News

POST TYPE

INTERVIEW

စီးပွားရေး ပညာရှင် ဦးလှမောင်ရဲ့ ၂၀၁၇ သုံးသပ်ချက်
04-Jan-2017 tagged as

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇

၂၀၁၇ခုနှစ် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့် ကဏ္ဍ အသီးသီးတွင် မည်သည့် အပြောင်းအလဲများ မြင်တွေ့ရဖွယ်ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင် မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍ တစ်ခုနှုန်း ဖော်ပြသွားမည်ဖြစ်ပါသည်။
အယ်ဒီတာ

စီးပွားရေး ပညာရှင် ဦးလှမောင်ရဲ့ ၂၀၁၇ သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသက်တမ်း ပထမနှစ်ဖြစ်သည့် ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံ့စီးပွားရေး အခြေအနေမှာ အရှိန်ယူစဖြစ်သည့်အတွက် သိသာထင်ရှားသည့် တိုးတက်မှု မမြင်တွေ့ရသေးဘဲ အချိန်ယူ ပြင်ဆင် တည်ဆောက်နေဆဲဖြစ်သည်။ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိက ဦးစားပေးနေရသဖြင့် စီးပွားရေးမှာ ချက်ချင်း ဦးမော့မလာနိုင်သေးပေ။ ထို့အတွက် ယခု ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပေါ် တိုးတက်လာနိုင်ဖွယ် ရှိသည့် စီးပွားရေး အလားအလာ သို့တည်းမဟုတ် စီးပွားရေး ဖွံ့ဖြိုးလာရန် အရေးတကြီး လုပ်ဆောင်သင့်သည့် အချက်များကို စီးပွားရေးပညာရှင် ဦးလှမောင်နှင့် The Voice က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံ့စီးပွားရေး အခြေအနေကို အကျဉ်းချုပ်လေး ပြန်သွားချင်ပါတယ်။ အဓိကကတော့ စီးပွားရေး တိုးတက်မှု ရှိ မရှိနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန် ဒေါ်လာလဲနှုန်း မြင့်တက်မှု အခြေအနေ စသဖြင့် ခြုံငုံ သုံးသပ်ပေးပါဦး။
UHM : ဒေါ်လာဈေး တက်လို့ရှိရင် မြန်မာနိုင်ငံ ကုန်ဈေးနှုန်း တက်တာပဲ။ ဒေါ်လာဈေး ဘယ်တုံးက စတက်လဲဆိုတာကို ဟိုနည်းနည်းလေး ခုန်ခုန်ပြီးပြောမယ်။ ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းက နှစ်ခုဖြစ်နေတယ်။ အစိုးရနှုန်းက ၆ ကျပ်ပတ်ဝန်းကျင် ၅ ကျပ် ပြား ၈၀ နဲ့ ၆ ကျပ်ကျော်ကျော်ကြားမှာ ပြေးနေတာ။ မှောင်ခို ပြင်ပဈေးကွက် ၁၀၀၀ ကျော်ကျော် ဆိုတော့ အဲဒီနှစ်ခုကြားမှာ တော်တော် ကွာနေတယ်။ အဲဒီတော့ ဘတ်ဂျက်လိုငွေ အလွန်အကျွံ ပြတာပေါ့။ အဲဒီပြဿနာတွေ ဖြေရှင်းဖို့ ဆိုပြီးတော့ IMF တို့၊ World Bank တို့က အကြံပေးတဲ့ အချိန်မှာ အဲဒီ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စံနှုန်းတစ်ခု သတ်မှတ်ဖို့ ဆိုပြီးတော့ နှစ်ခုကြားကို ယူလိုက်တယ်။ ဈေးတွေကျလာတော့ ကျပ် ၇၀၀ ကျော် ပတ်ဝန်းကျင်မှာမှ Unify  လုပ်ဖြစ်သွားတယ်။ အဲဒီမှာ Exporter တွေက ဝိုင်းပြီးတော့ ဒီငွေနဲ့ဆိုရင် မကိုက်ပါဘူးဆိုပြီး မှားယွင်းစွာ ဝိုင်းပြောတဲ့အတွက်ကြောင့် ၉၀၀ လောက် လုပ်ဖို့ဆိုပြီး နောက်ဆုံးတော့ ၈၂၀ လောက်နဲ့ တည့်သွားတယ်။ အဲဒီကနေပြီးတော့ ၂၀၁၂ ခုနှစ် ၁၃ ခုနှစ်မှာ ခရိုနီတွေက ဒေါ်လာဈေး ကျလို့ရှိရင် သူတို့ မကိုက်ပါဘူး၊ ဒေါ်လာ ဈေးတက်မှ တွက်ခြေကိုက်ရချေရဲ့ဆိုပြီး ၁၀၀၀ အထိ ဆွဲတင်မယ်ဆိုပြီးလုပ်တယ်။

