News

POST TYPE

INTERVIEW

မိုးစက်ဝိုင်နဲ့ တွေ့ဆုံခြင်း
07-Aug-2016
မြန်မာအလှမယ်တစ်ဦး ဖြစ်တဲ့ မိုးစက်ဝိုင်နဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်း၊ ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးရမယ့် ခရီးသွားအစီအစဉ် အကြောင်းနဲ့ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေထူးရဲ့ မမျှော်လင့်တော့ပါဘူး MTV မှာ မိုးစက် သရုပ်ဆောင်ထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီအကြောင်းကနေ စပြီးပြောပြပေးပါဦး။

MSW : အဲ့ဒီသီချင်း ရိုက်ပေးဖို့ Bo Bo Entertainment က ကိုဘိုဆန်းတို့က လာပြီးတော့ ကမ်းလှမ်းတာပါ။ အဲ့ဒီတုန်းက မိုးစက်က ရွှေထူးရဲ့ သီချင်းတွေကို သိပ်ပြီး မသိသေးဘူး။ မသိဘူး ဆိုတာက မိုးစက်ကိုယ်တိုင်က သီချင်းအသစ်တွေကို ရှာဖွေပြီး နားထောင်တတ်တဲ့ အကျင့်မရှိတော့လေ။ ကိုဘိုဆန်းက နားထောင့်ကြည့်လို့ ပြောတဲ့အတွက် နားထောင်လိုက်တဲ့ အခါမှာ သီချင်းကို အရမ်းကြိုက်သွားတယ်။ အဲ့ဒါကြောင့်မို့ လက်ခံ ရိုက်ကူးဖြစ်သွားတာပါ။

Voice : နေတိုးနဲ့ ရိုက်ရမယ့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ကလည်း ဇာတ်လမ်းအခန်းစဉ်တွေ ရပြီလို့ ကြားတယ်။ ကိုယ့်သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက် ဘာတွေပြင်ဆင်နေပြီလဲ။

MSW : ဒီဇာတ်ကားရဲ့ ကောင်းကွက်တချို့ကတော့ အကုန်လုံးက တိုင်ပင်ညှိနှိုင်းတယ်။ တခြားကားတွေတော့ မသိဘူးပေါ့နော်။ မိုးစက်က ကားရိုက်ဘက်မှာ အတွေ့အကြုံ သိပ်မရှိသေးတော့လေ။ ဒီကားမှာကျတော့ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာကို ကိုယ့်အမြင်လေးတွေ ပြောလို့ရတယ်။ ပြီးရင် အားလုံး ပြန်တိုင်ပင်ကြတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံးဖြစ်အောင် အားလုံးက အားထည့်ပြီး ကြိုးစားနေကြပါတယ်။ 

Voice : ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရုပ်သံအစီအစဉ်မှာ မိုးစက် ပါဝင်ရမယ်လို့လည်း ကြားထားတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။

MSW : အဲ့ဒါကတော့ မိုးစက်တို့ မြန်မာနိုင်ငံမှာ Bo Bo Entertainment အစီအစဉ် ရိုက်သလိုပါပဲ။ ဂျပန်နိုင်ငံရဲ့ အထင်ကရ မြို့တွေကို သွားမယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာဒေသတွေကို ခရီးသွားတွေ သိအောင် ဂျပန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ ရိုက်ပြတဲ့ အစီအစဉ်ပါ။ မိုးစက်ကို ဖိတ်ကြားထားတာကတော့ ဂျပန်ကုမ္ပဏီ တစ်ခုက ဖိတ်တာပါ။ ဒီအစီအစဉ်ရိုက်ဖို့ အောက်တိုဘာလမှာ မိုးစက် ဂျပန်ကိုသွားရမယ်။ နှစ်ခေါက်၊ သုံးခေါက်လောက်တော့ သွားရမယ်။ ရိုက်ကူးပြီးသွားရင်တော့ ဂျပန်နိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်းတစ်ခုမှာ ပြမယ်။ မြန်မာနိုင်ငံမှာတော့ မြဝတီ ရုပ်မြင်သံကြားမှာ ပြပါမယ်။

Voice : ပြည်ပနိုင်ငံတစ်ခုအတွက် ရိုက်ကူးတဲ့ ခရီးသွားရုပ်သံ အစီအစဉ်မှာ ပါဝင်ရမှာဆိုတော့ ကိုယ့်အတွက် ဘယ်လို အတွေ့အကြုံသစ်တွေ ရဖို့မျှော်လင့်ထားလဲ။

MSW : မိုးစက် အနေနဲ့ကတော့ Amazing City အစီအစဉ် ရိုက်တုန်းက ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့တွေကို တခြားနိုင်ငံက လူတွေပါ သိအောင် ပြောပြပေးရတာပေါ့။ ဂျပန်နိုင်ငံမှာ သွားရိုက်ရမယ့် အစီအစဉ်ကကျတော့ ကိုယ့်နိုင်ငံက ပရိသတ်တွေ ဗဟုသုတရအောင် တခြားနိုင်ငံမှာ ကိုယ်စား သွားကြည့်ပေးရသလိုပါပဲ။ ဒီအစီအစဉ်က မြန်မာနိုင်ငံမှာလည်း ပြန်လွှင့်မှာ ဆိုတော့လေ။ ဂျပန်နိုင်ငံရဲ့ သဘာဝအလှအပတွေ၊ အစားအသောက်တွေ၊ ရိုးရာဓလေ့တွေကို ပရိသတ်တွေ မြင်ကြရမှာပေါ့။

Voice : မိုးစက်ကိုယ်တိုင်ရော ဂျပန်နိုင်ငံကို အလည်အပတ်အနေနဲ့ အရင်က ရောက်ခဲ့ဖူးလား။

