News

POST TYPE

INTERVIEW

ဦးမောင်မောင်ဝမ်းနှင့် တွေ့ဆုံခြင်း
11-Aug-2016 tagged as

အွန်လိုင်းမှတစ်ဆင့် အင်္ဂလိပ်ဘာသာစကားနှင့် ပညာရေးဆိုင်ရာ လမ်းညွှန်အကြံပြုချက်များကို ပို့ချနေသူ ဦးမောင်မောင်ဝမ်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။ မြန်မာနိုင်ငံသို့ ခေတ္တလာရောက်စဉ် အတွင်း ပညာရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်မည်ဖြစ်သည်။ ဦးမောင်မောင်ဝမ်းသည် ရေနံချောင်းမြို့ဇာတိ မြန်မာနိုင်ငံသား ဖြစ်သော်လည်း နိုင်ငံရေးလှုပ်ရှားသူများ ဖမ်းဆီးထောင်ချမှုကြောင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်တိမ်းရှောင်ရင်း ယင်းနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။  နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တက္ကသိုလ်ကျောင်းသားဘဝ ဖမ်းဆီးထောင်ချခံရစဉ် အကျဉ်းထောင်အတွင်း အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူခဲ့သူဖြစ်သည်။ ထောင်ဝင်စာ လာတွေ့သည် ဆရာများ၊ မိသားစုဝင်များကို အကျဉ်းထောင်အတွင်း စာကြည့်နိုင်ရန်  ဖယောင်းတိုင်ကိုသာ အဓိကမှာသူဖြစ်သည်။ လူငယ်များ ပညာသင်ယူ လေ့လာရာတွင် အကြောင်းပြချက် မပေးစေလိုသူလည်း ဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့်အရွယ်၊ မည်သည့်အခြေအနေဖြစ်စေ ပညာသင်ယူရန် တိုက်တွန်းသည်။ ဦးမောင်မောင်ဝမ်း မြန်မာနိုင်ငံသို့လာရောက်စဉ် The Voice က သွားရောက်တွေ့ဆုံ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။


Voice    : အစိုးရသစ်လက်ထက်နဲ့ အစိုးရဟောင်း လက်ထက် ဆရာ့အနေနဲ့ နိုင်ငံရေးသဘောထား ဘယ်လိုရှိပါသလဲ။

UMMW    : အစိုးရဟောင်းကတော့  စစ်အာဏာရှင် တစ်ဖြစ်လဲပေါ့။ အစိုးရသစ်ကတော့ ဒီမိုကရက်ပေါ့နော်။ လုံးလုံးလျားလျားတော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် အရင်အခြေအနေ ထက်စာရင် အခုအခြေအနေကို အများကြီးအားရပါတယ်။ အပြောင်းအလဲတွေကို တတ်နိုင်သမျှတော့ ကြိုးစားနေကြတာပေါ့လေ။ ကျွန်တော်တို့လည်း သဘောထားတွေကတော့ အရင်တုန်းကလို မဟုတ်တော့ပါဘူး။ အခုကတော့ တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပြီးတော့ သွားချင်တဲ့ စိတ်တွေ ပိုများတယ်။ ဘယ်သူနဲ့ မဆိုပူးပေါင်း ဆောင်ရွက်သွားမယ်။ သူတို့ဘာသာ ဆရာ့ကို မုန်းချင်မုန်း ချစ်ချင်ချစ်ပေါ့နော်။ ဖြစ်နိုင်လို့ရှိရင် စောစောကပြောတဲ့ Education Center လိုနေရာမျိုးတွေ ပြောကြပါစို့ ပြည်ခိုင်ဖြိုးလိုပါတီမျိုး ကနေ ကျွန်တော်တို့ကို ကူညီပါဆိုလည်း သွားလုပ်ပေးမယ်။ စိတ်ချ။ ဟာ ဒါမို့လို့ ဘာမို့လို့မဟုတ်ဘူး။ ဆရာအခု ပြန်လာတဲ့ အချိန်မှာ ဝမ်းသာစရာကောင်းတာလေး ပေါ့နော်။ ကာတာမှာ သုံးနာရီလောက် နားတယ်။ ဘယ်သူနဲ့ သွားတွေ့လဲဆိုတော့ မော်စကိုက ပြန်လာတဲ့ စစ်ဗိုလ်တွေပေါ့နော်။ ဘယ်လောက်များ လဲဆို ၂၀ ကျော်လောက်ရှိတယ်။ ဆိုတော့ တွေ့လိုက် တာနဲ့ တပြိုင်နက်တည်း “ဟာ ဆရာဆိုပြီး” သူတို့ နှုတ်ဆက်ကြတာပေါ့။ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်ပေါ့။ ဆေးလိပ်သောက်ချင်တယ် ဆိုတော့ ဆေးလိပ်သောက်ခန်း ငါသိတယ်ဆိုပြီး ခေါ်သွားတာပေါ့။ အဲ့ထဲက Ph.D ယူလာတဲ့ သူနဲ့ ဆရာနဲ့ တော်တော်ကြာကြာ စကားပြောဖြစ်တယ်။ သူလည်း အရာရှိတစ်ယောက်ပဲပေါ့။ စောစောကပြောတဲ့ စကားတွေပဲ ဆရာပြောပြတယ်။ တော်အောင်လုပ်၊ တိုးတက်အောင်လုပ်။ နိုင်ငံကို ထူထောင်မယ်။ ဂျပန်ခေတ်မှာ ဂျပန်တွေကို ဗုံးကြဲခံရပြီး ပြန်လည်ထူထောင်တဲ့ စိတ်တွေနဲ့ တို့နိုင်ငံကို ပြန်လည်ထူထောင်မယ်။ အဲ့ဒါတွေနဲ့  တို့ချီတက်ကြမယ်ပေါ့။ ရန်ဖြစ်နေရင် အလုပ်မဖြစ်ဘူးလို့ ပြောဖြစ်တယ်။

