လျော့သွားအောင်။ ဒါမှမဟုတ်ရင် ဟန်ချက်ညီဘတ်ဂျက် ဖြစ်အောင် လုပ်မယ်။ မဖြစ်နိုင်သေးဘူး ဆိုရင်လည်း ရှိနေတဲ့  အဟကို ကျဉ်းသွားအောင် ဘယ်လိုလုပ်မလဲဆိုတာ  ဒါစီးပွားရေးမူဝါဒပဲ။ အစိုးရသည် ဒါကိုကြိုပြီးတော့  တွက်ထားရမှာ မြင်ထားရမယ်။ ပေါ်လစီတွေ ပြင်ဆင်ထားရမယ်။ အဲဒါတွေ လုပ်ထားတယ် မလုပ်ထားဘူး ဆိုတာ ဒါ သူ့တာဝန်ပဲ။ အစိုးရရဲ့တာဝန်ပဲ။ နောက်တစ်ချက်က ဘာလဲဆိုတော့ အစိုးရက ဘတ်ဂျက်မလောက်ဘူး ဆိုတာ။ ဟုတ်တယ်။ ဘတ်ဂျက်မလောက်နိုင်ဘူး ဆိုတာ  ကျွန်တော်တို့လည်း သိတယ်။ ဒါပေမဲ့ ဘယ်လောက်  မလောက်တာလဲ၊ ဘယ်လောက်လိုတာလဲ ဆိုတာ ကျွန်တော်တို့မသိဘူး၊ သူတို့လည်း မကြေညာဘူး။ ဒါကြောင့်မို့  သေချာတာလေး တစ်ခုပြောမယ်။ ဒီဘတ်ဂျက်ကို ဆွဲပေးတာ အရင်အစိုးရက ဆွဲပေးတာ။ အရင်အစိုးရ ဆွဲပေးတဲ့ဟာက အရင်ကရှိခဲ့တဲ့ အစိုးရရဲ့ယန္တရားကြီး တစ်ခုလုံးပေါ်ကို အခြေခံပြီး လုပ်သွားတာ။ လုပ်သွားတဲ့ အခါမှာ အစိုးရသစ်တက်လာတော့ သမ္မတကြီးဦးထင်ကျော်က ဘာစပြောလဲဆိုရင် အစိုးရအဖွဲ့ကို ကျစ်ကျစ်လျစ်လျစ် ဖွဲ့မယ်၊ အရွယ်အစားလျှော့ချမယ်။ လျှော့ချလိုက်ရင်  သန်းသုံးထောင်ကျော်လောက်လား သက်သာသွားမယ် ဆိုပြီး ပြောဖူးသေးတယ်။ အရင်က ဘတ်ဂျက်လိုငွေ ပြနေတဲ့အထဲက ဒီသန်းသုံးထောင်လောက် ပိုထွက်လာ ဖို့မရှိဘူး။ သမ္မတအပြောအရ ကျွန်တော်တို့ပြောတာနော်။  တကယ်အတိအကျ ကိန်းဂဏန်း ကျွန်တော်လည်း  မသိပါဘူး။ အဲဒီပြောဆိုချက်အရဆိုရင် သန်းသုံးထောင် လောက်က ပိုသက်သာဖို့သာ ရှိတာပေါ့။ ဘတ်ဂျက်လိုငွေ ပြမယ်ဆိုတာ လူတိုင်းသိပြီးသား။ ဘတ်ဂျက်လိုငွေပြတာ  အရင်လူကြောင့် အရင်လူကြောင့် ဒီလိုချည်းပြောလို့  မရဘူးလေ။ အရင်လူလက်ထက်ကလည်း ဘတ်ဂျက်က  လိုခဲ့တာပဲ။ သူတို့လုပ်ခဲ့တဲ့ဟာတွေ လုပ်ငန်းတွေကို  ငါတို့ကပြင်မယ်။ ဒီလိုသွားရမှာ။ ငါ့လက်ထက်ရောက်ရင်  ဒါတွေပြင်မယ်၊ ဒီလိုငွေပြတာတွေ လျော့သွားအောင် ဘယ်လိုပြင်မလဲ။ ဒါ အစိုးရတိုင်းရဲ့ကိစ္စလေ။ 

Voice - အစိုးရသစ်တက်လာတဲ့အခါ အစိုးရသစ် လက်ထက်မှာ အရေးပေါ် လုပ်ရမယ့်ဟာမျိုးတွေ ရှိလာပြီ။ အရင်အစိုးရကတော့ မတင်သွားဘူး။ ဒါပေမဲ့   ဒီအစိုးရလက်ထက်မှာ မဖြစ်မနေ အမြန်ဆုံးလုပ်ရတော့မယ် ဆိုရင် ဘယ်ကနေဘတ်ဂျက်ကို တင်တောင်းမလဲ  ဘယ်လိုပုံစံမျိုးနဲ့ သွားရမလဲခင်ဗျာ။

