News

POST TYPE

INTERVIEW

သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခြင်း
09-Aug-2016
နာမည်ကျော် သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားများ အကြောင်း၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့အမြင်နဲ့၊ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အောင်ရဲလင်းနဲ့ ရိုက်နေတဲ့ မောင့်ကိုမမုန်းဘူး ရုပ်ရှင်က ဘယ်လိုဇာတ်လမ်းမျိုး ဖြစ်မလဲ။

TZWK : ဇာတ်လမ်းကတော့ ဖန်စီဟာသ ဇာတ်လမ်းလေးပါပဲ။ ဒီကားမှာ အောင်ရဲလင်းရယ် မကြီးစိုးရယ် သင်ဇာရယ်က အဓိကသ ရုပ်ဆောင်တွေပေါ့။ ကျန်တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေလည်း ပါပါတယ်။ သင်ဇာ့ ကာရိုက်တာကတော့ အမေနဲ့ ယောက်ျားကြားမှာ ညပ်တာပေါ့။ ယောက်ျားကိုလည်း အရမ်းချစ်တယ်။ အမေနဲ့လည်း မခွဲနိုင်ဘူး။ ဒါပေမဲ့ ရည်းစားဘဝ ကတည်းက သူက အလွဲလွဲအချော်ချော် အရမ်းလုပ်တာ။ ကိုယ်က သူ့ကို သည်းခံပြီး ခွင့်လွှတ်ရတာပေါ့နော်။ တချို့ကိစ္စတွေဆို ကိုယ့်ကိုပါ ထိခိုက်လာတာပေါ့။ နောက်ဆုံး သူနဲ့ယူလိုက်တော့ သူက ကိုယ့်အိမ်မှာ လိုက်လာနေရင်းနဲ့ အမေနဲ့ ပြဿနာတွေ ဖြစ်တာပေါ့။ ဒီဇာတ်ကားက ဟာသဆိုပေမယ့် ကိုယ့်အတွက် လုပ်ကွက်တော်တော်ရပါတယ်။ 

Voice : ဒါရိုက်တာ ခင်စောမျိုးနဲ့ ရိုက်နေတဲ့ ဝုန်းပစ်လိုက်မယ် ရုပ်ရှင်ကရော ရိုက်လို့ ပြီးသွားပြီလား။

TZWK : အဲ့ဒီကားကလည်း ရိုက်လို့မပြီးသေးဘူး။ အဲ့ဒီကားမှာကျတော့ ညီအစ်ကိုလေးယောက် ရှိတယ်။ ကိုနိုင်ကြီး (ကျော်ရဲအောင်) က အကြီးဆုံးပေါ့။ သူ့အောက်က ညီတွေကတော့ ကိုကျော်ကျော်ဗို၊ ကိုရဲလေးနဲ့ မိုးအောင်ရင်တို့ပါ။ မိုးအောင်ရင်ကတော့ ခြောက်နေတာပေါ့။ သားတွေ အကုန်လုံးက အမေကို ဒုက္ခတွေ အမျိုးမျိုး ပေးတာပေါ့နော်။ နောက်ဆုံး မိန်းမတွေခိုးပြီး အိမ်ပေါ်တင်လာတယ်။ အဲ့ဒီမှာ လင်ညီအစ်မတွေကလည်း မတည့်ကြဘူး။ မိသားစု ဇာတ်လမ်းပါပဲ။ သင်ဇာကတော့ ဒီကားမှာ ကိုရဲလေးနဲ့ တွဲရတာပါ။

Voice : သင်ဇာက အဝတ်အစားဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သူမျိုးလို့ ပြောလို့ရလား။ ကိုယ့်ရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး တချို့ဝေဖန်မှုတွေကိုရော ဘယ်လိုခံစားမိလဲ။

