News

POST TYPE

INTERVIEW

ပက်ထရစ်ရှာနဲ့ တွေ့ဆုံခြင်း
12-Aug-2016
လူငယ်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ပက်ထရစ်ရှာနဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ ကျောက်သင်ပုန်းပေါ်က ကလေးလက်ရေး ရုပ်ရှင်မှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် စရိုက်အကြောင်း၊ ယခုလအတွင်း ရိုက်ကူးသွားမယ့် Reflection  ရုပ်ရှင်အကြောင်းနဲ့ ဇာတ်လမ်းတွေကို စိစစ်ရွေးချယ် ရိုက်ကူးဖြစ်တဲ့ အကြောင်းတွေကို  The Voice က မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : သရုပ်ဆောင် ပြေတီဦးနဲ့ ရိုက်နေတဲ့ ကျောက်သင်ပုန်းပေါ်က ကလေးလက်ရေး ရုပ်ရှင်အကြောင်းကနေ စပြီးပြောပြပေးပါဦး။

P : အဲ့ဒီကားမှာညီမရဲ့ ကာရိုက်တာက ကွမ်းယာရောင်းတဲ့ ကောင်မလေးတစ်ယောက် နေရာက သရုပ်ဆောင်ရတာပါ။ ဇာတ်လမ်းကတော့ ဟာသပါပဲ။ ကိုပြေတီဦးက လုပ်လိုက်ရင် အလွဲတွေကြီးပဲ ဖြစ်တာပေါ့။ ဒီကားမှာ ကိုနေမင်းနဲ့ သန္တာဗိုလည်းပါတယ်။ တခြားသရုပ်ဆောင်တွေလည်း အများကြီးပါပါတယ်။ ဇာတ်လမ်းကတော့ ပရိသတ်တွေ သဘောကျမယ့် ဇာတ်လမ်းပါ။

Voice : ဒီကားက ကိုယ်တိုင်ဟာသတွေ လုပ်ရတဲ့ ဇာတ်မျိုးလား။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကိုက ဟာသဖြစ်နေတာမျိုးလား။

P : ကိုယ်တိုင်က ဟာသတွေလုပ်ရတာတော့ မဟုတ်ဘူး။ ဇာတ်လမ်းအပေါ်မှာ မူတည်ပြီးတော့ပဲ ဟာသတွေ ဖြစ်သွားတာပါ။ ကိုယ့်ကို ကိုပြေတီဦးက ကြိုက်တယ်။ သူကလည်း အမြဲတမ်းအလွဲတွေပဲ လုပ်နေတာပေါ့။ ဒီကားမှာ တချို့ ဇာတ်ဝင်ခန်းတွေဆို တော်တော်လေးလည်း အချိန်ယူပြီး ရိုက်ရတယ်။ အခုပြင်ဦးလွင်မှာ ရိုက်နေတုန်းပါပဲ။ မပြီးသေးပါဘူး။

Voice : ပက်ထရစ်ရှာရဲ့ ပုံစံနဲ့ ကွမ်းယာသည် ဇာတ်ရုပ်က သက်သက်စီဖြစ်နေမယ်တော့ ထင်တယ်နော်။ ဇာတ်ရုပ်ပီပြင်အောင် ဘယ်လို ကြိုးစားထားလဲ။

P : အဲ့ဒါကတော့ လူတိုင်းလည်း ပြောပါတယ်။ ညီမက ကွမ်းယာသည် ပုံစံ သရုပ်ဆောင်ရမယ်ဆိုတော့ ဖြစ်ပါ့ မလားလို့ လူတိုင်းမေးကြတယ်။ ကိုယ်က အသားကဖြူတယ်၊ ပိန်းလည်းပိန်ပြီး မြန်မာကိုယ်လုံးမဟုတ်တော့  ကွမ်းယာသည်ပုံ ပေါက်အောင် တော်တော်တော့ လုပ်ယူရတယ်။ မျက်နှာကို မိတ်ကပ်အညိုတွေ လိမ်းရတယ်။ တချို့အခန်းလေးတွေမှာဆို ပါးကွက်ကွက်တယ်။ ဆံပင်လေးကလည်း ကျစ်ဆံမြီး ကျစ်လိုက်တယ်။ အတတ်နိုင်ဆုံးတော့ တောသူလေးနဲ့ တူအောင် ပြင်ဆင်ထားပါတယ်။