Voice    : ဘာဖြစ်လို့ ပြောင်းသွားတာပါလဲ ခင်ဗျ။

UMMW    : တို့တတွေက ရန်ဖြစ်နေရင် လူထုက တဖြည်းဖြည်းနဲ့ ဒုက္ခတွေ အကြီးအကျယ်ရောက်နေကြပြီလို့။ အဲ့ဒီတော့ သူက (တပ်မတော်အရာရှိ) ဆရာ့ကို ဘာပြောလဲဆိုတော့ ဆရာရေးတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်ဖူးတယ်တဲ့။ ဆရာတစ်ခါတုန်း က “စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေသော နိုဘယ် ငြိမ်းချမ်းရေးဆုရှင်” ဆိုပြီးတော့ ရေးခဲ့ဖူးတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်လိုလို ဘာလိုလိုပေါ့။ မဟုတ်ဘူး။ လိုက်ဗေးရီးယား သမ္မတ အဲလင်ဆာလိ အကြောင်းကို ဆရာရေးခဲ့ဖူးတယ်။ အဲ့တော့ သူပြောတဲ့ စကားကို ဆရာကိုးကားပြီး ပြောတာပေါ့နော်။ “တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ၊ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ အတွက် အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ အာဃာတတွေနဲ့ လက်စားချေ နောက်ကြောင်းပြန်နေမယ်ဆိုရင် အဲ့ဒီက ရလာမယ့် အကျိုးဆက်က စိတ်အာသာပြေခြင်းတစ်ခုပဲ ရှိတယ်” တဲ့။ ဟုတ်ပြီနော်။ အဲ့ဒီဟာ လမ်းကြောင်းကို လျှောက်မလား၊ တိုင်းပြည်ပြန်လည် ထူထောင်ရေးကို သွားမလား။ အဲ့ဒီနှစ်ခုကို တပြိုက်နက်တည်း ရွေးလို့မရဘူး..။

Voice    : ကျွန်တော်တို့ အလွတ်သဘောပြောခဲ့တုန်းက ဆရာ့အနေနဲ့ အစတုန်းကတော့ မြန်မာနိုင်ငံသား၊ ပြီးတော့ အခြေအနေအကြောင်းအရ အမေရိကကို ထွက်သွားရတယ်။ ဟိုမှာနိုင်ငံသားအဖြစ် ခံယူတယ်။ ဒါပေမဲ့ ဆရာပြောခဲ့တဲ့ စကားလေးရှိတယ်။ အဝတ်အစားသာ ပြောင်းသွားတယ်။ နှလုံးသားက ဒီနှလုံးသားပဲလို့ ပြောလိုက်တယ်။ ကျွန်တော် ယူဆလိုက်တာက မြန်မာနိုင်ငံအပေါ်မှာရှိတဲ့ သဘောထားလို့ ယူဆလိုက်တာ ဆရာ။

