News

POST TYPE

INTERVIEW

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အပေါ် အမြင်များ
04-Jan-2017 tagged as

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၆၉ နှစ်သို့တိုင်ရောက်ရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည်လည်း ယနေ့အချိန်အထိ တည်တံ့လျက် ရှိနေဆဲဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန် ရည်သန်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်။ အလားတူ လက်ရှိ အစိုးရလက်ထက်တွင်လည်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရန် တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးလျက်ရှိသကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကိုလည်း ကျင်းပနိုင်ခဲ့သည်။ လာမည့် ဖေဖော်ဝါရီလအတွင်းတွင်လည်း (၂၁) ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပသွားရန်ရှိသည်။

ထိုသို့သော အခြေအနေများနှင့် တည်ရှိနေသည့် အရပ်သား အစိုးရလက်ထက်၌ လွတ်လပ်ရေးနေ့ကိုလည်း ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည်။ ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့နှင့်ယှဉ်၍ တိုင်းရင်းသား နိုင်ငံရေး ပါတီအဖွဲ့များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့ခေါင်းဆောင်များ၊ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ခေါင်းဆောင်ဟောင်းများ၏ အမြင်သဘောထားများကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။


“နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းမှုမရှိရင် ဘာတိုးတက်ရေးမှ လုပ်လို့မရဘူး”
သူရဦးတင်ဦး(NLD ပါတီနာယက၊ ဗမာ့လွတ်လပ်ရေး တပ်မတော် အပတ်စဉ်-၃)

ဗိုလ်ချုပ်အောင်ဆန်း ပြောတာရှိတယ် ကျွန်တော်တို့ လွတ်လပ်ရေး ရယူတာက ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံး လွတ်လပ်ရေး အသီးအပွင့်ကို ခံစားရဖို့အတွက် လွတ်လပ်ရေး ရယူခဲ့ကြတာ ဖြစ်တယ်။ တိုင်းရင်းသားတွေ ခံစားရရှိဖို့ အဖွဲ့အစည်း အသီးသီးက ကြိုးစားပမ်းစားနဲ့ လုပ်ကိုင်ဆောင်ရွက် နေကြပါတယ်။ လွတ်လပ်ရေး စတင် ရရှိတဲ့အချိန်က လွတ်လပ်ရေးကြီး တည်မြဲပါစေ။ မြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာ တည်မြဲပါစေ။ တိုင်းရင်းသား အားလုံး စည်းလုံးညီညွှတ်စွာ မြန်မာနိုင်ငံတော်ကြီးကို တည်တံ့ခိုင်မြဲစွာ ဆောင်ရွက်နိုင်ကြပါစေ။ အဓိဋ္ဌာန် ကိုးချက်နဲ့အညီ ပြောကြဟောကြ တရားပွဲတွေ လုပ်ခဲ့ကြတယ်။ အဲဒီကနေ လွတ်လပ်ရေး ကြေညာစာတမ်း ထွက်ပေါ်လာခဲ့တယ်။ သမိုင်းဝင် စာတမ်းဖြစ်ပါတယ်။ လွတ်လပ်ရေးရတဲ့အချိန်က ပျော်စရာ အရမ်း ကောင်းခဲ့တယ်။ တပ်ထဲမှာရော အပြင်မှာရော ပျော်ဖို့ကောင်းတယ်။ ရွာတွေမှာ မြို့ပေါ်မှာရော အလံတွေ စိုက်ထူကြတယ်။ ဝမ်းသာစရာ မြင်ကွင်းတွေ ဖြစ်ခဲ့ကြတယ်။ တိုင်းပြည်ထူထောင်တဲ့ အချိန်ရောက်တော့ သဘောထား မတူညီတာတွေ ဖြစ်ပေါ်ခဲ့တယ်။ သဘောထား ကွဲပြားမှုတွေကို မညှိနိုင်ခဲ့ကြဘူး။ အကွဲအပြဲ စတင်ခဲ့တာကနေ လက်နက်ကိုင် ပဋိပက္ခတွေ စဖြစ်လာတာ။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးတွေ က ခဏ အာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ခဲ့ကြတဲ့အခါ မတည်မြဲခဲ့ဘူး။ တစ်ပွဲထိုးငြိမ်းချမ်းရေးတွေ ဆောင်ရွက်ကြတယ်။ အခုဆို အခြေအနေကောင်း တစ်ခုဖြစ်လာပါပြီ။ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ငြိမ်းချမ်းရေး ထူထောင်ကြတဲ့သဘောတွေ ဖြစ်လာကြပြီ။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို တောင်းဆိုနေကြပြီ။ နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းမှု မရှိရင် ဘာတိုးတက်ရေးမှ လုပ်လို့မရဘူး။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါ နှစ်ဖက်လုံး သဘောထားကြီးကြရမယ်။



“ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ လိုပါတယ်”
 ဦးမြအေး «၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်  ပွင့်လင်းလူ့အဖွဲ့အစည်း)»

နှစ်ပေါင်း တစ်ရာကျော်လောက် ကိုလိုနီဘဝကို မြန်မာနိုင်ငံ ကျရောက်ခဲ့တာ အားလုံး သိရှိကြပြီး ဖြစ်တယ်။ ကျွန်တော်တို့ လွတ်လပ်ရေး ပြန်လည် ရရှိဖို့ နိုင်ငံရေး နည်းလမ်း အသွယ်သွယ် သုံးခဲ့ကြရတယ်။ စစ်ရေး နည်းလမ်းတွေကိုလည်း သုံးကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တပ်မတော်နဲ့ ပြည်သူလူထု ပူးပေါင်းပြီး အဆင့်ဆင့် တော်လှန်ခဲ့ပြီး လွတ်လပ်ရေး ရယူခဲ့ကြတယ်။ နိုင်ငံရေး၊ စစ်ရေးကို ဟန်ချက်ညီစွာနဲ့ လွတ်လပ်ရေး ရယူခဲ့ကြတာပါ။ လွတ်လပ်ရေး ရရှိခဲ့တာ မြန်မာနိုင်ငံသားအားလုံးရဲ့ ကြိုးစား အားထုတ်မှုတွေ ပါတယ်။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပူးပေါင်းပြီး ကြိုးစားခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဲ့ ရှေ့အနာဂတ်မှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် တိုင်းပြည် ငြိမ်းချမ်းဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ တန်းတူညီမျှ အခွင့်အရေးရဖို့ လိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ လိုပါတယ်။ နိုင်ငံသား အားလုံး ဘာသာလူမျိုးမရွေး တန်းတူညီမျှ အခွင့်အရေး ရရှိပြီး ငါတို့အားလုံးက မြန်မာနိုင်ငံသား ဖြစ်တယ် ဆိုတဲ့ စိတ်ဓာတ် အခြေခံပြီး နိုင်ငံတော်အပေါ်  ကြိုးပမ်းအားထုတ် ပေးစေချင်ပါတယ်။


“ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် အဆင်ပြေသော နည်းလမ်း တစ်ခုဖြစ်လာလိမ့်မယ်”
ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင်၊ အကြံပေး)

(၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် နှစ်ပေါင်း အတန်ကြာပြီးနောက်ပိုင်းမှာ လူထုရွေးချယ်တဲ့ အစိုးရ ပေါ်ပေါက်လာခဲ့တယ်။ ၂၀၁၇ မှာလည်း အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ် အပါအဝင် အခြေခံဥပဒေ ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်ဖို့ ပြင်ဆင်နေကြတော့ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် ကူးပြောင်းမှုရဲ့ ဒုတိယအဆင့်လို့ ပြောနိုင်တယ်။ ဒါကို အောင်မြင်ဖို့ ကျွန်တော်တို့ အားလုံးက လိမ္မာပါးနပ်စွာ အရေးကြီးတဲ့ ခေါင်းဆောင်မှု အပိုင်းမှာ ညှိနှိုင်းဖို့တော့ လိုအပ်မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် အဆင်ပြေသော နည်းလမ်းတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါတွေကို မဆောင်ရွက်နိုင်ရင် များပြားလှတဲ့ စိန်ခေါ်မှုတွေနဲ့ ကျော်လွှားနိုင်ဖို့ ခက်နိုင်ပါတယ်။


“လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းစေချင်ပါတယ်”
ဦးထွန်းအောင်ကျော် (ရခိုင်အမျိုးသားပါတီ၊  အတွင်းရေးမှူး)
လွတ်လပ်ရေးနေ့ (၆၉) နှစ်ထိ ဖြစ်ပေါ်ခဲ့ကြသော်လည်း တိုင်းရင်းသား အခွင့်အရေးတွေက ယနေ့ထိ မရကြသေးဘူး။ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှခြင်းတွေရရှိပြီး လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းစေချင်ပါတယ်။


“တန်းတူညီမျှမှုရှိရင် ဖြစ်နေတဲ့  စစ်ပွဲတွေအားလုံး ရပ်စဲသွားမယ်”
ဦးစိုင်းညွန့်လွင် (SNLD ပါတီ၊ အတွင်းရေးမှူး)