Voice : မအူဝဲတို့ရဲ့ သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်မယ့်  Reflection  ရုပ်ရှင်မှာ ဘယ်လိုကြောင့် ပါဝင်ဖြစ်သွားတာလဲ။

P : အဲ့ဒါကတော့ ညီမရဲ့ ဆရာဖြစ်တဲ့ ကိုပြေတီဦးက ဒီကားလေးကို ရိုက်ဖို့ကမ်းလှမ်းပါတယ်။ ဇာတ်လမ်းကို ဖတ်ကြည့်တော့လည်း ဇာတ်ဝင်ခန်းတွေက အကုန်လုံး ညီတူမျှတူ ရှိတယ်။ ညီမရဲ့ လုပ်ကွက်လေးတွေလည်း ကောင်းတယ်။ အဲ့ဒါကြောင့် လက်ခံရိုက်ကူးဖြစ်တာပါ။ ဒီကားမှာ ဆို မင်းသမီးတွေ အကုန်လုံးက ခပ်မိုက်မိုက် မိန်းမတွေ ပုံစံမျိုး သရုပ်ဆောင်ရတာပါ။ ညီမရဲ့ ကာရိုက်တာကတော့ မအူဝဲနဲ့ ပေါင်းပြီး ကိုယ်မကျေနပ်တဲ့သူကို လက်စားချေတာပေါ့။ ညီမတို့ နှစ်ယောက်က အတူတူပေါင်းပြီး တစ်တွဲတည်း သွားနေမှာပေါ့။

Voice : ဒီကားက အက်ရှင်ကားလို့လည်း ပြောတော့ ကိုယ်တိုင်ဖိုက်တင်ချရမယ့် အခန်းတွေရောပါလား။

P :  ကိုယ်တိုင် ဖိုက်တင်ချရမယ့် အခန်းတွေလည်းပါ ပါတယ်။ ကိုယ်က တစ်ခါမှလည်း ဖိုက်တင်မချဖူးတော့ တော်တော်တော့ ကြိုးစားရမယ်။ ဒီကားထဲမှာ ကတဲ့ဇာတ်ဝင်ခန်းတွေလည်း ပါတယ်။ အဲ့ဒီအခန်းတွေ ရိုက်ဖို့ကတော့ အကဆရာမနဲ့ သေချာလေ့ကျင့်ရမှာပေါ့။ ဖိုက်တင်ချတဲ့ အခန်းတွေရိုက်ဖို့ကတော့ ရိုက်ကွင်း ပေါ်ရောက်တော့ သေချာလေ့လာသင်ယူရမှာပါ။

Voice : ဒီကားမှာပါတဲ့ မင်းသမီးတွေက ကိုယ့်ထက်ဝါရင့်တဲ့သူတွေ ချည်းပဲလေ။ အက်တင်ပိုင်းမှာ သူတို့ကို လိုက်မီအောင် ဘယ်လိုကြိုးစားသွားမလဲ။

P : ဒီကားမှာပါတဲ့ မင်းသမီးတွေအကုန်လုံးက ညီမထက် အနုပညာဝါ ပိုရှိတဲ့သူတွေဆိုတော့ ရိုက်ကွင်းမှာ အမြင်မတော်တာ တွေ့ရင်လည်း ညီမကို လက်တွဲခေါ်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီကားကို ဒါရိုက်တာအဖြစ် ရိုက်မယ့်လူကလည်း အန်ကယ်လေး (လူမင်း) ဆိုတော့ ညီမကို အများကြီးသင်ပေးမှာပါ။ 

Voice : ဒီကားမှာ မင်းသမီးတစ်ယောက်စီအတွက် Stylist တစ်ယောက်စီ ထားထားပေးတယ်လို့ မအူဝဲက ပြောတယ်။ ပက်ထရစ်ရှာရဲ့ ဖက်ရှင်ပိုင်းကို ဘယ်သူက တာဝန်ယူပေးမှာလဲ။