UMMW    : ဒါပေါ့။ ကိုယ်က အခြေအနေ အချိန်အခါအရ အဝတ်အစားသာ ပြောင်းလိုက်တာ။ ကိုယ်က မြန်မာပဲလေ။ ကိုယ့်နှလုံးသားက မြန်မာလူမျိုး။ မြန်မာစကားပြောတယ်။ မြန်မာနိုင်ငံအပေါ်မှာပဲ ကိုယ်က ဖီလင် (ခံစားချက်က) ရှိတာ။ ဒါပေမဲ့ ဟိုဘက်နိုင်ငံကိုလည်း ကျေးဇူးတင်တယ်။ အမေရိကန် ပြည်ထောင်စုကိုလည်း ဆရာတို့ကို ကူညီစောင့် ရှောက်တဲ့အတွက် ကျေးဇူးအများကြီး တင်တယ်။ ထို့နည်းတူစွာ ကိုယ့်ရဲ့ မိခင်နိုင်ငံကိုလည်း၊ နှလုံးသားကတော့ ကိုယ့်ရဲ့မိခင်နိုင်ငံကိုပဲ ထားတာပေါ့ ကိုယ်က။ ဒီသဘောကို ပြောပြတာပါ။ ဒါကြောင့်လည်း  ဆရာတို့ အပင်ပန်းခံပြီး ပြန်လာတာပေါ့နော်။ တချို့ သိတဲ့သူတွေ တော်တော်များများရှိပါတယ်။ ဆရာတို့ အပိုပြောတာမဟုတ်ပါဘူး။ ဒီကိုပြန်လာတယ် ဘာညာဆိုရင် အကျိုးစီးပွားနဲ့ ပြောမယ်ဆိုရင် အများကြီး နစ်နာတာတွေ ရှိတာပေါ့။ ဒါတော့ ရိုးသားစွာပြောတဲ့ စကားပါ။

Voice    : e-Learning Center တွေ မြန်မာနိုင်ငံမှာ တည်ထောင်မယ့်ကိစ္စက ဘယ်လိုပါလဲခင်ဗျ။

UMMW    : အဲဒါ အဓိကလိုအပ်တာ ရန်ပုံငွေပေါ့။ ကိုယ့်ဟာကိုယ်တော့ လုပ်မှာပါ။ နောက်မှ အောင်မြင်လာတဲ့ အခြေအနေကို ကြည့်ပြီးတော့ပေါ့။ ကိရိယာ တန်ဆာပလာ ဆိုတာလည်း အများကြီးမလိုဘူး။ အမေရိကမှာ သူတို့ဆီကိုသွားပြီးတော့ ကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းလိုက်တယ်။ သူတို့က ဂြိုဟ်တုကသွားတာဆိုတော့ အခက်အခဲမရှိဘူး။ မြန်မာနိုင်ငံရဲ့ အင်တာနက်မြန်နှုန်း ကပဲ အဓိကကျတယ်ဆိုပြီး ပြောတယ်။ ဆိုတော့ ဒီဘက်က (မြန်မာနိုင်ငံ) လိုတာက (၁) စာသင်ခန်း (၂) Daylight Projector ဒါမှမဟုတ် TV Screen အကြီးကြီးပေါ့။ အဲဒါရရင်ရပြီ။ ထူးထူးခြားခြားကြီး မရှိပါဘူး။ Skype ပြောသလိုပါပဲ။ စာသင်ခန်းရှိမယ်။ ကင်မရာရှိမယ်။ ကျောင်း သားက မေးချင်တယ်ဆိုရင် ဆရာဆီကို ရောက်သွားမယ်။ ဆရာက ပြန်ဖြေမယ်။ ဆရာကတော့ သူရဲ့ စတူဒီယိုထဲမှာ ချန်နယ်တွေ အများကြီးရှိမယ်ပေါ့။ ကျောင်းသားတွေမေးတာ သူ့ဆီကို အကုန်တိုက်ရိုက် ရောက်မယ်ပေါ့။ စတူဒီယိုဆိုတာလည်း ခမ်းခမ်းနားနား မြောက်မြားစွာ ကုန်ကျမယ့်ဟာလည်း မဟုတ်ပါဘူး။

Voice    : အမေရိကန်ပြည်ထောင်စုက ဘယ်ကုမ္ပဏီလဲ။ ပြီးတော့ မြန်မာနိုင်ငံမှာ အဲဒီလို စင်တာ ဘယ်နှခုလောက် လုပ်မှာပါလဲခင်ဗျ။

