News

POST TYPE

INTERVIEW

အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခြင်း
10-Aug-2016
နာမည်ကျော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံပြီး ကိုယ်ပိုင်တည်ထောင်ထားတဲ့ သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်ရိုက်ကူးတော့မယ့် Reflection  ရုပ်ရှင်ဇာတ်ကားအကြောင်း၊ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်းနဲ့ ထပ်မံ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်တဲ့  Reflection ကို မင်းသမီး လေးယောက်နဲ့ ထူးထူးခြားခြား ရိုက်ကူးဖြစ်တဲ့ အကြောင်းကနေ စပြောပေးပါဦး။

EDKZ : အူဝဲတို့ သုဒြာထုတ်လုပ်ရေးကနေ ပထမ ဆုံးရိုက်မယ့် ရုပ်ရှင်ကို ထူးထူးခြားခြားလေး ဖြစ်ချင်တယ်ပေါ့နော်။ နောက်ပြီး တစ်မူကွဲပြားတဲ့ ပုံစံလေးနဲ့လည်း သွားချင်တယ်။ ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးကို စဉ်းစားလိုက်တဲ့အခါမှာ မင်းသားမပါဘဲ၊ မင်းသမီးတွေနဲ့ချည်း ဇာတ်ကားတစ်ကားရိုက်ဖို့ စိတ်ကူးရသွားတာပါ။ ဒီကားမှာဆို မင်းသမီးတွေရဲ့ အက်ရှင်နဲ့ ဖက်ရှင် ပိုင်းကို အဓိကပြမှာပေါ့။ 

Voice : ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကိုလည်း ဇာတ်ညွှန်းရေးဆရာ ငါးယောက်တောင် ပေါင်းရေး ကြတယ်လို့လည်း ကြားတယ်။ ဘယ်လိုကြောင့်လဲ။

EDKZ : အဲ့ဒါကတော့ ဆုရထားတဲ့ လူငယ်တွေ ပေါင်းပြီး အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ထားတာပေါ့။ သူတို့ ကတော့  MRTV4  အတွက်လည်း ဇာတ်လမ်းတွေ ရေးနေတယ်လို့ ပြောပါတယ်။ ဘာပဲပြောပြော လူငယ်တွေရေးတာ ဆိုတော့ စိတ်ကူး အသစ်တွေလည်း ထွက်တယ်။ ဒီဇာတ်လမ်းကို ဆိုလည်း အူဝဲကဘယ်လို ပုံစံလေး လိုချင်တယ်ဆိုတာကို အကြမ်းပြောပြလိုက်တာနဲ့ သူတို့ဆီက တကယ်ကောင်းတဲ့ ဇာတ်တစ်ပုဒ်လုံး ထွက်လာတာပေါ့။ လူငယ်တွေရဲ့ စိတ်ကူးအသစ်တွေ ရချင်တဲ့အတွက် ဒီဇာတ်ကိုရေးဖို့ သူတို့ကိုပဲ အပ်လိုက်တာပါ။

Voice :  ဇာတ်လမ်းကို အရင်ရှာပြီးမှ ဇာတ်နဲ့ လိုက်ဖက်တဲ့သူတွေကို ပါဝင်ဖို့ပြောတယ်လို့ မအူဝဲ ပြောခဲ့ဖူးတယ်နော်။ ဒီကားမှာပါဝင်တဲ့ မင်းသမီးသုံးယောက်ကို ဘယ်လိုစိတ်ကူးနဲ့ ရွေးချယ်ဖြစ်တာလဲ။

