News

POST TYPE

INTERVIEW

ဖြူဖြူကျော်သိန်းနဲ့ တွေ့ဆုံခြင်း
21-Mar-2017

နာမည်ကျော် တေးသံရှင် ဖြူဖြူကျော်သိန်းနဲ့ တွေ့ဆုံပြီး ဧပြီလ ၁ ရက်နေ့မှာ စတင်ဖြန့်ချိပေးမယ့်  April Fool ဒီဗီဒီမှာ သီချင်းတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ပုံစံများ၊ သီချင်းတွေကို ရုပ်သံလိုင်းကနေ အခမဲ့ ထုတ်လွှင့်ပြသပေးမယ့် အကြောင်းနဲ့ တစ်ကိုယ်တော် စီးရီးသစ် အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : မဖြူရဲ့ April Fool ဒီဗီဒီမှာ သီချင်းတွေကို ဘယ်လိုပုံဖော် ရိုက်ကူးထားလဲ ဆိုတာကို စပြီး ပြောပြပေးပါဦး။

PPKT : သီချင်းလေးပုဒ်စလုံးကိုတော့ ဖြူဖြူနဲ့ FG Entertainment နဲ့ ပူးပေါင်းပြီး ရိုက်ထားပါတယ်။ သီချင်းတွေကို MRTV4 နဲ့ ဆက်စပ်ရုပ်သံလိုင်းတွေကနေ တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပြသပေးသွားမယ်။ ရိုက်ပေးတာကတော့ FG Entertainment ရဲ့ပင်တိုင်ဒါရိုက်တာ Milos ပါ။ သရုပ်ဆောင်တွေကတော့ သူတို့နဲ့ ဇာတ်လမ်းတွဲ ရိုက်နေတဲ့ သရုပ်ဆောင် အသစ်လေးတွေ ပါတယ်။ No More သီချင်းတစ်ပုဒ်ကိုပဲ ဖြူဖြူ တစ်ယောက်တည်း သရုပ်ဆောင်ပြီး ရိုက်ထားတယ်။

Voice : ဖိလစ်ပိုင် ဒါရိုက်တာရဲ့ ရိုက်ကူးမှု ပုံစံတွေကရော ကိုယ်ပုံမှန်ရိုက်နေကျ မြန်မာဒါရိုက်တာတွေနဲ့ ဘယ်လိုကွာခြားလဲ။

PPKT : သူရိုက်ပေးထားတဲ့ ပုံစံလေးတွေက ဒီမှာရိုက်နေကျနဲ့ မတူပါဘူး။ ဒီမှာဆိုရင် ရုပ်အလှလေးတွေ ဦးစားပေးပြီး ရိုက်တာမျိုးတွေ ရှိတယ်။ သူကျတော့ ဇာတ်လမ်း Theme ကို ယူပြီးတော့ ရိုက်တယ်။ ဇာတ်လမ်းဆိုတဲ့ နေရာမှာလည်း မြန်မာဇာတ်လမ်းတွေ ရိုက်နေကျ ပုံစံမျိုးတော့ မဟုတ်ဘူး။ ရုပ်ရှင်ဆန်ဆန် ရိုက်တာမျိုး တွေ့ရတယ်။ April Fool ဆိုရင်လည်း သီချင်းအကြောင်းအရာနဲ့ လိုက်ဖက်အောင် အပျော်ပုံစံလေး ရိုက်ထားတယ်။ သီချင်းတစ်ပုဒ် မရိုက်ခင်မှာ မိတ်ကပ်နဲ့ အဝတ်အစား အပြင်အဆင်ကို ဘယ်လိုပုံစံမျိုး လိုချင်တယ် ဆိုတာကို သူက ကြိုပြီးပြောတယ်။ သူလိုချင်တဲ့ ပုံစံကို သိရပြီ ဆိုတာနဲ့ ဖြူဖြူတို့က ဒီဇိုင်နာတွေ၊ မိတ်ကပ်ဆရာတွေနဲ့ ပြန်တိုင်ပင်တယ်။ သူတို့က ရိုက်မယ့် Location ကအစ သေချာအချိန်ယူပြီး သွားကြည့်တယ်။ လေးပုဒ်ရှိတဲ့ အထဲမှာ တစ်ပုဒ်ကိုပဲ တစ်ရက်တည်း ရိုက်ရတယ်။ ကျန်တဲ့သုံးပုဒ်က တစ်ပုဒ်ကို နှစ်ရက်ရိုက်ရတယ်။