TZWK : သင်ဇာ ဝတ်တဲ့ဖက်ရှင်တွေက ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ဘူးလေ။ လူလက်မခံနိုင်လောက်တဲ့ ပုံစံမျိုးတွေလည်း မဝတ်ဘူး။ ကိုယ့်ခန္ဓာကိုယ် အလှအပကိုလည်း ပြလို့ရအောင် အဆင့်အတန်းရှိရှိ ဝတ်တာပေါ့။ ရိုင်းရိုင်းစိုင်းစိုင်း ဖက်ရှင်မျိုးလည်း မဝတ်ပါဘူး။ ရေကူးမယ်ဆိုရင် ဘီကီနီ ဝတ်ရမယ်။ မြန်မာပွဲလမ်းသဘင်တွေ တက်မယ်ဆိုရင် ချိတ်နဲ့ မြန်မာအင်္ကျီ ဝတ်ရမယ်။ နေရာဒေသအလိုက် ဝတ်ရမယ့် ဝတ်စုံဆိုတာ အကုန်လုံး သတ်မှတ်ထားပြီးသားပါ။ အဲ့ဒီအပေါ်မှာ လိုက်လျောညီထွေ ဖြစ်အောင် ကိုယ်က ဝတ်တာပဲလေ။ ဒါကိုမှ လူတွေက လိုက်ပြောနေမယ်ဆိုရင် ကိုယ်ဘယ်လို ဝတ်ရတော့မှာလဲ။ ကိုယ်ကတော့ လိုက်လျောညီထွေ ဖြစ်အောင် ဝတ်တာပဲ။ ဒါကို အကောင်းမမြင်တဲ့သူ ရှိရင်တော့ မတတ်နိုင်ဘူး။

Voice : အနုပညာရှင် တစ်ယောက်က ဝေဖန်တိုက်ခိုက်မှုတွေ မျိုးစုံကြုံရမှာပဲလေ။ ဒီအပေါ်မှာ ဘယ်လိုစိတ်နဲ့ ရပ်တည်ရှင်သန်နေလဲ။

TZWK : ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ရှိသလို၊ အမြင်မကြည်ဘဲနဲ့ ပုတ်ခတ်နေတဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒီလို လူမျိုးတွေအတွက် သင်ဇာ အချိန်မပေးနိုင်ဘူး။ သူတို့စကားတွေကို နားယောင်ဖို့လည်း အချိန်မရှိဘူး။ ကိုယ့်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် လုပ်စရာ ရှိတာတွေ လုပ်ရမယ်။ ကိုယ့်ကိုဝေဖန်တဲ့ စကားတွေကို နားယောင်ပြီး စိတ်ညစ်နေဖို့လည်း အချိန်မရှိဘူး။ ကိုယ့်ဟာကိုယ် ယုံကြည်မှုလည်း အပြည့်ရှိတယ်။ ကိုယ့်အနုပညာ အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ စိတ်ကူးထားပါတယ်။ တခြားသူတွေရဲ့ စကားကို နားယောင်ဖို့ အချိန်မရှိဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်သွားတယ်။ ကိုယ့်ခံယူချက်နဲ့ ကိုယ်သွားပါတယ်။ 

Voice : ဒီလိုမျိုး ဝေဖန်မှုတွေကို ခံနိုင်ရည် ရှိသွားတာက အနုပညာသက်တမ်း ရလာတာကြောင့်ရော ပါမှာပေါ့။ 

TZWK : အရင်တုန်းကတော့ သူများပြောတာ ဆိုတာတွေကို ဂရုစိုက်တဲ့အထဲမှာ ပါပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဝေဖန်မှုတွေကို ဂရုစိုက်နေမယ်ဆိုရင် ကိုယ်လုပ်မယ့် အရှိန်သာ နှေးသွားမယ်။ ကိုယ့်အတွက် ဘာမှကောင်းကျိုးဆိုတာ ဖြစ်မလာနိုင်ဘူး။ ဒီအနုပညာလောကမှာက သူများမလုပ်တာ တစ်ခုကို ကိုယ်လုပ်လိုက်ပြီဆိုရင် လူတွေက ကိုယ့်ကို အရူးလို့ ပြောကြမယ်။ ကိုယ်လုပ်လိုက်တဲ့ဟာက အရမ်းအောင်မြင်သွားတယ်ဆိုရင် ဟာသူတော်လိုက်တာ ဆိုပြီး လက်ခုပ်ဝိုင်းတီးကြမယ်။ အဲ့ဒါကြောင့် သင်ဇာကတော့ ကိုယ်လုပ်စရာ ရှိတာကို ဖြစ်မြောက်အောင် ပြီးအောင်လုပ်မယ်။ မပြီးသေးတဲ့ အချိန်မှာ သူများတွေ လာပြောတာကို နားမယောင်နိုင်ဘူး။ အဲ့ဒီလို စိတ်ထားလိုက်တဲ့ အခါကျတော့ ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ဘူး ဖြစ်သွားတယ်။