EDKZ : အဲ့ဒါကတော့ မခိုင်ကြီးဆိုလည်း သူသရုပ်ဆောင်ရမယ့်နေရာက သူနဲ့ကွက်တိဖြစ်တယ်။ သူကလည်း တကယ်လုပ်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ဇာတ်လမ်းအခန်းစဉ်တွေ ထွက်လာတဲ့အခါမှာ မခိုင်ကြီးကတော့ သူ့နေရာအတွက် သေချာပြီးသားပေါ့။ ကျန်တဲ့နေရာ သုံးနေရာအတွက်က ကစ်ကစ်( ဝတ်မှုန်ရွှေရည်) ကို သူကြိုက်တဲ့ နေရာလေးကို အရင်ဆုံးပေးရွေးတယ်။ သူကြိုက်တဲ့နေရာကို ယူပြီးတော့မှာ ကျန်တဲ့နှစ်နေရာကို အူဝဲနဲ့ ပက်ထရစ်ရှာနဲ့က ယူလိုက်ပါတယ်။ ဒီကားကို လက်ခံရိုက်ကူးပေး တဲ့အတွက်လည်း ကစ်ကစ်ကို ကျေးဇူးတင်ပါတယ်။ သူရွေးချယ်လိုက်တဲ့ နေရာကလည်း သူနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ပက်ထရစ်ရှာ ဆိုလည်း သူ့နေရာလေးက ကောင်းပါတယ်။

Voice : မအူဝဲကတော့ ရှေ့မှာ ဒါရိုက်တာ အောင်ကိုလတ်နဲ့ အက်ရှင်ဇာတ်ကားတစ်ကား ရိုက်ဖူးခဲ့တယ်။ ကျန်တဲ့ မင်းသမီးတွေကတော့ အက်ရှင်ကား မရိုက်ဖူးကြဘူးနော်။ အဲဒီအတွက် ရိုက်ကူးရေးပိုင်းမှာ ဘယ်လို အခက်အခဲတွေရှိနိုင်မလဲ။

EDKZ :  အဲ့ဒါကတော့ အန်ကယ်လေး (လူမင်း) တာဝန်ယူပါလိမ့်မယ်။ အန်ကယ်လေးကတော့ သူ့ရဲ့ ရိုက်ချက်တွေနဲ့ ဒီကားကို အကောင်းဆုံး ရိုက်ပြမှာပေါ့။ လူစားထိုးပြီး ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါချင်ပါမှာ ပေါ့နော်။ မင်းသမီးတွေကတော့ တကယ့် အက်ရှင်ခန်းတွေ ရိုက်ဖို့က အရမ်းကြီးပိုင်ပိုင်နိုင်နိုင်တော့ ဘယ်ရမလဲပေါ့နော်။ အန်ကယ်လေးကတော့ ဒီကားကို အကောင်းဆုံး ရိုက်ပြနိုင်မယ်လို့ ထင်ပါတယ်။

Voice : ဒီကားမှာ မင်းသမီးလေးယောက်ရဲ့ ဖက်ရှင်ပိုင်းအတွက်လည်း သေချာလေး ပြင်ဆင်ထားတယ်လို့ ကြားတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။

EDKZ : ဒီကားအတွက် အူဝဲတို့ Stylist တွေအကုန် ငှားထားတယ်။ မင်းသမီးတစ်ယောက်စီ အတွက်  Stylist  တစ်ယောက်စီရှိမယ်။ ဘယ်ဇာတ်ဝင်ခန်းမှာ ဘယ်လိုဖက်ရှင်မျိုးနဲ့ သွားမလဲဆိုတာကို Stylist တွေက ပြင်ဆင်ပေးမှာပေါ့။ သဘောအားဖြင့် ဖိုက်တင်ချတယ်ဆိုတဲ့ နေရာမှာ သူများတွေက ဘောင်းဘီတွေနဲ့ ချမယ်လို့ ထင်ကြမှာပေါ့။ အဲ့ဒီနေရာမှာ အူဝဲတို့က Dress နဲ့လည်း ချချင်ချမှာပေါ့။ အဓိကကတော့ Reflection  ရုပ်ရှင်ဇာတ်ကားက မင်းသမီးတွေရဲ့ ဖက်ရှင်အလန်းတွေနဲ့ အက်ရှင်ကို တွဲပြီးပြမှာပါ။

Voice : ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။ မခိုင်ကြီး( ထွန်းအိန္ဒြာဗို) ကို မေးတုန်းကတော့ မအူဝဲတို့ သုံးယောက်က သူ့ကိုလက်စားချေတဲ့ဇာတ်လို့ ပြောတယ်။

