News

POST TYPE

INTERVIEW

စံဇာဏီဘို ဟောတဲ့ ၂၀၁၇
02-Jan-2017 tagged as

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇

၂၀၁၇ခုနှစ် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့် ကဏ္ဍ အသီးသီးတွင် မည်သည့် အပြောင်းအလဲများ မြင်တွေ့ရဖွယ်ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင် မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍ တစ်ခုနှုန်း ဖော်ပြသွားမည်ဖြစ်ပါသည်။
အယ်ဒီတာ

“နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်နိုင်မှုက ဒီနှစ် (၂၀၁၆) ထက်စာရင် အများကြီးသာသွားတယ်”

စံဇာဏီဘို ဟောတဲ့ ၂၀၁၇

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး အခြေအနေ၊ နိုင်ငံခေါင်းဆောင်များ၏ အခြေအနေကို ကြိုတင်ခန့်မှန်း ဟောကြားနိုင်ခဲ့သော နာမည်ကျော်ဗေဒင်ပညာရှင် တစ်ဦးဖြစ်သူ ဆရာ စံဇာဏီဘိုက ၂၀၁၇ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံတွင် တွေ့ကြုံလာဖွယ်ရှိသော အခြေအနေ ခန့်မှန်း သုံးသပ်ချက်များကို ဖော်ပြပါသည်။

Voice : အခု လာမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာ  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ် အသီးသီးမှာ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။
SZB : ၂၀၁၇ ခုနှစ်ဟာ ပြီးခဲ့တဲ့  ၂၀၁၅-၂၀၁၆ ခုနှစ်တွေထက် ပိုပြီးသာလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို မြန်မာနိုင်ငံသားတွေ ခံယူရရှိမယ့်နှစ်ဖြစ်ပါတယ်။ လူနေမှု စားဝတ်နေရေး အခြေအနေတွေဟာ ယခုနှစ်ထက် ပြေလည်မယ် ဆိုပေမယ့် ချောင်လည်မယ်လို မဆိုလိုဘူး၊ အဓိက နှစ်ဦးပိုင်းနဲ့ နှစ်ကုန်ပိုင်းနဲ့ နှစ်ကုန်ပိုင်းတွေမှာ သတင်းမီဒီယာ စာနယ်ဇင်းနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအတွက် အန္တရာယ်ရှိတဲ့ ကာလ နှစ်ခုရှိတယ်။ စစ်မက်ဖြစ်ပွားနိုင်တဲ့ ကာလက တစ်ခုရှိတယ်။ တိုင်းပြည်မှာ မူဝါဒ အပြောင်းအလဲနဲ့ အုပ်ချုပ်သူအစိုးရ အပြောင်းအလဲဖြစ်နိုင်တဲ့ ကာလ သုံးခုရှိပါတယ်။ တစ်နှစ်အတွင်း နေကြတ်ခြင်း နှစ်ကြိမ်နဲ့ လကြတ်ခြင်း နှစ်ကြိမ် ဖြစ်ပေါ်မှုကြောင့် အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Voice : ဒီနှစ်ထဲမှာ နေနှစ်ကြိမ် ကြတ်မယ်၊ လ နှစ်ကြိမ် ကြတ်မယ် ဖြစ်စဉ်တွေကြောင့် သဘာဝဘေး အန္တရာယ်တွေ ဖြစ်ပေါ်နိုင်မယ့် အခြေအနေ ရှိပါသလား။
SZB : ပထမအကြိမ် လကြတ်တာက ၂၀၁၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ နေကြတ်တာက ၂၀၁၇ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဖေဖော်ဝါရီလမှာပဲ လကြတ်တာနဲ့ နေကြတ်တာ ရှိနေတယ်။ အဲဒီ ပထမအကြိမ် အကြတ်ကာလနဲ့ တိုက်ဆိုင်ပြီး ကုန်ဈေးနှုန်းပါ အနည်းငယ် မြင့်မားခြင်းတွေ ရှိနေတယ်။ ဒုတိယအကြိမ် လကြတ်ခြင်း သြဂုတ်လ ၈ ရက်နေ့မှာ ဖြစ်ပြီး နေကြတ်ခြင်းကတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ ဖြစ်မှာပါ။ ဒီဒုတိယအကြိမ် နေကြတ်၊ လကြတ် ဖြစ်စဉ်ကြောင့် အစိုးရပိုင်းမှာ အကျပ်အတည်း အနည်းငယ် တွေ့နိုင်ပါတယ်။ ရာသီဥတုကတော့ ပျက်စီး ဆုံးရှုံးမှု  ကြီးမားတဲ့ အညံ့ကြီးတွေ မရှိဘူး၊ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၂၆ ရက် ၀န်းကျင်တွေမှာ မီးဘေးနဲ့ ပတ်သက်ပြီး သတိပြုဖို့နဲ့ သြဂုတ်လ ၈ ရက်ကနေ ၂၁ ရက် ကာလအတွင်းမှာ အပူမုန်တိုင်းနဲ့ ပတ်သက်တဲ့ သဘာဝ ဘေးအန္တရာယ်တွေ ရှိပါမယ်။ အထူးသဖြင့် လူသားတို့ရဲ့ တစ်ဖက်စွန်းရောက်မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်။ ဘာသာရေးအရ လူမျိုးရေးအရ တစ်ဖက်စွန်းရောက်မှုကြောင့် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်၊ ပြည်တွင်း သာမက ကမ္ဘာအ၀န်း ဖြစ်လာနိုင်တယ်၊ ဗမာပြည်အတွက်လည်း စိုးရိမ်စရာ ရှိတယ်။