UMMW    : Zoom ဆိုတဲ့ကုမ္ပဏီ၊ Life Sky ဆိုတဲ့ ကုမ္ပဏီရယ် နောက်တစ်ခုကတော့ မမှတ်မိတော့ဘူး။ သူတို့က ပံ့ပိုးပေးမှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့က ချန်နယ်တစ်ခုဆို ဘယ်လောက်ဆိုတာမျိုး သူတို့ဆီမှာ ဝယ်ရမှာ။ ကျွန်တော် နောက်ဆုံးသိရတာက ချန်နယ်တစ်ခုဆို ဒေါ်လာ ၈၀ လောက်ကျတယ်။ ဥပမာ-ကျွန်တော်က မန္တလေးမှာ ချန်နယ်တစ်ခု ဖွင့်မယ်ဆိုရင် အဲဒါအတွက်ကို ဒေါ်လာ ၈၀ လောက်ကျမယ်။ သူကတော့ တစ်လကို ဒေါ်လာ ၈၀ ပေါ့။ ကျန်တဲ့ကုန်ကျစရိတ်တော့ မပါဘူးပေါ့။ အဲလိုဟာမျိုးက အမေရိကန်မှာ အများကြီးရှိပါတယ်။ အကောင်းဆုံး ကုမ္ပဏီတွေကို ရွေးချယ်နေတာပေါ့။ တို့နိုင်ငံရဲ့ အင်တာနက်မြန်နှုန်းနဲ့က ဘယ်ကုမ္ပဏီက ကောင်းမယ်ဆိုတာ ခုဟာက အကြောင်းက မသိရသေးဘူး။ ဘာမှမလုပ်ရသေးတော့။ အဲဒါတွေလုပ်ပြီးမှ ကြိုက်တဲ့ ကုမ္ပဏီကို ရွေးပြီး အဖြေပေးလိုက်မှာပေါ့။

Voice    : ဒီမှာတော့ စင်တင်ထောင်မယ်။ ဆရာက အမေရိကမှာနေပြီး ဒီစတူဒီယိုထဲကနေ သင်မှာလား ခင်ဗျ။

UMMW    : အဲဒါလည်းရတယ်။ စင်တာတွေက ကြီးရင်လည်းကြီးမယ်။ စာသင်ခန်းမှာ ကျောင်းသားပေါင်း ၂၀၀ လောက် ပို့ချတာလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခုက စင်တာက အင်္ဂလိပ်စာတစ်ခုတည်း တင်မဟုတ်ဘူး။ တခြားသော စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်မျိုး စသဖြင့် ဒါတွေလည်းပါမယ်။ အဲဒီ စင်တာမှာ ပညာရေးပို့ချချက်တွေကလည်း တစ်နေကုန်ဖြစ်နေမှာ။ ဒါလည်း စိတ်ကူးယဉ်ထားတာနော်။ စိတ်ကူးယဉ်တာတွေက နောက်တကယ်ဖြစ်မှာ။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်က တစ်ခါကပြောတယ်။ အွန်လိုင်းကနေ ဝက်ဘ်ဆိုက်ကနေ သင်ကြားပို့ချနေတာ “ဟာ မလွယ်ဘူး။ ဒီကဟာနဲ့။ ဘယ်ကဲ့သို့ ညာကဲ့သို့နဲ့”  ပြောခဲ့ဖူးတယ်။ နည်းပညာတွေနဲ့ ရအောင် ကြိုးစားရတာပေါ့။

Voice    : မြန်မာပြည်ခရီးစဉ်က Business Visa နဲ့ ရက် ၇၀ ရထားတယ်။ ရက် ၃၀ နေမယ်လို့ ကျွန်တော် သိထားရပါတယ်။ ခရီးစဉ်အတွင်းမှာ ဘယ်တွေသွားဖို့ရှိလဲ။ သွားတဲ့နေရာတွေမှာ အဓိက ဘာလုပ်မှာပါလဲ ခင်ဗျ။