လွတ်လပ်ရေးနေ့က ဇန်နဝါရီ ၄ ရက်မှာရခဲ့ တယ်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပြည်ထောင်စု ဖွဲ့တဲ့အခါ နဂိုကတိကဝတ်အတိုင်း ပြည်ထောင်စုကို ပင်လုံ ကတိကဝတ်အတိုင်း မဖွဲ့နိုင်သေးဘူး။ ယနေ့အထိလည်း ပင်လုံ ကတိကဝတ်အတိုင်း ဖွဲ့စည်းနိုင်ခြင်း မရှိဘူး။ အဲဒါကြောင့် ပြည်နယ်တွေမှာ ယနေ့အထိ ပြည်မနဲ့ အခွင့်အရေး တူညီစွာ ရရှိနိုင်ခြင်း မရှိဘူး။ တန်းတူညီမျှမှု ရှိရင် ဖြစ်နေတဲ့ စစ်ပွဲတွေ အားလုံး ရပ်စဲသွားမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုလည်း ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။


“တိုင်းရင်းသားတွေအတွက်က လွတ်လပ်ရေး အနှစ်သာရကို ယနေ့ထိ မရကြသေးဘူး”
နိုင်ငွေသိမ်း (မွန်အမျိုးသားပါတီဥက္ကဋ္ဌ)

အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာ ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ တိုင်းရင်းသားတွေအတွက် လက်ရှိအစိုးရ အနေနဲ့ စားဝတ်နေရေး လိုအပ်ချက်တွေကို အပြည့်အဝ ပံ့ပိုးကူညီပေးသင့်ပါတယ်။ လွတ်လပ်ရေး အနှစ်သာရက ဗမာလူမျိုးတွေ အတွက်ပဲ အပြည့်အဝ ရရှိခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေအတွက်က လွတ်လပ်ရေး အနှစ်သာရကို ယနေ့ထိ မရကြသေးဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ယနေ့ထိ ဒုက္ခပင်လယ်ဝေနေဆဲဖြစ်တယ်။ လွတ်လပ်ရေးက ဗမာလူမျိုးတွေပဲ ခံစားနေရပါတယ်။

“ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ အုပ်ချုပ်ခွင့် စတဲ့  အနေအထားတွေရှိဖို့ လိုအပ်ပါမယ်”
ဒေါ်ခင်မမမျိုး (မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံမှုသိပ္ပံကျောင်း၊ အမှုဆောင်ဒါရိုက်တာ)

ကျွန်မအမြင်အရ မြန်မာနိုင်ငံ အခြေအနေမှာတော့ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို လူတိုင်း သာတူ ညီမျှ ခံစားရတယ်လို့ မမြင်ပါဘူး။ လူတိုင်း သာတူ ညီမျှ ခံစားရတယ်ဆိုတဲ့ အခြေအနေ ရှိလာဖို့အတွက် ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုအား လုံးရဲ့ လူမျိုးရေးအရ တန်းတူ ညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာက အတွင်းရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူမျိုးတိုင်းရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု စတာတွေကို မြှင့်တင်ပေးဖို့တွေ လိုအပ်မယ်။ နောက်တစ်ခုကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ အုပ်ချုပ်ခွင့် စတဲ့ အနေအထားတွေရှိဖို့ လိုအပ်ပါမယ်။ အားလုံး ခြုံပြောရရင်တော့ ဖက်ဒရယ် ပြည်ထောင်စုကြီး စစ်မှန်စွာ ပေါ်ပေါက်လာနိုင်မှသာ ကျွန်မတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစု အားလုံးဟာ လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို သာတူညီမျှ ခံစားနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။


“ဘာသာရေးကို စနက်တံအဖြစ်  အသုံးချပြီး  ဖောက်ခွဲမယ့် အစီအစဉ်တွေက ယနေ့အချိန်ထိ  ရှိနေဆဲဖြစ်တယ်”
ဦးအေးလွင် (ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်)

လွတ်လပ်ရေး မော်ကွန်းဝင် ရရှိထားတဲ့ ကျွန်တော့် အဖေအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက အမိမြန်မာနိုင်ငံတော် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကောင်းမြတ်သော အစဉ်အလာကောင်း တစ်ခုပါ။ ဒီလွတ်လပ်ရေးကြီး ဆုံးရှုံးခြင်း မရှိစေဖို့ မြန်မာပြည်ကြီး တိုးတက် သာယာအောင် အားလုံးသော လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက တက်ကြွစွာ ပါဝင်ကြဖို့ နောက်ပြီး မသမာသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို သတိကြီးစွာ ရှောင်ရှားဖို့ဖြစ်တယ်။ အထူးသဖြင့် ဘာသာရေးကို စနက်တံအဖြစ် အသုံးချပြီး ဖောက်ခွဲမယ့် အစီအစဉ်တွေက ယနေ့အချိန်ထိ ရှိနေဆဲ ဖြစ်တယ်။ အဲဒါတွေကို ကျော်လွှားနိုင်ဖို့ ဘာသာရေးသမားတွေအားလုံး ဘာသာရေး ခေါင်းဆောင် အားလုံးက နောက်လိုက်များကို ဆုံးမသြဝါဒပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကျော်စိုးဦး

  • TAGS