Voice : အုပ်ချုပ်သူအစိုးရနဲ့ ပတ်သက်တဲ့ အပြောင်းအလဲနဲ့ တိုင်းပြည် မူဝါဒ အပြောင်းအလဲ ဘယ်အဆင့်အထိ ဆိုလိုတာလဲ။
SZB : အစိုးရနဲ့ပတ်သက်တဲ့ အပြောင်းအလဲ၊ Policy အပြောင်းအလဲ သုံးခုက ၂၀၁၇ ဇန်န၀ါရီ ၁၅ ရက်ကနေရက် ၃၀ အတွင်း တစ်ကြိမ်၊ ၂၀၁၇ စက်တင်ဘာ ၁၇  ရက်ကနေ ရက် ၃၀ အတွင်း တစ်ကြိမ်၊ ၂၀၁၇ ဒီဇင်ဘာ ၁၆ ကနေ ရက် ၃၀ အတွင်း တစ်ကြိမ်၊ သုံးကြိမ် ဖြစ်နိုင်ပါတယ်၊ အုပ်ချုပ်သူဆိုတဲ့ နေရာမှာ ပြည်ထောင်စု အစိုးရ ၀န်ကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အပြောင်းအလဲတွေ၊ ဒုဝန်ကြီး အဆင့်တွေကို ရည်ရွယ်တာပါ။ နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပိုမိုပီပြင်ပြီး ပြတ်သားစွာ ချမှတ်နိုင်မယ့် အခြေအနေတွေ မြင်တယ်။ ဒီထက်မက ဒုတိယကာလ စက်တင်ဘာလ ၁၇ ရက်က ရက် ၃၀ အတွင်းမှာ နိုင်ငံရေး ပေါ်လစီ  အပြောင်းအလဲဖြစ်တဲ့ အခြေခံဥပဒေရဲ့ ပြင်ဆင် ပြောင်းလဲနိုင်မှုတွေလည်း ရှိတယ်။ ပြည်သူလူထုအတွက် ကောင်းတဲ့ အနေအထားလို မြင်တယ်။

Voice : နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်း မီဒီယာတွေ အန္တရာယ် ရှိမယ်ဆိုတာကကော ဘယ်လို အန္တရာယ်မျိုးပါလဲ။
SZB : ဗေဒင်ပညာမှ တစ်နှစ်အတွင်း ဂြိုဟ်သွား ဂြိုဟ်လာပေါ်မူတည်ပြီး တွက်တဲ့တိုင်းပြည်တွေ မင်းတွေအကြောင်း ဟောပြောတဲ့ ပညာရပ်ကို သံဟိက  ပညာရပ်ရဲ့ အလိုအရ  ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ဖေဖော်ဝါရီ ၃ ရက်အတွင်းမှာ တစ်ကြိမ်၊ ၂၀၁၇ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တစ်ကြိမ် အဲဒီကာလ နှစ်ခုမှာ ဖမ်းဆီး ချုပ်နှောင်မှုတွေ များနိုင်မယ်၊ ဥပဒေနဲ့ ဖိနှိပ်မှုလေးတွေကို သတင်း မီဒီယာနဲ့ ပတ်သက်တာတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပြုလုပ်လာဖွယ် ရှိတယ်။ သတင်းမီဒီယာတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို နိုင်ငံရေးနဲ့ မီဒီယာဆိုင်ရာ ပုဒ်မတွေနဲ့ ဖမ်းဆီးမှုတွေ မြန်မာမှာ ခါတိုင်းထက် ပိုများနိုင်မယ်။ နိုင်ငံရေးအုပ်စုနဲ့ စာနယ်ဇင်းတွေ သတိပြုရမယ့် ကာလလို့ သတ်မှတ်ရမယ်။

