News

POST TYPE

INTERVIEW

လူမင်းနဲ့ တွေ့ဆုံခြင်း
11-Aug-2016

နာမည်ကျော်သရုပ်ဆောင် လူမင်းနဲ့ တွေ့ဆုံပြီး ယခုလအတွင်း ရုံတင်ပြသတော့မယ့် ဘောစိရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပေးမယ့်  Reflection  ရုပ်ရှင်အကြောင်း၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြုလုပ်မယ့်  Forum  အကြောင်းတို့ကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။


Voice    :    ဘောစိဇာတ်ကားက ဗီဒီယို ရိုက်ပြီးတော့မှ ရုပ်ရှင်ပြောင်းတယ် လို့လည်း ပြောကြတယ်။ အဲ့ဒီ အကြောင်းကို စပြောပြပေးပါဦး။

LM    :    အဲ့ဒါကမှားပါတယ်။ ဗီဒီယိုကနေ ရုပ်ရှင်ပြောင်းတာ မဟုတ်ပါဘူး။ ဗီဒီယိုရိုက်ပြီးတော့မှ ဇာတ်လမ်းကို ကြိုက်တဲ့အတွက် ဗီဒီယိုဇာတ်ကား တစ်ထုပ်လုံးကို လုံးဝမဖြန့်တော့ဘဲ အစည်းအရုံးကို အပ်လိုက်ပါတယ်။ ပြီးတော့မှ ကင်မရာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းတွေ၊ သရုပ်ဆောင်တွေ အကုန်ပြန်ပြောင်းပြီး ဇာတ်လမ်းအစ၊ အဆုံး ပြန်ရိုက်တာပါ။ ဗီဒီယို ရိုက်ပြီးတဲ့အခါမှာ ပြန်ကြည့်လိုက်တော့ ပရိသတ်တွေရယ်ရမယ့်  Plot တွေလည်း အများကြီးပါနေတယ်။ မဂွမ်းကိုလည်း ထူးထူးခြားခြား တင်ပြီး ရိုက်ထားတဲ့ကား ဖြစ်နေတော့ ဇာတ်လမ်းကို အသစ်ပြန်ပြင်ပြီး ရုပ်ရှင်ရိုက်ခဲ့တာပါ။

Voice    :    မဂွမ်းသရုပ်ဆောင်ရတဲ့ နေရာမှာ အစက ဝါရင့်မင်းသမီးကြီး တစ်ယောက်ယောက်နဲ့ ရိုက်ဖို့ စီစဉ်ခဲ့တယ် ဆိုတာရော ဟုတ်လား။

LM    :    ဒီကားကို စရိုက်ကတည်းက ဒါရိုက်တာက မဂွမ်းနဲ့ ရိုက်ဖို့တည်တာပါ။ ဒီဇာတ်ကို မဂွမ်းနဲ့ အဲ့ဒီလိုရိုက်ချင်တယ် ဆိုပြီး ကျွန်တော့်ကို လာပြောတာပါ။ ကျန်တဲ့မင်းသမီးတွေနဲ့ စာရင် မဂွမ်းဆိုတော့ ကိုယ်သရုပ်ဆောင်တဲ့ အခါမှာ အားလည်းမနာရဘူးလေ။ ဒါရိုက်တာကိုက အစကတည်းက ဒီဇာတ်လမ်းကို မဂွမ်းနဲ့ရိုက်ဖို့ တည်ထားတာပါ။ မဂွမ်းနေရာမှာ မင်းသမီးတွေ ဝင်သရုပ်ဆောင်မယ် ဆိုရင်လည်း ဇာတ်အနေအထားအရ မကောင်းနိုင်ဘူး။ ထုတ်လုပ်ရေးကလည်း မဂွမ်းကိုပဲ နေရာပေးပြီး သတ္တိရှိရှိ ရိုက်ခဲ့တာပါ။

Voice    :    ဘောစိရုပ်ရှင်မှာ မဂွမ်းရဲ့ သရုပ်ဆောင်မှု အပေါ်မှာရော တွဲဖက်သရုပ်ဆောင်ခဲ့တဲ့သူ တစ်ယောက် အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်လဲ။