USMM - ဘတ်ဂျက်ထဲမှာကိုက ဒါနှစ်တိုင်း အခုမှမဟုတ်ဘူး။ ဟို ၁၉၅၂ ခုနှစ်ကတည်းက ဥပဒေရှိတယ်။  အရေးပေါ်ရန်ပုံငွေ ဆိုတဲ့ဟာ။ အဲဒီအရေးပေါ်ရန်ပုံငွေဟာ  ခုထက်ထိရှိနေတုန်း။ ဦးသိန်းစိန်လက်ထက်က အရေးပေါ် ရန်ပုံငွေသုံးစွဲမှုနဲ့ ပတ်သက်လို့ ပုံစံမကျလို့ ဦးသိန်းစိန် အစိုးရကို အများကြီး ဝေဖန်ခဲ့တာတွေရှိတယ်။ အဲဒါ  အစိုးရတိုင်းမှာ အရေးပေါ်ရန်ပုံငွေဆိုတာ ရှိတယ်။ ပမာဏကတော့ ပြောင်းသွားတာပေါ့။ ၅၁ ခုနှစ်က အခြေအနေနဲ့ အခုနဲ့ မတူတော့ဘူး။ အရေးပေါ်ရန်ပုံငွေရဲ့ သဘောက အရေးပေါ်ဆိုကတည်းက မမျှော်မှန်းတဲ့  ကိစ္စတွေ။ အထူးသဖြင့် လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့  ပြန်လည်နေရာချထားရေး၊ ရေဘေးမီးဘေး ငလျင်ဘေး  စသည်ဖြင့် မမျှော်မှန်းတဲ့ ဒုက္ခတွေရောက်တဲ့အခါ သုံးဖို့။ သုံးတဲ့အခါမှာ သုံးခွင့်အာဏာကို သမ္မတကို ပေးထား တာ။ သမ္မတက ဟေ့ အရေးပေါ်ပဲ။ အဲဒီအထဲက ဘယ်လောက်သုံး ဘယ်သူသုံး တစ်ခါတည်း အမိန့်ပေးရတာ။ သူ့အတွက် သုံးပိုင်ခွင့်ပေးထားတဲ့ ပမာဏ။ အဲဒါ သမ္မတကိုပေးထားတဲ့ အာဏာ။ ဒါပေမဲ့ သမ္မတသည်  အဲဒါတွေအတွက်ပဲ သုံးရမယ်။ တစ်ခြားဟာအတွက်  မသုံးရဘူး။ ဥပဒေထဲမှာ ပါတာကိုပြောတာ။ အဲဒီဟာ သုံးဖို့ရာအတွက် သမ္မတကလွှတ်တော်ကို ခွင့်ပြုပါလို့  တောင်းဆိုစရာမလိုဘူး ဥပဒေအရ။ သို့သော် သုံးပြီးပြီ ဆိုရင် ဒီအရေးပေါ်ရန်ပုံငွေထဲက ဘယ်လောက်သုံးပါတယ်၊ ဘယ်နေရာမှာသုံးပါတယ်၊ ဘယ်လိုသုံးပါတယ်  စတာတွေကို လွှတ်တော်ကို သမ္မတက တင်ရတယ်။  လွှတ်တော်က သဘောတူသည်၊ လက်ခံသည်လို့ ဆိုလိုက် တာနဲ့ တစ်ပြိုင်နက် အဲ့ဒီငွေကို ဒီထဲပြန်ဖြည့်ပေးရတယ်။  ဆိုကြပါစို့။ သန်းသုံးထောင်ဆို သုံးထောင်ပြည့်နေရတယ်။ အဲဒါ သမ္မတကို ဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားတာ အရေးပေါ်ကိစ္စအတွက် သုံးဖို့။  ကျွန်တော်တို့ စာရင်းသဘောအရတော့ သာမန်အသုံးစရိတ်တို့ ငွေလုံးငွေရင်း အသုံးစရိတ်တို့ ဒီလိုမခွဲနေတော့ဘူး။ ဒါကြောင့်မို့ အရေးပေါ်ဆိုပေသည့် သာမန်အသုံး စရိတ် ခေါင်းစဉ်ထဲမှာ အကြုံးဝင်တယ်။ ဥပမာ- အဆောက်အအုံကြီးတွေ အသစ်ဆောက်တာတို့၊ တံတားဖြစ်ဖြစ် ဘာဖြစ်ဖြစ် တိုင်းပြည်အတွက် လုပ်တာပဲဗျာဆိုပြီး အရေးပေါ်ရန်ပုံငွေ သုံးခွင့်မရှိဘူး။ အဲဒီ ပြီးခဲ့တဲ့အစိုးရ တုန်းက ဝေဖန်ခံရတာ အဲဒါ။ သူက တစ်ခုခုလုပ်ချင်တယ် ဘတ်ဂျက်ကိုတင်တုန်းက စီမံကိန်းထဲမှာမပါဘူး အခု ကျမှ လုပ်ချင်တဲ့အခါ အရေးပေါ်ရန်ပုံငွေထဲက ထုတ်သုံး ဆိုပြီးတော့ ထုတ်သုံးလိုက်တာ။ ဆိုကြပါစို့ အဲဒီအထဲမှာ  အာဆီယံဂိမ်းတုန်းက သုံးတာတွေပါတယ်။ နောက်ပြီး သမ္မတရဲ့ ဗိုလ်ရှုခံကြီး ဆောက်တာတွေပါတယ်။ အများကြီး လွှတ်တော်ထဲမှာ ဝေဖန်ကြတာ။ ဒါတွေမလုပ်သင့်ဘဲ  လုပ်တယ်ဆိုပြီး။ ဒါပေမဲ့ လုပ်ပြီးနေပြီ။ လုပ်ပြီးနေတော့  ဘယ်ကပိုက်ဆံနဲ့ လုပ်တာတုန်းလို့ လွှတ်တော်က  မေးတော့။ ဘာလို့ လွှတ်တော်က မေးတုန်းဆို ဘတ်ဂျက် ခွင့်ပြုတဲ့အထဲမှာမှ မပါတာ။ အဲဒီတော့ ဟိုဘက်က ပြန်ဖြေတာ သမ္မတအရေးပေါ် ရန်ပုံငွေထဲက သုံးတယ်လို့  ဖြေတယ်။ ဆိုတဲ့အခါ သမ္မတအရေးပေါ်ရန်ပုံငွေဟာ  ဒါတွေသုံးဖို့ မဟုတ်ဘူးဆိုပြီး ပြန်ထောက်တယ်။  ဒါကြောင့် အရေးပေါ်ရန်ပုံငွေဆိုပြီး သမ္မတသုံးပိုင်ခွင့် ပေးထားတဲ့ဟာရှိတယ်။ ဥပဒေအရကို ရှိတယ်။ ဒါကြောင့် အရေးပေါ်ကိစ္စတွေ ဆောင်ရွက်ဖို့ရာအတွက် ဘတ်ဂျက်မရှိပါဘူးလို့ ပြောလို့ကို ဒါသဘာဝမကျဘူး။ ပြောစရာကို  မဟုတ်ဘူး။ ဒါပေမဲ့လို့ ဥပဒေအရ သတ်မှတ်ပေးထားတာ  မဟုတ်ဘဲ တခြားဟာတွေ သွားမသုံးရဘူး ဒါပဲ။ အရင် အစိုးရတုန်းက သုံးခဲ့တယ်။ အခုအစိုးရကျ ဘာမှ မသုံးဘူး။ မသုံးဘဲနဲ့ ပိုက်ဆံမရှိဘူးလို့ ပြောတယ်။ ဒါရှင်း အောင်ပြောရင် အရင်အစိုးရက အဲဒီလိုလုပ်တယ်။  အခု အစိုးရက ဒီလိုလုပ်တယ်။ ကျွန်တော်တို့ ပြည်သူတစ်ယောက်  အနေနဲ့ မြင်ကြည့်ရမယ်ဆိုရင်  နှစ်ခုလုံးက လွဲနေတယ်။ 

Voice - အခု ကမ္ဘာ့ဘဏ်က ဒေါ်လာသန်းတစ်ရာချေးဖို့ အစိုးရက ပြင်နေတယ်။ အဲဒီအထဲကမှ သန်းခြောက်ဆယ်ကို ဝန်ထမ်းလစာပေးဖို့အတွက် သုံးမယ်ပြောတယ်။ ဘတ်ဂျက်လိုငွေများနေလို့ ဒီလို ချေးသုံးရတဲ့ ပုံစံလို့လည်း သမ္မတရုံးက ပြောထားတယ်ဆရာ။ 