အဲဒီတော့ အနှစ် ၄၀၊ အနှစ် ၃၀ သက်တမ်းလွန် ကားတွေကို ပါမစ်ထုတ်ပေးမယ်ဆိုပြီး လုပ်တယ်။ ကား အစီးပေါင်း ငါးသောင်း ရှစ်ထောင်ကျော်ကို ပါမစ်ထုတ်ပေးတော့ အဲဒီအတွက် ဒေါ်လာတွေကလိုတော့ ဝယ်ကြရရော။ အဲဒီကစပြီး ဒေါ်လာဈေးက ကိုးရာကျော်သွားရော။ ၂၀၁၄ ခုနှစ် ရောက်တဲ့အခါကျတော့ ကမ္ဘာ့ရေနံဈေးက တစ်ဝက်ကျော် ထိုးကျသွားတယ်။ ရေနံဈေးကျရင် ဒေါ်လာဈေး တက်တယ်။ အဲဒီတော့ ဒေါ်လာဈေးကလည်း တအား တက်လာတယ်။ တက်လာတော့ မြန်မာပြည်ဒေါ်လာဈေးက ကိုးရာကနေ တစ်ထောင်၊ တစ်ထောင်ကနေ တစ်ထောင့် တစ်ရာကျော် ဖြစ်သွားရော။ ဒေါ်လာ ဈေးတက်တော့ ဒေါ်လာရှိတဲ့သူတွေက ကစားကြတယ်။ ကားတွေကလည်း ဆက်ပြီး တင်သွင်းခွင့်တွေ ပြုတဲ့အခါကျတော့ ဒေါ်လာလိုငွေတွေ များတဲ့အတွက်ကြောင့်မို့လို့ ဝိုင်းဝယ်ကြတော့ ၂၀၁၅ ခုနှစ်ကုန်လောက်မှာ ၁၃၀၀ ကျော်ကျော်လောက် ခဏ တက်ပြီးနောက် လက်ရှိ ဒီမိုကရေစီ အစိုးရတက်လာတော့ နည်းနည်း ပြန်ကျတယ်။ ၁၁၀၀ ကျော်အထိ ကျပြီး နောက်ပြန်တက်လာလိုက်တာဟာ ဒီ ၂၀၁၆ ခုနှစ် နှစ်စမှာတင်ကို ၁၂၀၀ ကျော်တွေ ဘာတွေ ဖြစ်သွားပြီး တဖြည်းဖြည်းနဲ့ ခု ၁၄၀၀ ကျော် ဆိုတာက သမိုင်းတစ်လျှောက်လုံး ဒေါ်လာဈေး အမြင့်ဆုံး ဖြစ်သွားတယ်။ အမှန်က တိုင်းပြည်ပျက်မတတ် ဖြစ်မှ ဒါမျိုးဖြစ်ရတာ။ အခုဟာက မဟုတ်ဘဲနဲ့ အဲဒီလောက်ကြီးတက်သွားတာ။ 

ဘာကြောင့်တက်လဲလို့ မေးရင်တော့ အကြောင်းတွေက အများကြီးပေါ့။ အဓိကကတော့ ပို့ကုန်ကရတဲ့ ငွေ အရမ်းကျတယ်။ ငွေကြေး အရမ်း ဖောင်းပွလာတယ်။ ဘတ်ဂျက် အသုံးစရိတ်တွေ မလျှော့ဘူး။ လိုငွေတွေ အရမ်းပြတယ်။ နောက်ပြည်တွင်းကို သွင်းကုန်ပိုင်းမှာကလည်း မလျှော့ဘူး။ အမှန်က ပို့ကုန်ရငွေကျလို့ရှိရင် ကိုယ်က အရှုံးပြလို့ရှိရင် သွင်းကုန်ကို လျှော့ရမှာ ကို မလျှော့ဘူး။ နိုင်ငံခြားမှာရှိတဲ့ အကောင့်ဖွင့်ထားတဲ့ သူတွေကလည်း ငွေကြေးကို မသမာတဲ့နည်းတွေနဲ့ အဝင်အထွက် လုပ်ကြတယ်။ ၂၀၁၄ ခုနှစ်မှာ ကျောက်စိမ်းရောင်းရငွေက ၁၃ ဒသမ ၈ ဘီလီယံလောက်ရှိတယ်။ အဲဒါကို အစိုးရက တရားဝင်ပြတာက ၁ ဒသမ ၁ ဘီလီယံလောက်ပဲ။ ကျန်တဲ့ငွေတွေက အဲဒီလိုအကောင့်တွေထဲ ရောက်ပြီးတော့ အဲဒီငွေတွေနဲ့ ကစားတာလည်း ပါတာပေါ့။ နောက်ပြီး ကျောက်စိမ်းရောင်းတာက ဒီနှစ် ပိတ်လိုက်တယ်။ သစ်ပိတ်လိုက်တယ်။ ဒီကြားထဲ မူးယစ်ဆေးဝါးတွေ တအား ဖမ်းပစ်လိုက်တယ်။ ဒေါ်လာ ဝင်ငွေတွေ တအားကျတယ်။ တစ်နှစ် တစ်နှစ် မူးယစ်ဆေးဝါး ရောင်းရတဲ့ငွေ ဘယ်လောက်ရလဲဆိုတာ ဘယ်သူမှမသိပေမယ့် ဘီလီယံပေါင်းများစွာ ရှိတယ်ဆိုတာ သိတာပေါ့။ အဲဒီတော့ ဒေါ်လာနည်းသွားတော့ Supply & Demand Law အရ ဒေါ်လာတွေ ဈေးတက်တာပေါ့။ နောက် ဘတ်ဂျက် အသုံးစရိတ်ကလည်း ထပ်ပြီး ဖြည့်စွက်ဖို့ တောင်းတာတို့၊ လိုငွေကလည်း ပိုများများ ပြသွားတာတို့၊ ဂျီဒီပီရဲ့ ၄ ဒသမ ၉ ရာခိုင်နှုန်းတောင် ဘတ်ဂျက်လိုငွေပြတာ။ အစိုးရ အသုံးစရိတ်တွေ မလျှော့လို့ရှိရင် ငွေကြေး ဖောင်းပွမှုကြီးကဖြစ်မှာ။ သွင်းကုန်ပစ္စည်းတွေ ဈေးကြီးသွားတယ်။ ဆေးဝါးတွေ၊ လူသုံးကုန် အိမ်သုံးကုန်တွေ၊ နောက် ဒီထက် ပိုအရေးကြီးတဲ့ အများကြီး သွင်းနေတဲ့ ဓာတ်ဆီဈေးတွေ အဲဒါတွေ ဈေးတွေ အကုန် တက်လာရော။ အဲဒီတော့ သယ်ယူ ပို့ဆောင်ရေးစရိတ် တက်တယ်။ သယ်ယူပို့ဆောင်ရေးစရိတ် တက်လို့ရှိရင် ကုန်ဈေးနှုန်းတက်တာပေါ့။