Voice : စစ်မက်ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ရှေ့မှာ ပြောထားပါတယ်။ အဲဒါ ပတ်သက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေလေးကို ခန့်မှန်း ပြောပြပေးပါဆရာ။
SZB : ဇွန်လ ၄ ရက်ကနေ ဇွန်လ ၁၈ အတွင်း စစ်မက် အန္တရာယ်ကို အထူး သတိထားရပါမယ်။ ကျမ်းဂန်တွေ အလိုအရ တစ်ကမ္ဘာလုံးနီးပါး သွေးချင်းနီနေတဲ့  ကာလလို့ ဆိုထားတယ်။ အဲဒီကာလအတွင်း ပဋိပက္ခ အရှိန်အဟုန်တွေ ပြင်းထန်မယ်။ အင်အားကြီးနိုင်ငံတွေ တစ်ခုနဲ့တစ်ခု တိုက်ခိုက်မှု အရှိန်မြှင့်နိုင်တယ်။ ပြည်တွင်းရေးမှာ မငြိမ်းမချမ်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ နိုင်ငံရေးအရ ဖမ်းဆီးမှုတွေ ဖိနှိပ်ခံရမှုကြောင့် စစ်မက် အသေးစားလေးတွေ၊ အသေးစား  ပစ်ခတ်မှုတွေ ဖြစ်လာနိုင်မယ့် အနေအထားလေးတွေရှိတယ်။ တိုင်းပြည်အန္တရာယ် ခြိမ်းခြောက်သွားနိုင်တဲ့ အခြေအနေတော့ မရှိဘူး။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်လိုက်ရမယ့် အခြေအနေမျိုး မဟုတ်ဘူး၊ အပစ်အခတ်တွေ တိုက်ပွဲတွေ ရှိနေမှာ ဖြစ်တဲ့အတွက် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာတော့ ၂၀၁၇ ခုနှစ်အတွင်း သဘော တူညီမှုရဖို့၊ လက်မှတ် ထိုးဖို့ ခက်ခဲနေဦးမယ်။ အတိုက်အခံတွေ ရှိနေဦးမှာ သေချာသလောက် ရှိတယ်။

Voice : လူတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ ကုန်ဈေးနှုန်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့စတဲ့ စီးပွားရေးနယ်ပယ်မှာ ဘယ်လို ရှိနိုင်မလဲဆရာ။
SZB : ကုန်ဈေးနှုန်းနဲ့ ပတ်သက်လို့ အဓိက ကျတဲ့ တစ်ဦးချင်း ၀ယ်ယူသုံးစွဲနိုင်မှု လျော့သွားမယ်၊ တစ်ဦးချင်းဝင်ငွေကို ကျွန်တော်ဆိုလိုတာ မဟုတ်ဘူးဗျ။ သုံးစွဲနိုင်စွမ်း လျော့သွားမယ်၊ မသုံးနိုင်ကြတော့ဘူးဗျာ။ ပို့ကုန်ထက် သွင်းကုန်တွေက ပိုပြီး များနေမယ်။ ပို့ကုန်မှာ ၂၀၁၆ ကို မီဖို့တင် အတော် ကြိုးစားရမယ်။ ဆန်းစပါး၊ ပဲ၊ နှမ်း စတဲ့ စိုက်ပျိုးရေး ထွက်ကုန် ထုတ်လုပ်မှု အားကောင်းပေမယ့် ၀ယ်ယူမှု နည်းမယ်။ ပို့ကုန်အတွက် ဈေးကွက်ရှာဖွေမှု အားနည်းမယ်။ တောင်သူတွေ အကျိုးအမြတ် ရရှိမှု နည်းပါးမယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုက ဇန်န၀ါရီ ၂၁ ကနေ ၄၅ ရက်အတွင်း၊ ဧပြီလ ၂၁ ကနေ  မေလ ၂၀ ရက်ကြား၊ ဇူလိုင် ၂၁ ကနေ သြဂုတ်လ ၂၀ ကြားတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကန့်အသတ် အတားအဆီး ဖြစ်နေတဲ့ အရာတွေ၊ အဆင်မပြေ ဖြစ်နေတဲ့အရာတွေ ချောချောမွေ့မွေ့ ဖြစ်သွားမယ်လို့ ထင်တယ်။၂၀၁၅-၂၀၁၆ တုန်းက ငွေကြေးရှိပြီး ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်နေတဲ့သူ တွေတောင် လုပ်ငန်းစလာလိမ့်မယ်။