Voice : သီချင်းတစ်ပုဒ်ချင်းစီကိုကျတော့ ရသမတူအောင် ဘယ်လိုပုံဖော်ရိုက်ကူးထားလဲ။

PPKT : April Fool သီချင်းဆိုရင်လည်း အပျော်၊ အပြောင်ပုံစံလေး ရိုက်ထားတယ်။ Let You Go သီချင်းဆိုရင်လည်း ရိုက်ထားတာ ဇာတ်လမ်းဆန်တယ်။ ညဘက်မှာ ရန်ကုန်မြို့ရဲ့ အလှကို Drone နဲ့ ရိုက်ပြထားတယ်။ Car Chasing ပုံစံမျိုးလေး ရိုက်ထားတာပေါ့။ အဲ့ဒါမျိုးဆို MTV တွေမှာ တစ်ခါမှ မရိုက်ဖူးကြသေးဘူး။ ရုပ်ရှင်ဆန်ဆန် ရိုက်ထားတာလေးတွေ တွေ့ရမယ်။ တော်တော်လေးကို အချိန်ပေးပြီး ရိုက်ထားတယ်။ Sorry Girl သီချင်းဆိုရင်လည်း Vampire ဇာတ်လမ်းပုံစံမျိုးလေး ရိုက်ထားတယ်။ No More သီချင်းကတော့ ဖြူဖြူ့ ပရိသတ်တွေ ကြည့်နေကျ သီချင်းဆိုတဲ့ ပုံစံမျိုးလေး ရိုက်ထားတယ်။ ဒါပေမဲ့ ရိုက်ထားတဲ့ Location တွေနဲ့ ကင်မရာ အယူအဆလေးတွေက ထူးခြားမယ်။ ဖြူဖြူ့ကို အရင် MTV တွေမှာ မမြင်ဖူးတဲ့ ပုံစံမျိုးတွေနဲ့ တွေ့ရမယ်။ 

Voice : April Fool ဒီဗီဒီ တစ်ခွေလုံးကို ရုပ်သံကနေ လွှင့်မှာဆိုတော့ ခွေရောင်းအားကိုရော ထိခိုက်မှာ မစိုးရိမ်ဘူးလား။

PPKT : ဒီခွေမှာပါတဲ့ သီချင်းတွေကို MRTV4 နဲ့ ဆက်စပ်ရုပ့်သံလိုင်းတွေကနေပြီး ဧပြီ ၁ ရက်နေ့ကနေ သင်္ကြန်မတိုင်ခင်အထိ မြန်မာနှစ်သစ်ကူးကာလမှာ ပရိသတ်တွေက အခမဲ့ကြည့်ရမှာပါ။ အဲ့ဒီအတွက် သီချင်းတွေကို ခိုးကူးဖိုလည်း မလိုဘူးပေါ့နော်။ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ အကုန်လုံးက ရုပ်သံလိုင်းကနေ အလကားကြည့်ရမှာ ဖြစ်တယ်။ ရုပ်သံကနေ အလကားပြမှတော့ ဘာလို့ခွေထုတ်ပြီး ရောင်းနေသေးလဲလို့ မေးစရာ ရှိမှာပေါ့နော်။ အဲ့ဒါကတော့ ဖြူဖြူ့ရဲ့ အခွေလေးကိုမှ ဝယ်သိမ်းထားပြီး တသသ ကြည့်ချင်တဲ့ ပရိသတ်တွေက သီးသန့်ရှိကြတယ်။ တချို့ဆိုရင် အိမ်ရှေ့မှာ တစ်ခွေ၊ အိမ်ခန်းထဲမှာ တစ်ခွေ၊ နောက်ဖေးမှာ တစ်ခွေ ဝယ်ယူအားပေးတဲ့ လူတွေလည်း ရှိတယ်။ ဒီခွေထဲမှာဆိုရင် ဖြူဖြူ့ရဲ့ ဓာတ်ပုံတွေလည်း အများကြီး ထည့်ထားပေးတယ်။ ကိုယ့်ခွေကို သီးသန့်ဝယ်အားပေးချင်တဲ့ ပရိသတ်တွေအတွက် အခွေအနေနဲ့ ထုတ်ပေးတာပါ။