Voice : အဲဒီတော့ ချုပ်လိုက်ရင် ၂၀၁၆ ရဲ့ စီးပွားရေး အခြေအနေက။
UHM : ၂၀၁၆ က ကျခဲ့တယ်လေ။ မရှိသလောက် နည်းတယ်။ ဂျီဒီပီတို့ ဘာတို့က သိပ်မှ မတက်တာ။

Voice : ဟုတ်ကဲ့။ ၂၀၁၆ က ပြည်သူ အများစုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ တက်လာတဲ့ နှစ်လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့လည်းဖြစ်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများဝင်မယ်၊ စီးပွားရေး ဖွံ့ဖြိုးမှုကောင်းမယ်လို့ ယူဆမှုတွေ ရှိခဲ့ကြပေမယ့် ဖြစ်မလာသေးဘူးပေါ့လေ။ ၂၀၁၇ ခုနှစ် အလားအလာကရော ဘယ်လိုဖြစ်မယ်လို့ အန်ကယ်မြင်လဲ။
UHM : ၂၀၁၇ ခုနှစ်မှာ ဘာလုပ်ရမလဲ။ နံပါတ် တစ် ဒေါ်လာဈေး ချကိုချရမယ်။ ဘယ်လောက်အထိ ချရလဲဆို ၂၀၁၂ ခုနှစ်လောက်က ဆန်တစ်ပြည်ကို ၁၁၀၀၊ အကောင်းဆုံးက။ အခုဆိုရင် ၂၆၀၀ ဖြစ်လာပြီ။ ဆန်တစ်ပြည် ၁၁၀၀ အထိဖြစ်အောင် ပြန်ချရမယ်။ အလားသဏ္ဌာန်တူ ရွှေတစ်ကျပ်သားကို ခြောက်သိန်းခွဲ လောက်အထိ ချနိုင်ရင် ကောင်းတာပေါ့။ သဘောကို ပြောပြတာ။ အဲဒါမျိုးတွေ သေချာ တွက်ချက်ပြီးတော့ ဒေါ်လာဈေးက ချကိုချရမယ်။ အစိုးရချည်းပဲ လုပ်တတ်ရင် ဖြစ်တာပေါ့။ ငွေကြေး မဖောင်းပွအောင် လုပ်ပေါ့။ သဘာဝ ဘေးအန္တရာယ်ကြောင့် ၂၀ ရာခိုင်နှုန်းအထိ ဖောင်းပွခဲ့တာတွေ ရှိတယ်လေ။ အဲဒီကြားထဲ အစိုးရရဲ့ အသုံးစရိတ်က လျှော့မှ မလျှော့တာ။ အခုဆိုရင် ၂၀၁၇ ခုနှစ် စတာနဲ့ တစ်ပြိုင်နက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ စတုတ္ထ သုံးလပတ် ရောက်သွားပြီ။ စတုတ္ထ သုံးလပတ်ရောက်တိုင်း အဲဒီဘဏ္ဍာနှစ်ရဲ့ ဘတ်ဂျက်ကို Review လုပ်ရတယ်။ လိုငွေရှိရင် လိုငွေကို လျှော့ရတယ်။ ခုန ဂျီဒီပီရဲ့ ၄ ဒသမ ၉ ရာခိုင်နှုန်းကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းလောက်အထိ ရောက်အောင်ချပေါ့။ မချနိုင်ရင် အသုံးစရိတ်တွေ လျှော့ပေါ့။ 