P :  ဒီကားမှာ ညီမရဲ့  Stylist  အနေနဲ့ကတော့ စွမ်းကို ခေါ်ထားတယ်။ ဒီကားနဲ့ ပတ်သက်ပြီး ဖက်ရှင်ပိုင်းတွေကို သူ့ကိုအကုန်အပ်ထားတယ်။ ဒီကားမှာဆို မင်းသမီးတွေရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ ထူးထူးခြားခြားလေး မြင်ရအောင် စီစဉ်ပေးထားတယ်။ ပရိသတ်တွေကြည့်ရတာ အမြင်ဆန်းလိမ့်မယ်လို့လည်း ထင်ပါတယ်။

Voice : အရင်ကဆို ကိုယ့်ကို လာပြောတဲ့ ဇာတ်ကားတွေကို မကြိုက်ရင် ငြင်းဖြစ်တာ များတယ်လေ။ အခုတော့ ဆရာတွေစကား နားထောင်ပြီး အနုပညာနဲ့ ပတ်သက်လို့ ပက်ထရစ်ရှာရဲ့ ခံယူချက်တွေ ပြောင်းလာတယ်လို့လည်း ကြားတယ်။

P : ညီမရဲ့ ဆရာဖြစ်တဲ့ ကိုပြေတီဦးကတော့ ကိုယ့်အတွက် ကောင်းတယ်ထင်တာလေး တွေကို စီစဉ်ပေးမှာပေါ့။ အရင်တုန်းကတော့ သိပ်ပြီး မတွေးတတ်သေးတာလည်း ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်တာလည်း များတယ်။ အခုတော့ ကိုယ့်ကို လူကြီးတွေက ကောင်းမယ်ထင်လို့ စီစဉ်ပေးတဲ့ ဇာတ်လမ်းတွေကို ကိုယ့်ဘက်က လက်ခံပြီး ရိုက်ကူးဖြစ်နေပါတယ်။

Voice : တချို့ဇာတ်ကားတွေကို ရိုက်ဖို့ ငြင်းလိုက်ပြီးတော့မှ နောင်တရမိတာမျိုးရော ရှိလား။ တချို့မင်းသမီး အပြိုင်ရိုက်ရမယ့် ဇာတ်တွေကို ငြင်းခဲ့တာရှိတော့လေ။

P : အဲ့ဒါကတော့ ဇာတ်လမ်းကို သိပ်မကြိုက်လို့ပါ။ ဇာတ်လမ်းကို ဖတ်ကြည့်တဲ့အခါမှာ ညီမအတွက်က ဘာမှ လုပ်ကွက်မရှိဘူး။ မင်းသားရဲ့ ချစ်သူနေရာကပဲ နေရတာဆိုတော့ ရိုက်ဖို့ သိပ်စိတ်မပါဘူး။ ပရိသတ်ကလည်း ကိုယ့်ကို ကြည့်ပြီး စိတ်ဝင်စားမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ့်အတွက်ရော၊ ပရိသတ်အတွက်ပါ စဉ်းစားပြီး ငြင်းလိုက်တာပါ။ 

Voice : Reflection ရုပ်ရှင်မှာ ပက်ထရစ်ရှာနေရာက တခြားမင်းသမီး တစ်ယောက်ကို အရင် ကမ်းလှမ်းခဲ့ပေမယ့် သူက ငြင်းလိုက်တာလို့လည်း ကြားတယ်။

P :  အဲ့ဒါတော့ ညီမ မကြားမိဘူး။ ညီမ ဇာတ်လမ်းကို ဖတ်ကြည့်တာတော့ ကိုယ်သရုပ်ဆောင်ရမယ့် နေရာက ကောင်းနေတယ်။ ဒီတိုင်း ရိုးရိုးကြီးပဲ မဟုတ်ဘူး။ ကိုယ့်အတွက်က လုပ်ကွက်လည်း ရှိတယ်။ ကိုယ့်ရဲ့ စီနီယာတွေနဲ့ အတူတူပဲ၊ ကိုယ်လည်း လုပ်ကွက်ရှိနေတယ်။ အဲ့ဒါကြောင့် ဒီကားကို မငြင်းသင့်ဘူးထင်လို့ လက်ခံ ရိုက်ကူးဖြစ်တာပါ။ 

သန့်ဇင်ဦး



ABOUT AUTHOR

(သန့်ဇင်ဦး)