UMMW    : အဓိက ဒီကပြီးရင် ကျွန်တော့်ဇာတိ အညာဇာတိမြို့ ရေနံချောင်းမှာ ၁၁ ရက်နေ့ ဟောပြောပွဲရှိတယ်။ ပြီးရင်မုံရွာ။ ပြီးရင် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ဖိတ်ကြားချက်အရ တောင်ကြီးမြို့မှာ ဟောပြောပွဲရှိတယ်။ မုံရွာနဲ့ တောင်ကြီးက ရက်တွေမသိသေးဘူး။ သူတို့ညှိပြီး ရက်ကောင်း အချိန်အဆင်ပြေတာကို ပေးရမှာပေါ့။ ဒီမှာ (မြန်မာနိုင်ငံ) စာသင်ဖို့တော့ အချိန်မရဘူး။ ပညာရပ်ပိုင်းဆိုင်ရာ ဟောပြောပွဲလောက်ပါပဲ။ အခမဲ့ ကူညီတဲ့ ဟိုတယ်ပိုင်ရှင်တစ်ယောက်နဲ့ စကားပြောရင်းက ပညာရပ်ဆိုင်ရာတွေကို လူငယ်တွေ သိစေချင်တယ်ပေါ့။ တချို့ဟာတွေ လွဲတာတွေရှိတယ်ပေါ့။ ပညာရပ်ပိုင်းဆိုင်ရာ ဆိုတာလည်း နိုင်ငံတကာပညာရပ် သွားဆည်းပူးတဲ့အခါမှာ အံချော်ပြီး လွဲချော်တာရှိတယ်။
ကျောင်းသားမိဘတွေ၊ လူငယ်တွေပေါ့။ တတ်နိုင်တဲ့လူငယ်တွေ သွားကြတာပေါ့။ အဲဒါကို ပြောပြ ချင်တယ်။ အကူအညီ တောင်းထားတာတွေ ကျွန်တော့်ဆီ အများကြီး ရှိတယ်ပေါ့။ တချို့ဟာတွေ သတင်းအချက်အလက်တွေ မှားတဲ့အခါမှာ အကုန်လုံး ချော်ကုန်တာပေါ့။ နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လိုနည်းလမ်းတွေနဲ့ သွားသင့်တယ်။ နိုင်ငံတကာမှာလည်း ဘယ်လိုဖောက်သင့်တယ် ဆိုတာလေးတွေပါ။ တချို့က အရည်အချင်းရှိပေမယ့် ဘယ်လိုဖောက်ရမလဲ ဆိုတာ မသိတာရှိတယ်။ အဲဒါတွေကိုလည်း ကျွန်တော်အနေနဲ့ လမ်းဖွင့်ပေး ချင်တယ်။ ပညာသင်ဆုကလည်း ပညာသင်ဆုလိုင်းပေါ့။ ပိုက်ဆံပေးတာလည်း ပိုက်ဆံပေးတဲ့လိုင်းပေါ့။

Voice    : လူငယ်တွေကိုရော ဘာများ မှာကြားချင်ပါသလဲ ခင်ဗျ။

UMMW    : လူငယ်တွေ ခနခနမေးတဲ့မေးခွန်းလေး ရှိတယ်။ တိုင်းပြည်တိုးတက်ရေးမှာ သူတို့ဘာလုပ်ပေး ရမလဲတဲ့။ ကျွန်တော် သူတို့ကို အဖြေပေးခဲ့တယ်။  တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ် ဆိုရင် မင်းတို့အဓိကလုပ်ရမယ့် တာဝန်က မိမိကိုယ်ကိုယ် မိမိ အတော်ဆုံး ဖြစ်အောင်လုပ်ပါ။ မိမိကိုယ်ကိုယ် အတော်ဆုံးဖြစ်နေခြင်းဟာ လောကကို အကျိုးပြုခြင်းပဲ။ လူတစ်ယောက်ဟာ တော်နေရင် အနည်းဆုံး အဆင့်တော့ မိသားစုကို အကျိုးပြုတယ်လို့။ အနည်းဆုံးအဆင့် ရပ်ရွာကိုအကျိုးပြုတယ်။ အဲဒီလို အတော်တွေ များများလာတဲ့အချိန် နိုင်ငံလည်း တိုးတက်တာပေါ့။ အနှစ်ချုပ်ပြောပါမယ်။ လူငယ်တွေဟာ တိုင်းပြည်ကို အလုပ်အကျွေးပြုချင်တယ်ဆိုရင် မိမိကိုယ်ကိုယ် မိမိ အတော်ဆုံးဖြစ်အောင် ကြိုးစားပါ။

Voice    : ခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။     
    
နေဇာကျော်


  • TAGS

ABOUT AUTHOR

(နေဇာကျော်)