အသုံးစရိတ် လျှော့တဲ့နေရာမှာ ဘာတွေလျှော့မလဲဆိုတော့ သူတို့သိပါတယ်၊ တတ်ပါတယ်။ ဟိုး တွံတေးဘက်မှာ မဟာရန်ကုန် Mega City ကြီး တည်ဆောက်မယ်တို့၊ ဘာတို့ဆိုတာကြီးတွေ မလုပ်နဲ့လေ။ ဒီလောက် ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ၊ ငွေကြေး ကျပ်တည်းနေတဲ့အချိန်ကြီးမှာ၊ ဆင်းရဲနွမ်းပါးမှု ပိုပြီးတော့ နိမ့်ကျနေတဲ့အချိန်ကြီးမှာ။ တိုင်းပြည်ရဲ့ ပြည်သူအများစုက လက်လုပ်လက်စား၊ ဆင်းရဲသားတွေ။ အဲဒီ ဆင်းရဲနွမ်းပါးနေတဲ့သူတွေ ဆင်းရဲမှု သက်သာအောင် လုပ်ကို လုပ်ပေးရမယ်။ ဒါ အစိုးရရဲ့ နံပါတ်တစ်တာဝန်။ ကုန်ဈေးနှုန်း ဒီလောက် တက်နေမှတော့ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်နေတဲ့ ဝန်ထမ်းတွေ အကုန်လုံးက ခံနေရတာ။ ပျံကျ အလုပ်သမားတွေ ဆိုတာလည်း ပုံမှန် အခကြေးငွေပဲ ရတာ။ အဲဒါ သူတို့က ပုံမှန်က တက်မလာဘဲနဲ့ ကုန်ဈေးနှုန်းကြီးက ဒီလောက်ကြီးတက်လာတော့ သူတို့ ဘယ်လိုလုပ်စားမလဲ။ နေဖို့အတွက် ဘယ်ကပိုက်ဆံနဲ့ စိုက်ထုတ်မှာလဲ။ စား ဝတ် နေရေး၊ သွားလာရေး အရမ်း ခက်ခဲကျပ်တည်းနေတယ်။ အဲဒါကြောင့်လည်း ဒုစရိုက်မှုတွေ သိပ်များနေတယ်။ 

အဲဒီတော့ စီမံကိန်း အကြီးစားကြီးတွေ အကုန် ခဏ ရပ်ထားပေါ့။ ကာကွယ်ရေး အသုံးစရိတ်တွေ လျှော့ပေါ့။ ပညာရေး၊ ကျန်းမာရေး အဲဒါမျိုးတွေအတွက်တော့ ဆက်သုံးပေါ့။ အသုံးစရိတ် လျှော့ချရင် လိုငွေ လျော့သွားမယ်။ လိုငွေလျော့သွားရင် နောက်ပိတ်ဆုံး ငွေစက္ကူ အသစ်တွေ ရိုက်တာလည်း လျော့သွားမယ်။ ငွေစက္ကူအသစ်ရိုက်တာ အရမ်း အန္တရာယ်ကြီးတယ်။ ဥပမာ ရိုးရိုး အသုံးစရိတ် သုံးတာက ပြည်သူ့ငွေက ပြည်သူ့ဆီ ပြန်ရောက်ပြီးတော့ ငွေသံသရာ လည်နေတာ။ Money Circle။ အသစ်ရိုက်ပြီးတော့ ထည့်လိုက်လို့ ရှိရင် အဲဒီအသစ် ဝင်လာသမျှက Money Circulation ထဲမှာ လုံးဝ ဖောင်းပွတာပဲ။ ၁၀၀ ရာခိုင်နှုန်း ဖောင်းပွတယ်။ အဲဒီတော့ လုပ်စရာရှိတဲ့ လုပ်ငန်းတွေ ကျန်သေးတယ်ဆိုရင်လည်း PPP လို့ ခေါ်တာပေါ့။ Public Private Paternership။ ဆိုလိုတာက လျှပ်စစ်ဓာတ်အား အလွန် လိုအပ်တယ်၊ အဲဒီစီမံကိန်းကြီး ဆက်လုပ်မယ်။ ပုဂ္ဂလိကတွေကို သေချာ တာဝန်ချပေး။ ကိုယ့်လူ ကိုယ် မပေးနဲ့ပေါ့။ သေချာတင်ဒါခေါ်။ ပုဂ္ဂလိကလုပ်ရင် ဘာဖြစ်လဲဆိုတော့ သူက ပုဂ္ဂလိကရဲ့ငွေက လာလုပ်ပေးတာ။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေ။ အိမ်၊ ခြံ၊ မြေတွေ၊ ရွှေတွေ ဝယ်ထားတဲ့ငွေတွေ ထုတ်ပြီးတော့ လာသုံးတာ။ အဲဒီငွေတွေက ဒီ Money Circulation ထဲမှာပဲ လည်တာ။ အဲဒါကြောင့်မို့လို့ ငွေကြေး မဖောင်းပွနိုင်ဘူး။ အဲဒီလို လုပ်ပေးရမယ်။