LM    :    မဂွမ်းသရုပ်ဆောင်တာကို ကြည့်ပြီး ကျွန်တော်ကိုယ်တိုင်တောင် သဘောကျပါတယ်။ ဗီဒီယိုအနေနဲ့ ရိုက်ပြီး ပြန်ကြည့်တဲ့အချိန် တုန်းကတည်းက ဒီဇာတ်ကားက အရမ်းရယ်ရတယ်။ အဲ့ဒါကြောင့်လည်း ထုတ်လုပ်သူနဲ့တိုင်ပင်ပြီး ဒီသရုပ်ဆောင်တွေနဲ့ပဲ ရုပ်ရှင်ကားကြီး ပြန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ကြ တာပါ။ ခင်လှိုင်တို့၊ ဒိန်းဒေါင်တို့ရဲ့အားတွေ ဝိုင်းဖြည့်၊ ဇာတ်ညွှန်းတွေလည်း ပြန်ပြင်၊ ရုပ်ရှင်ကင်မရာတွေနဲ့  ပြန်ရိုက်ကြတာပေါ့။

Voice    :    ကိုလူမင်းရိုက်တဲ့ ရုပ်ရှင်တွေထဲမှာ ဘောစိလို ပေါ့ပေါ့ပါးပါး ဇာတ်ကားမျိုးမကြည့်ရတာ ကြာပြီလေ။ ကိုယ်တိုင်ရော ဒီကားကိုရိုက်ရတာ ဘယ်လို ခံစားမှု အပြောင်းအလဲရှိလဲ။

LM    :    ကျွန်တော့်အတွက်လည်း ဒီကားက အပြောင်းအလဲပါပဲ။ ရှေ့မှာ လူပြောသူပြောများနေတဲ့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဆိုလည်း ပေါ့ပေါ့ပါးပါး ဇာတ်ကားပါပဲ။ ဒီကားဆိုလည်း ရိုက်ရတာ ပေါ့ပေါ့ပါးပါးပဲ။ ပေါ့ပေါ့ပါးပါး ဆိုပေမယ့် ကျွန်တော့်အတွက် ကတော့ ဟာသလုပ်ရတာ ခက်ပါတယ်။ ဘောစိရုပ်ရှင်မှာဆို အဓိကသရုပ်ဆောင်ဖြစ်တဲ့ မဂွမ်းနဲ့တွဲပြီး သရုပ်ဆောင်ရတော့ ကိုယ်ကျန်ခဲ့မှာလည်း စိုးတယ်။ ကျွန်တော်က ဟာသကားတွေရိုက်တာ နည်းတယ်လေ။ အဲ့ဒါကြောင့် သေချာဂရုစိုက်ပြီး သရုပ်ဆောင်ခဲ့ ပါတယ်။ ပြန်ကြည့်တော့လည်း မဆိုးပါဘူး။ ကိုယ့်ဟာကိုယ်လည်း ရယ်ရပါတယ်။

Voice    :    ကိုယ်က ဟာသကားတွေ အရိုက်နည်းတော့ အက်တင်လုပ်တဲ့အခါမှာ ဘာတွေကိုပိုပြီး ဂရုစိုက်ရလဲ။ ဒီကားအတွက် အကယ်ဒမီဘုတ်အဖွဲ့ကို စာရင်းတင်ရတဲ့အခါမှာ မဂွမ်းကို ခေါင်းဆောင်မင်းသမီး နေရာအတွက် တင်မယ်လို့ ဒါရိုက်တာက ပြောထားတဲ့အပေါ်ရော ဘယ်လိုမြင်မိလဲ။

LM    :    ဒီဘောစိကားမှာဆို အက်တင်ကို ကျွန်တော် အိုဗာလုပ်ထားတယ်ပေါ့။ ဒါပေမဲ့ ဟာသကား ဖြစ်တဲ့အတွက် ပြန်ကြည့်လိုက်တော့ ကိုယ်လုပ်ထားတဲ့ အက်တင်အတော်ပဲ သွားဖြစ်နေတယ်။ အကယ်ဒမီ အတွက် စာရင်းတင်ဖို့ကတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော့်အမြင် ပြောရရင်တော့ မဂွမ်းက ဒီကားမှာ အဓိကသရုပ် ဆောင်ပါပဲ။