Voice : သင်ဇာ့ရဲ့ ပရိသတ်တွေအပေါ် ပေးထားတဲ့ အချစ်တွေ ခွဲပေးရတော့မယ်လို့လည်း ကြားတယ်နော်။

TZWK : ပရိသတ်အချစ်က သတ်သတ်၊ မိသားစုအချစ်က သတ်သတ်စီပါပဲ။ ၁၅၀၀ အချစ်ကလည်း အကန့်တစ်ခုစီပါပဲ။ အဲ့ဒါကြောင့် ပရိသတ်တွေ အပေါ်ထားတဲ့ အချစ်ကို ခွဲပေးလိုက်ရတာတော့ မဟုတ်ပါဘူး။ အချိန်တွေ ဖဲ့ပေးလိုက်ရတာတော့ ဟုတ်ချင်ဟုတ်မယ်။ ရှိချင်ရှိမယ်။ ပရိသတ်တွေအပေါ်ထားတဲ့ အချစ်ကတော့ လျော့မသွားပါဘူး။ သင်ဇာ လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒီအနုပညာ အလုပ်ကို ကြိုးစားပြီး ဆက်လုပ်သွားဦးမှာပါ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုသင့်တဲ့ အရွယ်က အသက် ၃၀ လောက်ပေါ့။ ကိုယ်ကလည်း အသက် ၃၀ ပြည့်ဖို့ နီးတော့ နီးနေပါပြီ။ အသက် ၃၀ ကျော်သွားလည်း ပြုလို့တော့ ရသေးတာပါပဲ။ အဓိကကတော့ ပရိသတ်တွေ အားပေးနေတဲ့ အချိန်အထိ ဒီအလုပ်ကို ဆက်လုပ်သွားမှာပါ။

Voice : လူမှုကွန်ရက် Facebook မှာလည်း ချစ်သူနဲ့ ဓာတ်ပုံတွေ တွေ့ရတယ်လေ။ ကိုယ့်ရဲ့ အချစ်ရေးကိုရော ဘယ်တော့လောက် ပွင့်ပွင့်လင်းလင်း ပြောပြမလဲ။

TZWK : အားလုံး သေချာသွားပြီဆိုမှ ကိုယ့်ချစ်သူ ဘယ်သူလဲ ဆိုတာကို သင်ဇာကတော့ ထုတ်ပြချင်ပါတယ်။ တစ်ခုခုစားမယ်ဆိုရင် မုန့်တောင် နှုတ်ခမ်းနားတေ့ပြီးမှ လွတ်ကျတတ်သေးတာပဲ။ လူဆိုတာလည်း ပြောလို့မရဘူးလေ။ စိတ်အမျိုးမျိုးလည်း ပြောင်းလဲသွားနိုင်တယ်။ ဒီတစ်ယောက်ကို ချစ်နေပေမယ့်လည်း တစ်ချိန်မှာ ပြောင်းလဲရင်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ သင်ဇာ့ ချစ်သူကို ထုတ်မပြသေးတာပါ။ ဒီလိုမျိုး အချစ်ရေးနဲ့ ပတ်သက်ပြီး ဆင်ခြင်တတ်သွားတာက ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်လည်း ပါသလို မိဘတွေရဲ့ ဆိုဆုံးမမှုကြောင့်လည်း ပါပါတယ်။ ဒီအသက်အရွယ် ရောက်လာတဲ့ အချိန်မှာတော့ တစ်ခုခု လုပ်တော့မယ်ဆိုရင် သေချာစဉ်းစားဆင်ခြင်ပြီးမှ လုပ်လေ့ရှိပါတယ်။

သန့်ဇင်ဦး