USMM - ကမ္ဘာ့ဘဏ်က သန်းခြောက်ဆယ် ချေးမယ့်ကိစ္စ။ ဘတ်ဂျက်က လိုငွေပြနေတယ်။ လိုငွေကို ဖြည့်ဆည်းဖို့ရာ အတွက် ငွေချေးတာတွေရှိနိုင်တယ်၊ အခွန်ပိုကောက်တာတွေ ရှိနိုင်တယ်။ Loans တွေ Grants တွေ ရှိနိုင်တယ်။ ဒါတွေ ယူလို့ရတယ် ယူပါ့မယ်ဆိုတာ လွှတ်တော်ကို တင်ရတယ်။ လွှတ်တော်က သဘောတူရင် ရတယ်။  တစ်ခုစီတစ်ခုစီက သူ့စည်းကမ်းနဲ့သူပေါ့ မတူဘူး။  ဘာပဲပြောပြော လွှတ်တော်ကသဘောတူရင် လုပ်လို့ရတယ်။ လိုနေတဲ့ငွေပေါ့ဗျာ ဘတ်ဂျက်က လိုတဲ့ဟာကိုတော့ ချေးငွေနဲ့သုံးရမှာပဲ။ ဒါလည်း ကျွန်တော်တို့  သဘောပေါက်တယ်။ ဒါလည်းလုပ်ရမှာပဲ။ ဒါပေမဲ့  အခုက ဘာဖြစ်လဲဆို အကြောင်းပြတဲ့အခါမှာ အချက် ငါးချက်ပေးထားတယ်။ ဒေါ်လာသန်းတစ်ရာ ချေးမယ့်ဟာကို ၇၅ ရာခိုင်နှုန်းက ဘဏ္ဍာရေးက၊ ၂၅ ရာခိုင်နှုန်းက  ဗဟိုဘဏ်က။ ဗဟိုဘဏ်က လုပ်မယ့်ဟာက လေးခု။  နိုင်ငံခြားငွေနဲ့လုပ်မှ ဖြစ်မယ့်ဟာမျိုးတွေ တွေ့ရတယ်။ ဥပမာ - သင်တန်းကျောင်းတွေတို့၊ ဘဏ်ကိုအဆင့်မြှင့်မှာတို့၊ သင်တန်းတွေ ပို့ချဖို့ဆိုတဲ့ဟာတွေက အဲဒါက  သဘာဝကျတယ်။ ဗဟိုဘဏ်က နေပြီးတော့ သူ ဘာလုပ်ပါ့မယ်လို့ ပြောပြီးတော့လုပ်တဲ့ဟာ သိပ်ပြောစရာမရှိ ဘူး။ ဒါပေမဲ့လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောတဲ့  နယ်ပယ်လေးခုမှာ သုံးမယ်ဆိုတဲ့ဟာမှာ နယ်ပယ်သုံးခု ကတော့ထားတော့။ ဒီဟာ နည်းနည်းအဓိပ္ပာယ် ရှိတယ်။ ဝန်ထမ်းလစာစရိတ် ချီးမြှင့်ငွေအပါအဝင် ဘတ်ဂျက် ထောက်ပံ့မှုအတွက်တဲ့ ဒါတစ်ခု။ နောက်တစ်ခုက  အသေးစားငွေကြေး လုပ်ငန်းကဏ္ဍတဲ့။ နောက်တစ်ခုက ဝန်ကြီးဌာနဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးတဲ့။  ဒီသုံးခုက သူ့ရဲ့ အသုံးစရိတ်အနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ဒါက သာမန်အသုံးစရိတ်တွေထဲမှာ ဝင်တယ်။ သာမန် အသုံးစရိတ်ဆိုရင် အသုံးစရိတ်က ဘတ်ဂျက်ထဲမှာ  ပါရမယ်။ အထူးသဖြင့် ဒီထဲမှာ ပြောစရာရှိတာ ဝန်ထမ်းလစာ၊ ချီးမြှင့်ငွေ၊ ပင်စင်၊ စရိတ် စတာတွေက ဘတ်ဂျက်ကို တင်ကတည်းက ပါပြီးသား။ အဲဒီ ဘတ်ဂျက်ခေါင်းစဉ်ထဲပဲ သွားရမယ်။ ဒီချေးတဲ့ ချေးငွေဆိုတာက ဒီလိုဒီလို  ဒီဟာတွေအတွက် သုံးပါမယ်လို့ ပြောစရာမလိုဘူး။ သူက ဘာပဲပြောရမှာလဲဆိုရင် ဘတ်ဂျက်ကို ဖော်ပြတဲ့အခါမှာ အရကဘယ်လောက်၊ အသုံးကဘယ်လောက်  လိုငွေကဘယ်လောက်ရှိနေပြီလဲ။ ရှိတဲ့အခါ ဖြည့်မယ်။  ဖြည့်တဲ့အခါ ကမ္ဘာ့ဘဏ်က ဘယ်လောက်ချေးမယ်။  ဒါပဲပြောလိုက်ရင် လုံလောက်တယ်။ 
ဝန်ထမ်းလစာဆို တာက စကတည်းက ဘတ်ဂျက်ရေးဆွဲတဲ့အထဲမှာကို  ပါပြီးသား။ လွှတ်တော်ကို ဘတ်ဂျက်တင်တဲ့အခါမှာ  လွှတ်တော်ကနေပြီးတော့ ဘတ်ဂျက်ဖြတ်လို့ မလောက်လို့ပြောတယ်။ ဒါပေမဲ့ လွှတ်တော်က ဘတ်ဂျက်ဖြတ် ခွင့်ရှိတဲ့ဟာကသတ်သတ် ဖြတ်ခွင့်မရှိတာက သတ်သတ်။ ဒီဝန်ထမ်းလစာဆိုတာ လွှတ်တော်က ဖြတ်လို့ကို မရဘူး။ ထိကို ထိလို့မရဘူး။ နောက်ပြီးတော့ အကြွေးတွေ  ဆပ်ရမယ့်အချိန်ကျရင် အကြွေးတွေဆပ်ရမှာ ဖြတ်လို့မရဘူး။ ချေးထားတဲ့ ချေးငွေတွေ ပေးရမယ့်အတိုး  ဖြတ်လို့မရဘူး။ နောက်ပြီး ချေးငွေအတွက်ကို ဝန်ဆောင်ခ ဘာညာရှိတယ်။ အဲဒါတွေ ဖြတ်လို့မရဘူး။ အဲဒီဟာ  သူ့ခေါင်းစဉ်နဲ့သူ လွှတ်တော်ကို ဘတ်ဂျက်တင်တဲ့အခါ  အဲ့ဒါတွေ တင်လိုက်ရတယ်။ လွှတ်တော်က အဲဒါတွေ  ထိကိုမထိရဘူး။ လွှတ်တော်က ဘာကိုထိလဲဆိုရင် ဥပမာ - စီမံကိန်းပဲ ဆိုကြပါစို့။ အဲဒီစီမံကိန်းတွေ  လုပ်သင့် မလုပ်သင့်ဆိုတာ လွှတ်တော်က စစ်မယ်။  လုပ်သင့်တယ်ဆိုရင်တောင် ကုန်ကျစရိတ်က ဖြစ်သင့်လား မဖြစ်သင့်လား ကြည့်မယ်။ သုံးတဲ့အခါမှာ သုံးပုံသုံးနည်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီလား  မကိုက်ညီလားကြည့်မယ်။ လွှတ်တော်က ဒါကြည့်တာ။ မကိုက်ညီရင် ဖြတ်တာ လွှတ်တော်ရဲ့ အလုပ်က။ ဒါကြောင့် ဘတ်ဂျက်ကို ဖြတ်တယ်ဆိုတာ အလကားမျက်စိမှိတ်  ဖြတ်တာမဟုတ်ဘူး။ အဲဒီတော့ ဘတ်ဂျက်ထဲမှာ ဝန်ထမ်း လစာတွေ စရိတ်တွေမပါလို့ ငွေချေးပြီးတော့ ပေးရတယ်ဆိုတာ ဒါကြီးက လူကြားလို့တောင် မကောင်းဘူး။  ဘတ်ဂျက်ထဲမှာ ပါကိုပါပြီးသား ဖြစ်ရမယ်။ နောက်တစ်ခုက ဝန်ထမ်းတွေ အသစ်ခန့်မှာတွေလား။ အဲ့လိုလည်း  မပြောထားဘူး။ ဘတ်ဂျက်ကို အထောက်အပံ့လုပ်တယ် ဆိုတာလုပ်တာ ငွေချေးပြီး ထည့်ရသလား။ သာမန် အသုံးစရိတ်အတွက် ငွေချေးပြီး