Voice : ပို့ကုန်၊ သွင်းကုန် ကဏ္ဍမှာရော ဘယ်လို အလားအလာတွေ ရှိမလဲခင်ဗျ။
UHM : ပြည်ပ ပို့ကုန်အတွက် သူတို့ မဟာဗျူဟာ ချထားတယ် ပြောတယ်။ အရင်အစိုးရက လုပ်ခဲ့တာ။ အဲဒါ မဟာဗျူဟာ ပြန်ချပါ။ ပြည်ပပို့ကုန် တိုးချဲ့ မြှင့်တင် ရေးလုပ်ပါ။ ပြည်ပသွင်းကုန် လျှော့ချပါ။ ဘယ်လိုလျှော့ချမလဲ။ လွယ်လွယ်လေး။ ဟို မော်တော်ကားတွေ ဂွပ်ခနဲ လျှောက်ပိတ်တာမျိုးတွေ မလုပ်ရဘူး။ အစိုးရ ဆိုတာ အဲဒီလိုမျိုး လျှောက်မလုပ်ရဘူး။ လုပ်ရင် ဘယ်လိုလုပ်ရလဲဆို Ceiling Figure သတ်မှတ်ရတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ နှစ်တွေက မော်တော်ကား အစီးရေ နှစ်သိန်း သွင်းတယ်၊ သုံးသိန်း သွင်းတယ်၊ ငါးသိန်း သွင်းတယ် စသဖြင့်ပေါ့။ အဲဒါအခု ၂၀၁၇ ခုနှစ်မှာ ငါးသိန်းအစား သုံးသိန်းသာ သွင်းမယ်ပေါ့။ Ceiling Figure ဆိုတာ အမြင့်ဆုံး တစ်နှစ်လုံး သုံးသိန်းပေါ့။ အဲဒီလို Ceiling Figure သတ်မှတ်ပြီးတဲ့အခါမှာ ကဲကောင်းပြီ၊ ကားကုမ္ပဏီ ဘယ်နှခုရှိလဲ။ အခုတစ်ရာ ရှိတယ်။ တစ်ခုကို ကုမ္ပဏီ အကြီးအသေးအလိုက်၊ အရင်နှစ်တွေတုန်းက သွင်းခဲ့တဲ့ အချိုးအစားအလိုက် ဘယ်နှစီးသွင်းစေဆိုပြီး သတ်မှတ်ပေးလိုက်ရင် သူတို့ သိတယ်။ သူတို့ Plan ချပြီး စနစ်တကျ လုပ်ကိုင်လို့ ရတယ်။ စီးပွားရေးဆိုတာ ကြိုပြီးသိပြီး လုပ်နိုင်လေ စီးပွားရေး လုပ်ငန်းရှင်အတွက်က အကျိုးရှိတယ်။ ပြီးတော့ Quota System တွေသတ်မှတ်။

Import ကို လျှော့တဲ့အခါမှာ တချို့ကျတော့ ဘယ်လို လုပ်ရလဲဆိုတော့ ဥပမာ-အရက်၊ လူတွေနဲ့မှ မတည့်တာ။ စီးကရက်၊ ပိုတောင် မတည့်ဘူး။ အဲဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သွင်းကုန်တွေကို အခွန်၊ Commercial Tax အရမ်း တင်ပစ်လိုက်။ Tax လည်း ပိုရမယ်။ သူတို့လည်း လျှော့သွင်းမယ်။ အလား သဏ္ဌာန်တူ Luxury တွေကို Tax တွေ အရမ်းတင်ပစ်လိုက်။ သိပ်ချမ်းသာတဲ့ သူတွေကတော့ Tax သုံးဆတင်လည်း သူတို့ ဝယ်သုံးမှာပဲ။ အဲဒီတော့ သူတို့ဆီက ငွေတွေ အစိုးရဆီ များများ ရောက်တာပေါ့။ အဲဒီလို စီးပွားရေး တွက်နည်းတွေနဲ့ လုပ်ဖို့လိုပြီ။ ၂၀၁၇ ခုနှစ်မှာ။ 

