News

POST TYPE

INTERVIEW

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဆရာဝန်ကြီး (ခုခံကျ / ကာလသား) ဒေါက်တာသန်းဝင်းနှင့် တွေ့ဆုံခြင်း
03-Aug-2016
မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် တောင်ပြုန်းပွဲတော်ကို သြဂုတ်လ ၁ဝ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် အိပ်ချ်အိုင်ဗီ / အေအိုင်ဒီအက်စ်ရောဂါ ပညာပေး လှုပ်ရှားမှုများနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ယခင်နှစ်များကထက် ပိုမိုတိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာသန်းဝင်း တိုင်းဆရာဝန်ကြီး (ခုခံကျ/ ကာလသား)နှင့် The Voice က မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : အခုနှစ် တောင်ပြုန်းပွဲတော်မှာ အိပ်ချ် အိုင်ဗီ/ အေအိုင်ဒီအက်စ်ရောဂါ ပညာပေးနဲ့ ပတ်သက်ပြီး လှုပ်ရှား ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဘယ်လိုမျိုး ဆောင်ရွက်မှာလဲဆိုတာ သိပါရစေ။ 
Dr.TW : ဟုတ်ပါတယ်။ အခုနှစ် တောင်ပြုန်းပွဲတော်မှာ အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ရောဂါနဲ့ ပတ်သက်ပြီး ပညာပေး လှုပ်ရှားမှုတွေ တိုးမြှင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပထမတစ်ခုကတော့ အိပ်ချ်အိုင်ဗီ /အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သက်တဲ့ ပညာပေးပြခန်း တစ်ခု ပြသဖို့ ရှိတယ်။ ပြခန်းကို လာရောက် ကြည့်ရှုသူတွေ အနေနဲ့ ပြခန်းပြကွက်တွေ ကြည့်ပြီး အသိပညာ တစ်ခုခု ရရှိနိုင်စေဖို့ ပြခန်းအထွက်မှာ မေးခွန်းလေးတွေမေးပြီး အမှား အမှန် အနည်းအများအလိုက် ဆုတွေ ချီးမြှင့်ဖို့ ရှိပါတယ်။

Voice : ဘယ်လို ပြခန်းတွေကို အဓိကထား ပြသ သွားမှာပါလဲ။

Dr.TW : ပြခန်းပြကွက်တွေ အနေနဲ့ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ရောဂါအကြောင်း၊ ကာလသားရောဂါ အကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း၊ အေအာရ်တီဆေး ကုထုံးအကြောင်း၊ မိမိသဘောဆန္ဒနဲ့ သွေးစစ်ဆေးခြင်းအကြောင်း၊ ဆက်စပ် ရောဂါ တစ်ခုဖြစ်တဲ့ တီဘီရောဂါအကြာင်း၊ အေအိုင်ဒီအက်စ် လူနာများကို ပြုစုကုသပုံအကြောင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ချိတ်ဆက်နိုင်မယ့် လိပ်စာတွေ စသဖြင့် ပြခန်းလာ ပြည်သူတွေ အကျိုးရှိနိုင်မယ့် အကြောင်းအရာတွေကို ပြသဖို့ စီစဉ်ထားပါတယ်။

Voice : ကျန်းမာရေး ဝန်ဆောင်မှု အပိုင်းအနေနဲ့ ဘာတွေ ဆောင်ရွက်ဖို့ ရှိပါသလဲ။

Dr.TW : ပွဲတော်အတွင်းမှာ အိပ်ချ်အိုင်ဗီ /အေအိုင်ဒီအက်စ် ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ အနေနဲ့ ဆေးခန်း ဖွင့်လှစ်ပြီး ဝန်ဆောင်မှု ပေးဖို့ စီစဉ်ထားပါတယ်။ မိမိသဘောဆန္ဒနဲ့ အိပ်ချ်အိုင်ဗီပိုး ရှိ မရှိ အခမဲ့ သွေးဖောက် စစ်ဆေးနိုင်ဖို့၊ ကာလသားရောဂါ စစ်ဆေးပြီး ကုသနိုင်ဖို့၊ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကိုလည်း အခမဲ့ ရရှိအောင် စီမံဆောင်ရွက် ထားပါတယ်။ အကယ်၍ ပိုးတွေ့ခဲ့ရင်လည်း နှစ်သိမ့် ဆွေးနွေး ပညာပေးမှုကို ချက်ချင်း ခံယူပြီး အေအာရ်တီ ရရှိနိုင်တဲ့ ဆေးရုံတွေ၊ အဖွဲ့အစည်းတွေနဲ့ တစ်ခါတည်း ချိတ်ဆက်နိုင်အောင် ပညာပေး ညွှန်းပို့နိုင်အောင်လည်း စီမံထားပါတယ်။ ဒါ့အပြင် ပွဲတော်ကျင်းပမယ့် ရက်တွေမှာလည်း အဖွဲ့အစည်း အသီးသီးက ကွန်ဒုံး နှစ်သိန်းလောက် ဖြန့်ဝေနိုင်လိမ့်မယ် ထင်ပါတယ်။