ထည့်ရသလား။ သဘောက ဘတ်ဂျက်ကို Concept ကို ကောက်ယူပုံက တစ်မျိုးကြီးဖြစ်နိုင်တယ်။ နောက်တစ်ချက် ဘတ်ဂျက်ခွဲဝေမှုမှာ သိပ်ပြီးတော့ သဘာဝမကျတဲ့ ခွဲဝေမှုတွေ ပါနေတယ်။  နောက်တစ်ခုက ဆိုကြပါစို့ ကျွန်တော်စဉ်းစားကြည့်တာပါ။ ဒီဝန်ထမ်းတွေက အခုမှ အသစ်ခန့်မှာတွေ ဆိုရင်  အဲဒီလောက်ဝန်ထမ်းအတွက် သန်းခြောက်ဆယ်တောင်မှဆိုတော့ အဲဒီလောက် ဝန်ထမ်းအသစ်ခန့်မှာလား။  အဲဒီလိုဆို စောစောက သမ္မတကြီးပြောထားတဲ့ အစိုးရအရွယ်အစား လျှော့လိုက်တဲ့အတွက် ပိုလာတဲ့ငွေတွေရော။ ဒါတွေက ဝန်ထမ်းခေါင်းစဉ်နဲ့ ဆက်သုံးလို့ ရနေတာပဲ။ ဒါ ခွဲဝေမှုပြဿနာ။ ကျွန်တော်တို့ကတော့ ကြေညာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကြည့်ရတာပေါ့။ အသေးစိတ်တော့ မသိဘူးပေါ့။ 

Voice - ဒါဆို ဝန်ထမ်းလစာ မလောက်ဘူးလို့ ပြောလို့ မရဘူး။ ပြီးခဲ့တဲ့နှစ် ဘတ်ဂျက်ထဲမှာ ဒီဝန်ထမ်းအတွက်ကို ထည့်ထားပြီးသားပေါ့။ 

USMM - အဲဒါပြောတာ။ ဒီလိုဆို ဝန်ထမ်းအသစ် ခန့်ချင်လို့ရှိရင်လည်း သတ်သတ် ဝန်ထမ်းခန့်ဖို့ရာအတွက် အစီအစဉ်ကို အရင်တင်ရမယ်။ ဘယ်ဌာနဖွဲ့မယ်၊ ဘယ်လို အရည်အချင်းရှိသူ ဘယ်နှယောက်နဲ့ဖွဲ့မယ်၊ လစာ ဘယ်လောက်ကျမယ် ဝန်ထမ်းတိုးချဲ့ ဖွဲ့စည်းခွင့်ပြုပါ ဆိုတာ အရင်တင်ရမယ်။ တင်ပြီးတော့ လွှတ်တော်ကနေ  သဘောတူတယ်ဆိုတဲ့အခါ အဲဒီအတွက် လစာ ဘယ်လိုသုံးမယ် ပါရမယ်။ 

Voice - အခု လေ့လာသလောက် လူတွေရဲ့ ဝယ်လို အားကျလာတယ်။ လုပ်ငန်းတွေကလည်း ထုတ်လုပ်မှု လိုက်ကျတယ်။ ရပ်ကွက်ဈေးတွေထဲမှာဆိုလည်း ဈေးတွေတက်တဲ့အသံ ကြားရတယ်။ ဈေးသည်တွေဘက် ကျတော့လည်း ကုန်လျှော့ဝယ်တာတောင် ရောင်းမကုန်ဘူးဆိုပြီး ပြောတယ်။ ဆိုက်ကားသမားလည်း ဝင်ငွေကျတယ်ဆိုတဲ့ အသံကြားရတယ်။ ကုန်ဈေးနှုန်းတက်၊ ထုတ်ကုန်ကျ၊ ဝင်ငွေကျနဲ့ ဒါကြီးက ရေရှည်ဆိုရင် အန္တရာယ်ရှိလာမလား။