Voice : နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှုက ၂၀၁၆ ခုနှစ်ထဲမှာ ထင်ထားသလောက် မရှိခဲ့ဘူး။ အခု ဥပဒေသစ်လည်း ထွက်ရှိပြီးပြီဆိုတော့  ၂၀၁၇ ခုနှစ်မှာ သူတို့တွေ ပိုဝင်လာလိမ့်မယ်လို့ မျှော် လင့်လို့ရနိုင်မလား။
UHM : နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုဥပဒေ နှစ်ခုကို ပေါင်းစပ်လိုက်ပြီးတော့ ထုတ်ပြန်ခဲ့တာ အခု ဇန်နဝါရီလမှာ Rules & Regulations တွေ ထွက်မယ်လို့ ပြောတယ်။ အဲဒါ တကယ် ထွက်ဖြစ်အောင် လုပ်ပါတော့။ Rules & Regulations ဆိုတာ အမှန်က ရက် ၉၀ အတွင်းလို့ဆိုတာ ရက် ၉၀ ကြီး ကြာခိုင်းတာ မဟုတ်ဘူး။ ရက် ၄၀ နဲ့လည်း ထုတ်လို့ရတယ်။ ထုတ်နိုင်အောင် တိုက်ရတယ်။ ဘယ်လိုတိုက်ရလဲဆိုတော့ ဥပဒေ တစ်ခုကို ရေးဆွဲပြီဆိုကတည်းက တရားရေးနဲ့ ဥပဒေရေးလိုင်းက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်သလို၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ ဥပဒေ ဆွဲမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကျွမ်းကျင် ပညာရှင်တွေ ပါပြီးသား။ နောက်ပြီးတော့မှ အဲဒီ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ လက်တွေ့ အကောင်အထည်ဖော်မယ့် ဝန်ကြီးဌာနက၊ အလွှာ အသီးသီးက လက်တွေ့လုပ်တဲ့ ကျွမ်းကျင်သူတွေ ပါပြီးသား ဖြစ်တယ်။ အဲဒီမူကြမ်းကြီးကို လွှတ်တော်ကို တင်လိုက်ပြီ။ လွှတ်တော်က မူကြမ်းကိုပြင်တယ်။ ခြောက်ပိုဒ်ပြင်ရင် အဲဒီ ပြင်တဲ့ ခြောက်ပိုဒ်ကိုပဲ Rules & Regulations လိုက်ပြင်ရုံပဲ။ ပုဒ်မ ၁၀ ခုပြင်ရင် အဲဒီ ၁၀ ခုလိုက်ပြင်ရုံပဲ။ ဘာဖြစ်လို့ Law ထွက်တဲ့အထိ ထိုင်စောင့်နေမှာလဲ။ အဲဒီ Practice ကြီးက မှားယွင်းနေပါတယ်။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဒီ Rules ကို စောင့်နေတာနဲ့ အခုထက်ထိ ဘာမှမလာဘူး။ ၂၀၁၆ ခုနှစ် သုံးလပတ် တစ်ခုချင်းအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘာမှ မလာဘူး။ 

Voice : ဟုတ်ကဲ့။ အဲဒီမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကတော့ ပြောထားတာ ရှိပါတယ်။ အရင်က စွမ်းအင်ကဏ္ဍဖြစ်တဲ့ ရေနံတို့၊ သဘာဝ ဓာတ်ငွေ့တို့ ဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုခဲ့လို့ FDI က များခဲ့ပြီး အခုက ကုန်ထုတ်လုပ်ငန်းဘက်ကို ဦးစားပေးလို့ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
UHM : ပြည်တွင်း ထုတ်လုပ်မှုလိုင်းကို ရင်းနှီးမြှုပ်နှံမှုများ ရမယ်ဆိုတာ တကယ်မှာလည်း ဒီအတိုင်းပဲ။ တရုတ်ပြည် ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး နိုင်ငံကြီးဖြစ် သွားတာ ပြည်တွင်း ထုတ်လုပ်မှုလိုင်းက အဓိကျတယ်။ ပို့ကုန်မြှင့်တင်ရေး လုပ်ပြီးတော့ ထွက်ကုန်တွေ အကုန် ပြည်ပကိုပို့တော့ ပို့ကုန်ရငွေတွေ များများဝင်တာပေါ့။ နောက်ပြီးတော့ စွမ်းအင်လိုင်းကဆိုလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လောက်ရမှာမို့လို့လဲ။ ကုန်ထုတ်လုပ်ငန်းတို့၊ ဝန်ဆောင်မှုလုပ်ငန်းတို့၊ ဆောက်လုပ်ရေး လုပ်ငန်းတို့ အဲဒါတွေ ရင်းနှီးမြှုပ်နှံမှုများမှ လူတွေ အများကြီး အလုပ်ရမှာ။ လူတွေ အလုပ်များများရမှ ဂျီဒီပီတက်လာမှာ။ Law ဆွဲကတည်းက ဒါသိပြီးသား။ ပါပြီးသား။ အခု Rule ကျတော့မှ ပြောနေလို့ အလကားပဲ။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာအောင် ဖမ်းစားရမယ်။ ဆွဲဆောင်ရမယ်။ လှုံ့ဆော်ရမယ်။ စည်းရုံးရမယ်။ ဘယ်လို လှုံ့ဆော်စည်းရုံးမလဲဆို များများလာချင်အောင် Rule တွေ၊ Regulations တွေက ကောင်းရမယ်။ အရင်တုန်းကလို စကတည်းကထားတဲ့ တားမြစ်ချက်ဆိုပြီးတော့ မထားနဲ့ပေါ့။ ခွင့်ပြုချက်ကနေ စပေးပေါ့။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးနဲ့ အကောင်းဆုံး လာလုပ်ဖို့က အထူး စီးပွားရေးဇုန်တွေကို တည်ထောင်လုပ်ရတာ။ ဒီစက်မှုဇုန်တွေက ဘယ်တော့မှ ရေ၊ မီး၊ သွားလာရေး စတဲ့ အခြေခံ အဆောက်အဦ မပြည့်စုံဘူး။ မပြည့်စုံတဲ့အတွက် သူတို့ လာမလုပ်နိုင်ဘူး။ အထူး စီးပွားရေးဇုန်ကျတော့ အခြေခံ အဆောက်အဦတွေ အပြည့်အစုံ လုပ်ပေးတယ်။ သူတို့လာမှာပေါ့။ နောက်ပြီးတော့ စပယ်ရှယ် အခွင့်အရေးတွေ အများကြီးပေးတယ်။ အခုက စက်မှုဇုန်တွေ တိုးချဲ့မယ်တို့၊ မြှင့်တင်မယ် တို့ပြောတယ်။ ရှိပြီးသား စက်မှုဇုန်တွေက မလုပ်တဲ့မြေလွတ်တွေကို ပြန်သိမ်းမယ်ပြောတယ်။ ပြန်သိမ်းပြီးတော့ရော အဲဒီနေရာမှာ လျှပ်စစ်ဓာတ်အား အလုံအလောက် ပေးနိုင်ပြီလား။ အဲဒီနေရာကို လွယ်လွယ်ကူကူ Traffic Jam မဖြစ်ဘဲနဲ့ ကွန်တိန်နာကားကြီးတွေ သွားနိုင်လာနိုင်လို့လား။ အဲဒီနေရာက ရေဆိုးတွေ ထုတ်နိုင်လို့လား။ အဲဒီနေရာတွေကို ရေသန့်တွေလိုသလောက် Support လုပ်ပေးနိုင်လို့လား။ လုပ်မပေးနိုင်ရင် Special Economic Zone တည်ဆောက်ပြီး လုပ်ပေါ့။ အထူးစီးပွားရေးဇုန်လို့ သတ်မှတ်လိုက်တာနဲ့ အနည်းဆုံး အကျယ်အဝန်း ရှိရမယ်။ သတ်မှတ်ချက်တွေ ရှိတယ်။