Voice    :    မအူဝဲတို့ရဲ့ သုဒြာထုတ်လုပ်ရေးကနေ ရိုက်မယ့်  Reflection  ရုပ်ရှင်ကို ဒါရိုက်တာ အနေနဲ့ပဲ လက်ခံရိုက်ကူးမှာနော်။ အဲ့ဒီဇာတ်ကားအကြောင်းလည်း ပြောပြပေးပါဦး။

LM    :    အူဝဲတို့ ထုတ်လုပ်ရေးအတွက် ပွဲဦးထွက်ကားကို ကျွန်တော်နဲ့ ရိုက်ချင်တယ်ဆိုပြီး ကမ်းလှမ်းပါတယ်။ ဇာတ်လမ်းကိုလည်း ထူးထူးခြားခြားလေး ဖြစ်ချင်တယ်လို့လည်း ပြောပါတယ်။ မင်းသားမပါဘဲ မင်းသမီးလေးယောက်နဲ့ပဲ ရိုက်မယ်ပေါ့။ ဒီကားအတွက် အဓိက စိတ်ကူးခဲ့တာတော့ အူဝဲပါ။ သူ့စိတ်ကူးလေးကို ကျွန်တော်လည်း သဘောကျတယ်။ ကျွန်တော့်အနေနဲ့လည်း သရုပ်ဆောင်အဖြစ်မပါဘဲ ဒါရိုက်တာအနေနဲ့ သီးသန့်ရိုက်ရမှာ ဆိုတော့ ပိုပြီးတော့လည်း အားစိုက်လို့ ကောင်းတယ်။ အဲ့ဒါကြောင့် လက်ခံရိုက်ကူး ဖြစ်တာပါ။


Voice    :    မင်းသားမပါဘဲ မင်းသမီးတွေနဲ့ ချည်းပဲ ရိုက်မယ်ဆိုတော့ ဇာတ်လမ်းကိုရော ဘယ်လိုထူးခြားအောင် လုပ်ထားလဲ။


LM    :    ဒီကားကို မင်းသမီးတွေနဲ့ချည်း ရိုက်မယ်ဆိုတော့ ဒရာမာချည်းပဲ မရိုက်ချင်ဘူး။ အဲ့ဒါကြောင့် အက်ရှင်ကားပုံစံလေး ဖန်တီးထားပါတယ်။ ရိုက်ရတာတော့ တော်တော်ခက်ခဲလိမ့်မယ်။ သူတို့လေးယောက်အတွက် အက်ရှင်နဲ့ ကလဲ့စားချေတဲ့ ဇာတ်လမ်းပုံစံလေး ဖန်တီးပေးထားပါတယ်။ မင်းသမီးတွေ ဖြစ်တဲ့အတွက် အက်ရှင်ကားတွေလည်း သိပ်မရိုက်ဖူးကြဘူးလေ။ ဒီကားက ကျွန်တော့်အတွက် ရိုက်ကူးရတာ ပင်ပန်းမယ့် ဇာတ်ကားတစ်ကားပါ။

Voice    :    ရုပ်ရှင်လောကအတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု လုပ်ဖို့ ရှိတယ်လို့လည်း ကြားပါတယ်။ ဘယ်တော့လောက် လုပ်ဖြစ်မလဲ။

LM    :    ရုပ်ရှင်လောကအတွက် အလုပ်ရုံဆွေးနွေး ပွဲကတော့ ဩဂုတ်လ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့ နှစ်ရက်လုပ်ပါမယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကရဲ့ လက်ရှိ အခြေအနေတွေ၊ ရှေ့ဆက်သွားမယ့် ပုံစံတွေ၊ လက်ရှိ လိုအပ်နေတဲ့ အချက်အလက်တွေကို အလွှာပေါင်းစုံက လူတွေ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရအောင် ထုတ်ကြမှာပါ။ ဒီပွဲကို ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်လည်း တက်မယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ကိုယ်စားလှယ်တွေလည်း တက်ပါမယ်။ ငှာနဆိုင်ရာတွေက သူတို့ ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စတွေရှိရင်လည်း ချက်ချင်း ဆောင်ရွက်ပေးကြမှာပါ။

သန့်ဇင်ဦး



ABOUT AUTHOR

(သန့်ဇင်ဦး)