EDKZ : ဒီကားမှာတော့ မခိုင်ကြီးကြောင့် အစ်မတို့တွေရဲ့ ငယ်ဘဝတွေမှာ မိသားစုတွေ တကွဲတပြားစီ ဖြစ်သွားတယ်။ မိဘတွေ သေသွားကြတယ်ပေါ့။ မခိုင်ကြီးကို ကလဲ့စားချေချင်တဲ့ စိတ်တွေက မိန်းကလေး သုံးယောက်လုံးမှာ ရှိနေတယ်။ တစ်နေ့မှာ သူ့ကို ပြန်ကလဲ့စားချေဖို့ အကုန်လုံးက ကြိုးစားနေကြတဲ့ ဇာတ်လမ်းပါ။

Voice :  သုဒြာထုတ်လုပ်ရေးကနေ နောက်ထပ်ရိုက်ဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေကိုလည်း ပြောပြ ပေးပါဦး။

EDKZ :  နောက်တစ်ကားကတော့ အောက်တိုဘာလမှာ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ရိုက်ပါမယ်။ သရုပ်ဆောင်တွေကတော့ မင်းမော်ကွန်း၊ အောင်ရဲလင်း၊ ကိုရန်အောင်၊ မစိုးကြီး (စိုးမြတ်သူဇာ) ပါမယ်။ ကျန်တဲ့ မင်းသမီး အငယ်နှစ်ယောက်ကတော့ အစ်မတို့ရွေးနေတုန်းပါပဲ။ အစ်မတို့ ထုတ်လုပ်ရေးကနေပြီး ဇာတ်လမ်းနဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်တွေကို အဓိကရွေးချယ်ပြီး ရိုက်ကူးမှာပါ။ ဒီကားပြီးရင်တော့ ဒါရိုက်တာဦးမျိုးမင်းတို့၊ ကိုဝိုင်းတို့နဲ့လည်း ရိုက်ဖို့စီစဉ်ထားပါတယ်။ 

Voice : နောက်ရိုက်မယ့် ဇာတ်လမ်းတွေကိုရော မအူဝဲကိုယ်တိုင် စဉ်းစားပြီးရိုက်ဖြစ်မှာလား။

EDKZ : အဲ့ဒါကတော့ ဒီဒါရိုက်တာနဲ့ဆိုရင် ဘယ်လိုဇာတ်လမ်းမျိုးရိုက်မယ် ဆိုတာ စဉ်းစားပေးမှာပေါ့။ သရဲကားဆိုရင် ဘယ်သူ၊ အက်ရှင်ဆိုရင် ဘယ်သူ၊ အချစ်ဇာတ်ကားဆိုရင် ဘယ်သူနဲ့ ရိုက်မယ်ဆိုတာကို ကိုယ်က အရင်ရွေးလိုက်တယ်။ ဒါရိုက်တာတွေဆီမှာလည်း ဇာတ်လမ်းကောင်းလေးတွေ ရှိတယ်လေ။ သူတို့ဆီမှာရှိတဲ့ ဇာတ်တွေကိုလည်း အစ်မဖတ်ကြည့်တယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ ဇာတ်ရှိရင်လည်း ယူရိုက်မှာပါ။

Voice : မအူဝဲသရုပ်ဆောင်ရမယ့် မေနိုင်း ဆိုတဲ့ ဇာတ်ကောင်အကြောင်းလည်း ပြောပြပေးပါဦး။

EDKZ : မေနိုင်း ဆိုတဲ့ကာရိုက်တာကတော့ သူငယ်ငယ်ကတည်းက မိဘတွေက သူ့ရဲ့မျက်စိရှေ့မှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ သူအပျိုပေါက်အရွယ် ဆယ့်ခြောက်နှစ်လောက်မှာပဲ မုဒိမ်းကျင့်ခံလိုက်ရတယ်။ သူ့ညီမလေးကိုလည်း မခိုင်ကြီးရဲ့ တပည့်တွေက ခေါ်သွားတယ်။ ဒီမိန်းမကြီးကိုပဲ အရမ်း ကလဲ့စား ချေချင်တဲ့စိတ်နဲ့ပဲ ရှင်သန်နေတာပေါ့။ ဒီကားကို ဩဂုတ်လ ၁၂ ရက်နေ့ စရိုက်ပါမယ်။ ရန်ကုန်နဲ့ နေပြည်တော် နှစ်နေရာမှာ ရိုက်ပါမယ်။ 

သန့်ဇင်ဦး



ABOUT AUTHOR

(သန့်ဇင်ဦး)