Voice : နောက်တစ်ခု အိမ်၊ ခြံ၊ မြေကဏ္ဍကရော။
UHM : အိမ်၊ ခြံ၊ မြေ ကဏ္ဍကြီးက အခုစင်ကာပူက Investment က နံပါတ်တစ်ဖြစ်သွားတယ် ပြီးခဲ့တဲ့နှစ်။ အဲဒီတော့ ဘာထူးလဲဆိုရင် စီးပွားရေး တိုးတက်မှုကို နည်းနည်းပဲ ပံ့ပိုးပါတယ်။ သူက နောက်ကလိုက်ရတာကိုး။ ဘာလို့နောက်ကလိုက်ရလဲဆိုတော့ Foreign Investment တွေ များများဝင်လာရင် နိုင်ငံခြားက Investor တွေ Infrastructure ထဲမှာ သူတို့ ကောင်းကောင်း နေချင်တယ်။ အဆင့်ရှိရှိ စားသောက်ချင်တယ်ဆိုတော့ ဟိုတယ် ကောင်းကောင်းကြီးတွေ လိုမယ်၊ Residence ကောင်းကောင်းကြီး တွေ ရှိရမယ်။ Restaurant ကောင်းကောင်းတွေ ရှိရမယ်။ ဒါနောက်က လိုက်လာမှာလေ။ သူ့အလိုလို လိုက်လာပါလိမ့်မယ်။ ရှေ့က မသွားရဘူး။ ခု ရှေ့က သွားနေတယ်။ Sequence မကျဘူးဆိုတာ အဲဒါကို ပြောတာ။ တကယ်မှာက ဟိုအရင်တုန်းကလည်း စွမ်းအင်ကြီးကို ထိပ်ဆုံးကတင်လိုက်တာ။ Sequence မကျဘူး။ အဲဒီတော့ Sequence ကျအောင် လုပ်သင့်ပါတယ်။ 

Voice : အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးမှု အပေါ်မှာရော မြန်မာနိုင်ငံက ဘယ်လိုအခွင့်အရေးတွေ ဆုပ်ကိုင်နိုင်ဖို့ လိုမလဲ။
UHM : အမေရိကန်ဆိုတာ ကမ္ဘာ့နံပါတ် တစ်ဖြစ်ပါတယ်။ စစ်ရေးပဲကြည့်ကြည့်၊ စီးပွားရေးပဲကြည့်ကြည့်၊ ဘာအရေးပဲကြည့်ကြည့် နံပါတ်တစ်နိုင်ငံကြီးကိုး။     ပူးပေါင်း ဆောင်ရွက်တတ်လို့ရှိရင်၊ သူ့ကို ဆရာတင်လို့ ရှိရင် အဲဒီနိုင်ငံသည် ချက်ချင်း တိုးတက်လာပြီးတော့ အနှစ် ၂၀ အတွင်း အလွန် ချမ်းသာသွားတယ်။ အခု  အမေရိကန်ကလည်း မယုံကြည်စရာ ကောင်းလောက်အောင် ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ တစ်ခါတည်း Sanctions တွေကို ဖြည်းဖြည်းချင်း လွှတ်မယ့်အစား ဒေါ်အောင်ဆန်းစုကြည် သွားလည်းတွေ့ပြီးရော တစ်ခါတည်း လွှတ်ပေးလိုက်တယ်။ အဲဒါဆို အမေရိကန်နဲ့ ဘယ်လိုပေါင်းမလဲ စဉ်းစားတော့လေ။ မလုပ်တတ်ရင် US Embassy က ဖွဲ့ထားတဲ့ AMCHAM ဆိုတဲ့ အဖွဲ့ရှိတယ်လေ။ အဲဒီက အကြံပေးတွေ၊ အတိုင်ပင်ခံတွေ သွားမေးပြီး လုပ်တော့ပေါ့။