Voice : ဒီနှစ်ထဲမှာ နိုင်ငံအကြီးအကဲတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကျန်းမာရေး အခြေအနေကကော။
SZB : ဒီနှစ်အတွက် အထူးခြားဆုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားပဲ။ (၃) ဌာန ၀န်ကြီး၊ (၈) ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်နိုင်မှုက ဒီနှစ် (၂၀၁၆) ထက်စာရင် အများကြီးသာသွားတယ်။ စွမ်းရည် အမြင့်ဆုံးကို ထုတ်လုပ်နိုင်မယ့် နှစ်၊ တစ်ဦးချင်းစီရဲ့  ကံအနေအထားအရ ဒီနှစ်က အားအလွန်နည်းတဲ့ နှစ်၊ ကိုးနှစ်မှာ တစ်ကြိမ် အညံ့ဆုံး အနေအထားကို ရောက်တဲ့နှစ်၊ လာမယ့် ၂၀၁၇ ခုနှစ်က ကိုးနှစ်မှာ တစ်ကြိမ် အမြင့်ဆုံး အနေအထားကို ရောက်တဲ့နှစ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ၁ ဂဏန်းသမား၊ ၂၀၁၇ က  ၁ ဂဏန်း ဖြစ်နေတယ်၊ ၂၀၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၁  ဂဏန်းသမားတွေအတွက် ကောင်းသောနှစ်ဖြစ်တယ်။ ဒီလိုရဖို့ ကိုးနှစ်မှာ တစ်ကြိမ် ကြုံရမယ်။ နောက်ပြီးတော့ မွေးရက်ရယ် မွေးလရယ် ရောက်ရှိတဲ့နှစ်ရယ် ပေါင်းရင် ၈ ဂဏန်း ရနေတယ်။ ၈ ဂဏန်းက အဆုံးအစ မရှိဆိုတာကို ပြနေတယ်။ လူသား တစ်ယောက်ဖြစ်လို့ အမှန်အမှားတွေ ရှိနိုင်ပေမယ့် သူရဲ့ အနေအထားအရ ကံအားနည်းတဲ့ ၂၀၁၆ ခုနှစ်မှာ ပြုခဲ့တဲ့အမှားမျိုး ၂၀၁၇ မှာ မရှိစေရဘူးဆိုတာ သမိုင်းကြောင်းမှာ မှန်ကန်တဲ့ အဖြေသူထုတ် သွားနိုင်မယ့်နှစ်ဖြစ်တယ်။ ၂၀၁၇ ဟာ တိုင်းပြည်ခေါင်းဆောင်ရဲ့ အရည်အသွေး အားသာတဲ့နှစ် ဖြစ်သလို တိုင်းပြည်ရဲ့ အနေအထားအရ သာယာဝပြောမှု အပြည့် မရပေမယ့် ပင်ပန်းခြင်း နည်းပါးစွာနဲ့ ဖြတ်သန်းရမယ်လို့ ယုံကြည်တယ်။

Voice : ၂၀၁၇ နဲ့ ပတ်သက်ပြီး တခြား ထပ်ပြောသင့်တဲ့ ထူးခြားမှုတွေ ရှိရင် ပြောပြပေးပါဆရာ။
SZB : ပညာရေးက အတော် အားကောင်းမယ်။ ဦးနှောက် ယိုစီးမှု ကျဆင်းသွားမယ့်အပြင် ပြည်ပ ရောက်နေတဲ့ ပညာရှင်တွေ ပြည်တွင်းကို ပြန်လည် ၀င်ရောက်မှု မြင့်တက်လာမယ်၊ နောက်တစ်ချက်က တရားဥပဒေ စိုးမိုးရေးကတော့ ၂၀၁၆ နဲ့ သိပ်တော့ မကွာလှဘူး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပဲလုပ်လုပ် အမှုအခင်း ဖြစ်ပွားမှုမှာ သိသာစွာ ကျသွားဖို့ မရှိဘူး။ 

အောင်စိုး

  • TAGS