MSW : မိုးစက် ဂျပန်ကို တစ်ခေါက်တော့ ရောက်ဖူးပါတယ်။ ဂျပန်နိုင်ငံကတော့ မိုးစက် အာရှမှာ အကြိုက်ဆုံးနိုင်ငံလို့ ပြောလို့ရပါတယ်။ အာရှမှာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာပါ အကြိုက်ဆုံး နိုင်ငံထဲမှာ ပါပါတယ်။ သူတို့ဆီရောက်ပြီ ဆိုတာနဲ့ Ouality ဆိုတာ လုံးဝစိတ်ချရတယ်။ တစ်ကမ္ဘာလုံးမှာလည်း ဂျပန်ပစ္စည်းတွေရဲ့ အရည်အသွေးတွေကိုဘယ်သူမှ သံသယ မရှိကြဘူးလေ။ ဈေးပေါတာပဲဖြစ်ဖြစ်၊ ဈေးကြီးတာပဲဖြစ်ဖြစ် ဂျပန်တွေက သူတို့ ထုတ်လုပ်တဲ့ ပစ္စည်းအရည်အသွေးကို ထိန်းထားတယ်။ နိုင်ငံခြားမှာ မိုးစက်တို့ ကျောင်းသွားတက်တုန်းက ဆိုလည်း ဂျပန် အသုံးအဆောင်ပစ္စည်းဆို လိုချင်တာချည်းပါပဲ။

Voice : ပြည်တွင်းမှာ ရိုက်နေတဲ့ Amazing City အစီအစဉ်ကရော ဘယ်တော့လောက် ပြန်စရိုက်မလဲ။

MSW : အဲ့ဒီအစီအစဉ် ရိုက်ဖို့ကတော့ နည်းနည်းအချိန်ယူရဦးမယ်။ တကယ်တော့ ပြည်တွင်းက သွားရလာရတာ ပိုခက်ခဲပါတယ်။ ရိုက်ကူးရေးအဖွဲ့ အနေနဲ့ကလည်း ခရီးသွားတွေ သွားလေ့သွားထ မရှိတဲ့ နေရာတွေကို သွားရိုက်ပြဖို့အတွက် အများကြီး ကြိုတင်ပြင်ဆင်ရတယ်။ ကုန်ကျစရိတ်တွေလည်း ပိုများတယ်။ တည်းခိုဖို့ နေရာတွေလည်း အခက်အခဲရှိတယ်။ ပြည်တွင်းမှာတော့ မိုးစက်တို့ ရိုက်ပြဖို့ ကျန်တာက ချင်းပြည်နယ်ပဲ ရှိတော့တယ်။ အဲဒါကြောင့် ပြည်ပထွက်ပြီး ရိုက်ဖို့လည်း ရှိတယ်။ ရိုက်ကူးရေးအဖွဲ့နဲ့ ထုတ်လုပ်သူပိုင်းက ညှိနှိုင်းနေကြတဲ့အတွက် နည်းနည်းကြန့်ကြာနေတာပါ။

Voice : ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့ပဲ ပျော်နေတော့မှာလား။ ကိုယ်လည်း ဘဝလက်တွဲဖော် ရှာရမယ့် အချိန်ရောက်ပြီဆိုတော့ ဘယ်လိုတွေ စဉ်းစားထားလဲ။

MSW : မိုးစက်ဘဝအတွက် ဘဝလက်တွဲဖော်က အချိန်တန်ရင်တော့ တွေ့လာမှာပါ။ အကယ်၍ မတွေ့ဘူး ဆိုရင်လည်း Single ဘဝမှာ လုပ်စရာတွေက အများကြီး ရှိပါတယ်။ ကိုယ်လုပ်ချင်တာလေးတွေ လုပ်နေရင်းနဲ့ပဲ ပျော်မွေ့နေတာပါပဲ။ အခုချိန်မှာတော့ မိုးစက်က Single ပါပဲ။ တစ်ယောက်တည်း နေရတဲ့ဘဝက လွတ်လပ်မှု အရမ်းရှိတယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်။ သူငယ်ချင်းတွေနဲ့လည်း ပျော်လို့ရတယ်။ တစ်ခုခုလုပ်မယ် ဆိုရင်လည်း သိပ်ပြီးတော့ စဉ်းစားစရာ မလိုဘူး။ ကိုယ့်အတွက်ကိုယ် အာရုံစိုက်ရုံပါပဲ။

Voice : ဘယ်အချိန်မှာ အိမ်ထောင်ပြုမယ်ဆိုပြီး စဉ်းစားထားတာမျိုးရော ရှိလား။ ဒါမှမဟုတ် မိဘသဘောကျလို့ ပေးစားတဲ့သူပဲ ယူမှာလား။

MSW : မိဘတွေကတော့ သူတို့မှာရှိတဲ့ မိရိုးဖလာ ထုံးစံအတိုင်း အိမ်ထောင်ပြုစေချင်တဲ့ အရွယ်တစ်ခုတော့ ရှိမှာပေါ့နော်။ မိုးစက်အနေနဲ့ကတော့ ဘယ်အချိန်မှာ အိမ်ထောင်ပြုမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ မိုးစက်က ဘဝအတွက် ဆုံးဖြတ်စရာ တစ်ခုခု ကြုံလာရင် များသောအားဖြင့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်လုပ်ပါတယ်။ မိဘကလည်း ကိုယ့်ဆုံးဖြတ်ချက်ကို အမြဲတမ်း အားပေးပါတယ်။ ကိုယ်ကလည်း တစ်ခုခုဆို သေချာမစဉ်းစား မဆင်ခြင်ဘဲ လုပ်တတ်တဲ့သူမျိုးထဲမှာ မပါပါဘူး။

သန့်ဇင်ဦး