တိုင်းပြည်တစ်ပြည် စီးပွားရေး တိုးတက်ချင်ရင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းတွေ ရှိတယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်တွေ အကုန် ပြန်လုပ်ရမယ်။ အဲဒီ Criteria ထဲမှာ နံပါတ်တစ် ဖော်ပြတာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံတိုင်းသည် တိုင်းပြည်တွင်း မတည်ငြိမ်ပါ။ ပြည်တွင်းစစ် ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခကြီးတွေ အကြီးအကျယ်ဖြစ်တယ်။ အဲဒီလို ဖြစ်နေတဲ့နိုင်ငံ ဘယ်လိုနည်းနဲ့မှ စီးပွားရေး မတိုးတက်နိုင်ဘူး။ အဲဒီတော့ အခုလုပ်ရမှာက ပြည်တွင်းစစ် မြန်မြန် ရပ်စဲပါ။ နောက်တစ်ချက် လုံးဝ အရေးကြီးတာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခ ဖြစ်လို့ကတော့ စီးပွားရေး ကောင်းရောင်း ကောင်းဝယ် လုပ်လို့ကို မရဘူး။ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ အကုန်လုံးလိုလို စစ်အာဏာရှင် အုပ်စိုး၍သော်လည်းကောင်း၊ အရပ်သား အာဏာရှင်ကြီးတွေ အုပ်စိုးနေ၍သော်လည်းကောင်း၊ နောက်တစ်ခုက လက်ဝါးကြီးအုပ်ထား၍သော်လည်းကောင်း ဖြစ်ပါတယ်။ ဆိုတော့ အဲဒီအချက်တွေ ရှောင်ပေါ့။ ရှောင်ဆိုတာက စစ်အာဏာရှင်ဆိုတာကိုပဲ စစ်တပ်က အာဏာသိမ်းပြီး ချုပ်ကိုင်ထားမှ စစ်အာဏာရှင် မဟုတ်ဘူး။ စစ်တပ်ရဲ့ အခန်းကဏ္ဍကြီးက အားလုံးကို လွှမ်းမိုးထားရင် စစ်အာဏာရှင်လို့ ပဲခေါ်တယ်။ 

Voice : ဟုတ်ကဲ့။ အဲဒီတော့ ၂၀၁၇ ခုနှစ် မြန်မာ့ စီးပွားရေး ကဏ္ဍအတွက် အန်ကယ့်အနေနဲ့ နောက်ဆုံး ဘာများထပ်ပြီး ပြောချင်တာရှိပါလဲ။ 
UHM : အရေးကြီးတာက ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ လက်ရှိအစိုးရက အရင်အစိုးရရော၊ စစ်အစိုးရရော မလုပ်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ခု ချမှတ်ခဲ့တယ်။ အလွန် ကောင်းပါတယ်။ အလွန်ကြိုဆိုထိုက်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးမူဝါဒမရှိဘဲ လျှောက်လုပ်ခဲ့လို့ ဘယ်လိုမှ မတိုးတက်ခဲ့တာ။ အခုမူဝါဒ ချပြီးပြီ။ ချပြီးတာလည်း ငါးလလောက် ရှိပြီ။ ဒီစီးပွားရေး မူဝါဒ တစ်ခုချင်းအလိုက် လိုက်လုပ်ရမယ့် Executive Role က လူတွေ၊ လိုက်လုပ်ရမယ့် Implementation ဖော်မယ့်လူတွေကို ခေါ်ခေါ်ပြီးတော့ အစည်းအဝေးကြီးတွေ လုပ်ပြီး တစ်ခါတည်း ညွှန်ကြားပါတော့လား။ ဘယ်လို အကောင်အထည်ဖော်မလဲ၊ Law တွေ ထုတ်ရမလား၊ Rules တွေထုတ်ရမလား၊ Regulations တွေ ထုတ်ရမလား။ လုပ်ကြပါတော့ဆိုပြီး။ ငါးလပြည့်ပြီ။ တစ်ခါမှ ခေါ်သံ မကြားဘူး။ ၂၀၁၇ ခုနှစ်မှာ မြန်မြန် လုပ်ပါတော့။ အဲဒီလို ၂၀၁၇ ခုနှစ်ကြီးမှာ သေသေချာချာ လုပ်ဖို့ဟာတွေကို Priority ဘာဦးစားပေးမလဲ။ စဉ်းစားပြီးတော့ Sequence ကျကျ ရှေ့နောက်လျော်ညီစွာ လုပ်ကြပါ။ အဲဒါဆိုရင် ၂၀၁၇ မှာ တိုးတက်လာပါလိမ့်မယ်။

ကျော်စွာစိုး

  • TAGS