USMM - ဒါက ဘတ်ဂျက်လိုငွေပြမှုနဲ့ နောက်ဆက် တွဲအကျိုးဆက်ရလဒ်တွေ။ လိုငွေပြတဲ့အတွက် လုပ်ငန်းတွေ မတိုးချဲ့နိုင်ဘူး။ အလုပ်လက်မဲ့တွေ ပိုများလာတယ်။ ဝင်ငွေတိုးအောင် ဘာလုပ်မလဲဆို အလုပ်အကိုင်တွေ  ဖန်တီးဖို့လိုတယ်။ ဘယ်သူက ဖန်တီးနိုင်တာလဲဆို အစိုးရနဲ့ ပုဂ္ဂလိက။ အစိုးရကဏ္ဍက ဘာလုပ်ပေးနိုင်တယ်  ပုဂ္ဂလိကကဏ္ဍက ဘာလုပ်ပေးနိုင်တယ် ဒါကိုစဉ်းစားပြီးတော့ လုပ်ငန်းတွေဖော်ရမှာ။ အဲဒီတော့မှ ဝင်ငွေတိုးလာပြီး ဝယ်လိုအားတက်မှာ။ ဝင်ငွေမရှိရင် ဝယ်မစားဘူး။  ဝယ်မစားရင် တောက်လျှောက်ဒီသံသရာကြီးက သွားမှာ။ ဒါက တစ်ခါ ငွေကြေးဖောင်းပွမှု ပြန်ဖြစ်သွားမှာ။ အဆိုးကြော့သံသရာ ပြန်သွားတာ။ အစိုးရတစ်ရပ် အနေနဲ့ စီးပွားရေးမူဝါဒချတဲ့အခါ ဒါကြီးဖြစ်နေတယ်၊ ဒါကိုဘယ်လို ကျော်လွှားမလဲ ဆိုတဲ့ဟာမျိုးကို စနစ်တကျ  စဉ်းစားထားတဲ့ မူဝါဒ ထွက်လာစေချင်တယ်။ အခုက  ကြေညာတဲ့အထဲမှာ အဲဒီလိုမပါဘူး။ ယေဘုယျသက်သက်  ဖြစ်နေတော့ လူတိုင်းပါးစပ်ကပြောတာကိုပဲ လိုက်ပြောနေတဲ့ သဘော ဖြစ်နေတယ်။ အထူးအဆန်းမဟုတ်ဘူး။  နောက်တစ်ခု ကျွန်တော်စိတ်မကောင်းတာ ရှိတယ်။  ဒါက ခိုင်ခိုင်လုံလုံ ကြားထားတဲ့ကိစ္စ။ ခင်ဗျားတို့လည်း  ကြားမှာပဲ။ ဒီအစိုးရထဲမှာ နိုင်ငံခြားသားပညာရှင်တွေ အကြံပေးတွေရှိတယ် ဆိုပြီးတော့ ပြောတာ။ အထူးသဖြင့် စီးပွားရေးပညာတတ်တဲ့ လူတွေ။ သူတို့ပြောတဲ့  နာမည်တွေက ကြားဖူးတဲ့ စီးပွားရေးပညာရှင်တွေတောင် ပါတယ်။ အဲဒီလူတွေ ပညာရှင်ကြီးတွေ အကြံပေးနေတဲ့ ကြားထဲက ဒီလိုဥပဒေ၊ ဒီလိုမူဝါဒမျိုး ထွက်လာရသလား။  ကျွန်တော် ပြန်စဉ်းစားတာပေါ့နော်။ ဒီပညာရှင်တွေက  ပေးတဲ့အကြံအတိုင်း လုပ်ခဲ့တာဆိုလည်း ပညာရှင်တွေရဲ့ အကြံကို တော်တော်သံသယဖြစ်စရာ ကောင်းနေပြီ။ နောက်တစ်ခုက နိုင်ငံခြားသားတွေဖြစ်ခြင်းကြောင့် အဲဒီ နေရာတွေမှာ လစာတွေ အများကြီးပေးရမှာ။ လစာတွေ  အများကြီးပေးတယ်ဆို အဲဒီလစာတွေ ဘယ်ကပေးတုန်း။ ကျွန်တော်တို့ မသိဘူး။ ဘတ်ဂျက်ထဲမှာ မပါသလို တရားဝင်နိုင်ငံခြားသား ခန့်အပ်ခြင်းလည်းမပါဘူး။ ဒါဖြင့်ရင် အဖွဲ့အစည်းတစ်ခုက ထောက်ပံ့ပါတယ် ဆိုရင်လည်း ကျွန်တော်တို့မသိရဘူး။ အဲဒီလိုဆိုရင်  တစ်လျှောက်လုံးပြောနေတဲ့ ပွင့်လင်းမြင်သာမှုဆိုတာ ကြီးက မေးခွန်းထုတ်စရာ ဖြစ်မနေဘူးလား။ ပွင့်လင်း မြင်သာမှု တစ်လျှောက်လုံး ပြောနေပြီးတော့ ဒီဟာကျတော့ ဘာလို့ ပွင့်လင်းမြင်သာမှု မဟုတ်လဲ။ နိုင်ငံခြားသားတွေခန့်တာကို ကျွန်တော် ဆန့်ကျင်တာမဟုတ်ဘူးနော်။ သူတို့က ဒီလောက်ပဲ နားလည်တဲ့ပညာရှင်ဆိုရင်တော့ ဒါဟာ သိပ်သဘာဝမကျဘူး။ ခန့်မယ်ဆိုလည်း တကယ်နားလည်တဲ့လူဆို ခန့်ပါ။ ကျွန်တော့်အမြင်အရဆို ဒီစီးပွားရေးမူဝါဒမျိုး အင်မတန်အခြေခံကျတာလောက်မျိုး ကတော့ မြန်မာပြည်မှာ လူတော်တွေအများ ကြီးရှိပါတယ်။ ပညာရှင်တွေ အများကြီးရှိပါတယ်။  အဲဒီလူတွေသုံးရင်လည်း ဖြစ်ပါတယ်။ ဘာလို့ အဲဒီလူတွေကို မသုံးတာတုန်း။ ဒါလည်း မေးစရာဖြစ်လာတယ်။  ဗဟိုဘဏ်ကို သီးခြားအဖွဲ့အစည်း၊ လွတ်လပ်တဲ့အဖွဲ့အစည်း အနေနဲ့ ဥပဒေကြောင်းအရ ဖွဲ့ပြီးပြီ။ ဒါပေမဲ့  ဗဟိုဘဏ်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအနေနဲ့ ရပ်တည်နိုင်ခြေ မရှိသေးဘူး။ သူ့ဟာသူ ဘတ်ဂျက်နဲ့ပဲ သွားနေတုန်းရှိသေးတယ်။  ဒါကြီးက သိပ်ပြီး သဘာဝ မကျဘူး။ အတွင်းကျကျ ဘာတွေညာတွေ ကျွန်တော်လည်း မသိပါဘူး။ သို့သော် သေချာတာကတော့  ဘဏ်လုပ်ငန်းကြီး တစ်ခုလုံးက ဖွံ့ဖြိုးလာတာ မတွေ့ရဘူး။ သူ့မှာ အကန့်အသတ် အချုပ်အချယ်တွေတော့  အများကြီးရှိမှာပေါ့။ အဲဒါတွေကို ဖြတ်သန်းဖို့ရာ ခုငါးနှစ်ကျော်သွားပြီ။ ဒီကာလအတွင်းမှာ ဒီလိုကြီး  အီလည်လည်ကြီးတော့ မဖြစ်သင့်ဘူး။ 

Voice -  အခုပြောခဲ့တဲ့ အကြောင်းအရာတွေမှာ  ဘာများထပ်ဖြည့်ပြီးတော့ ပြောချင်ပါသေးလဲ ခင်ဗျာ။ 

USMM - ငွေကတော့ ချေးတော့ချေးလိုက်ပြီ။ ဘတ်ဂျက်လိုငွေ ချေးတယ်ဆိုတာလည်း ဒါတော့ ချေးရ မှာပေါ့။ ငွေချေးတာနဲ့ ပတ်သက်လို့ ဘာမှမပြောပါဘူး။  ဒါပေမဲ့ ချေးတဲ့အခါမှာ ဘာအတွက်ချေးသလဲဆိုတဲ့ ဟာကို ရှင်းလင်းတာက တလွဲဖြစ်နေတယ်။ လိုနေတာတော့ သေချာတယ်။ ဘယ်နားသုံးမလဲ ဆိုတဲ့ဟာကို  တိတိကျကျ မပြောဘူး။ ဒါက ပွင့်လင်းမြင်သာမှု ပြဿနာဖြစ်သွားရော။ ဘာအတွက် ချေးတာလဲဆိုတဲ့ဟာ။ လိုတော့ လိုနေတာသိတယ်။ ပြောမပြနိုင်လောက်အောင် လျှို့ဝှက်ထားရမယ့် အကြောင်းအရာ ရှိနေလို့လား။ ဒီလို သွားတွေးစရာဖြစ်သွားတယ်။ မပြောသင့်တဲ့ ကိစ္စကို ဒီလိုလှည့်ပြောတာလား။ မီးခိုးကြွက်လျှောက်  စဉ်းစားရမှာတွေ ဖြစ်လာတယ်။ 

နော်ကိုကို



ABOUT AUTHOR

(နော်ကိုကို)