Voice : တစ်ကိုယ်တော်စီးရီးခွေ မထွက်တာလည်း ကြာပြီနော်။ လုပ်လက်စ စီးရီးတွေလည်း ရှိတော့ ဘယ်တော့လောက် နားထောင်ရမလဲ။

PPKT : မနှစ်ကတုန်းက ဖြူဖြူဆိုခဲ့တဲ့ အတွဲခွေတွေက သီချင်းလေးတွေကို ဒီနှစ်မှာ ဗီစီဒီအနေနဲ့ ထုတ်ဖို့တော့ ရှိပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်နဲ့ ရင်းနှီးသွားအောင်၊ အသားကျသွားအောင် စင်ပေါ်၊ စင်အောက် ဆိုလို့ရတဲ့ အနေအထားမျိုးဖြစ်အောင် လုပ်မယ်ပေါ့။ ကိုဇော်ပိုင်နဲ့ စုံတွဲခွေက သီချင်းလေးတွေ ဆိုရင်လည်း ပရိသတ် ကြိုက်ခဲ့တယ်။ ဒီသီချင်းတွေကို ဗီစီဒီအနေနဲ့ ပြန်ထွက်ပြီးရင် ပရိသတ်တွေလည်း လိုက်ဆိုလို့ ရသွားမယ်။ တစ်ကိုယ်တော် စီးရီးသစ်ကတော့ Lazy Club နဲ့ လုပ်ထားတာ တစ်ခွေ ရှိတယ်။ အဲ့ဒီခွေက အချောဆိုပြီးသွားရင် ထုတ်လို့ရပါပြီ။ လောလောဆယ်မှာ  Orchestra နဲ့ သီချင်းဆိုရတဲ့ အရသာကိုလည်း ကြိုက်နေတော့ Mini Album လေး တစ်ချပ်လောက်လည်း လုပ်ချင်စိတ် ဖြစ်နေတယ်။

Voice : ရှိုးပွဲကျတော့ ထူးထူးခြားခြားဆိုဖို့ လက်ခံထားတဲ့ ပွဲမျိုးရော ရှိလား။

PPKT : ရန်ကုန်မှာတော့ တစ်လောတုန်းက ကိုဓိရာမိုရ်တို့ Orchestra အဖွဲ့နဲ့ ရှိုးလေးတစ်ပွဲ လုပ်ခဲ့တယ်။ အဲ့ဒီပွဲကတော့ ပရိသတ်တွေလည်း တော်တော်လေး စိတ်ဝင်စားတယ်။ ဖြူဖြူတို့လည်း ဆိုရတာ အားရခဲ့တယ်။ ဖြူဖြူရယ်၊ ကိုကျားပေါက်ရယ်၊ J Me ရယ် သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေက စိတ်ဝင်တစား အားပေးခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ နောက်ပြီးရင် မတ်လ ၂၆ ရက်နေ့မှာ Myanmar Beer ကလုပ်တဲ့ Rock Evolution ပွဲကို တောင်ကြီးမှာ ဆိုဖို့ရှိတယ်။ အဲ့ဒီပွဲမှာဆိုရင် မိန်းကလေး အဆိုတော်က ဖြူဖြူတစ်ယောက်တည်း ပါတယ်။  အမျိုးသား Rocker ကြီးတွေဖြစ်တဲ့ ဝေလ၊ ဝန၊ R ဇာနည်၊ လင်းလင်း၊ ဟန်ထွန်းတို့ ပါပါတယ်။ အမျိုးသား Rocker ငါးယောက်နဲ့ ဖြူဖြူတစ်ယောက်တည်း ပါမှာပေါ့။ အဲ့ဒီပွဲလေးကိုတော့ တော်တော်လေး ရင်ခုန်နေတယ်။ တောင်ကြီးမှာလည်း ရှိုးပွဲအကြီးကြီး မဆိုရတာလည်း ကြာပြီဆိုတော့လေ။ ကျန်တာကတော့ ပုံမှန်ဆိုနေကျ နယ်ရှိုးတွေ သွားဆိုဖို့ ရှိပါတယ်။ 

ဓာတ်ပုံ - ဖြူဖြူကျော်သိန်း Facebook Page

သန့်ဇင်ဦး

ABOUT AUTHOR

(သန့်ဇင်ဦး)