Voice : အခုလို ဆောင်ရွက်တဲ့အခါမှာ ဆရာတို့ အနေနဲ့ ဘယ်လို လူအုပ်စုတွေကို ဦးတည်ထားပြီး ဆောင်ရွက်မှာပါလဲ။

Dr.TW : ဆရာတို့ ဒီနှစ် လှုပ်ရှားမှု ဆောင်ရွက်တဲ့ အခါမှာ General Population လို့ခေါ်တဲ့ ပွဲတော်လာ ပြည်သူအပေါင်းကို ပထမ ရည်ရွယ်ပါတယ်။ ဒုတိယ အနေနဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူများ (MSM) တွေကို ဦးတည်ထားပါတယ်။ နောက်ဆုံး တစ်ခုကတော့ (Youth & Adolescence)လို့ ခေါ်တဲ့ လူငယ်လူရွယ်တွေကို ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပွဲတော်လာ ပြည်သူတွေကတော့ ပြခန်းကနေ ကျန်းမာရေး အသိပညာ ရရှိပြီး လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရနိုင်အောင် ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေကိုတော့ အုပ်စုလိုက် ကျန်းမာရေး ပညာပေးတဲ့ပုံစံနဲ့ ချဉ်းကပ်ဖို့ ပြင်ဆင် ထားပါတယ်။ အဓိက အရေးထားရမယ့် လူအုပ်စုဖြစ်တဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေကိုတော့ အုပ်စုတူ ပညာပေးတဲ့သူ (Peer Educator)များကတစ်ဆင့် နတ်နန်းများသို့ သွားရောက်ပြီး အသိပညာနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်အောင် စီစဉ်ထားပါတယ်။

Voice : အခုလို ဆောင်ရွက်တဲ့အချိန်မှာ ဆရာတို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအပြင် အခြား ဘယ်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ဖို့ ရှိသလဲ။

Dr.TW : မန္တလေးမြို့မှာရှိတဲ့ ခုခံကျ/ကာလသား တိုက်ဖျက်ရေး စီမံချက်နဲ့အတူ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ UNICEF၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာပဲ အေအာရ်တီဆေး အများဆုံး ပေးနေတဲ့ UNION၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ ဖြစ်ကြတဲ့ PSI၊ MSI၊ CARE Myanmar၊ MBCA၊ မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွား အသင်းတို့နဲ့အတူ မန္တလေးမြို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်း တော်တော်များများက ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က တချို့ အဖွဲ့အစည်းတွေလည်း လာရောက် ပူးပေါင်းကြမယ်လို့လည်း သိရပါတယ်။

Voice : အခုလို ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးမြှင့် ဆောင်ရွက်ခြင်းအားဖြင့် ဘယ်လို အကျိုးသက်ရောက်ပြီး ဘယ်လောက် ထိရောက်မှုတွေ ရှိနိုင်မယ်လို့ ယူဆပါသလဲ။

Dr.TW : ဒီနှစ်ပိုင်းတွေမှာ အေအာရ်တီဆေးဝါးတွေ ပိုမို ရရှိလာပါတယ်။ ရောဂါပိုးရှိသူတွေ အနေနဲ့ ဆေးသောက်ရာမှာ အဆင်ပြေ ချောမွေ့နိုင်ဖို့ ဆေးပေးတဲ့ ဌာနတွေ ပိုမို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိက ကျတဲ့ ရောဂါကာကွယ်ရေးမှာ ဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ မြင်ပါတယ်။ ဒီလို တစ်နိုင်ငံလုံးက လူတွေ လာရောက်ကြတဲ့ ပွဲတော်မျိုးမှာ အန္တရာယ် ရှိတဲ့ လူအုပ်စုတွေ လာရောက်ကြတဲ့ ပွဲမျိုးမှာ ဒီလိုအခွင့်အရေးကို မယူနိုင်ရင် မိုက်ရာကျမှာပေါ့။ ကာကွယ်ခြင်းက ကုသခြင်းတက် ပိုကောင်းတယ်လို့ ဆိုတယ် မဟုတ်လား။

Voice : ပညာပေး လှုပ်ရှားမှုတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ရှိရင် ပြောပြပေးပါဦး။

Dr.TW : အခက်အခဲအနေနဲ့ ကြီးကြီးမားမား မရှိပါဘူး။ အထူးသဖြင့် ကျေးဇူးတင်ထိုက်တာကတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ပဲ။ နောက်ပြီးတော့ ပွဲတော် ကျင်းပရေး ကော်မတီပေါ့။ နှစ်စဉ် ဆောင်ရွက်နေပေမယ့် ဆရာတို့ပြခန်းနဲ့ ဝန်ဆောင်မှု လုပ်မယ့်နေရာကို ဒီနှစ်လောက် နေရာကောင်းတဲ့ နေရာမှာ တစ်ခါမှ မရခဲ့ဘူး။ နောက်တစ်ခုကတော့ ဆရာတို့နဲ့ လက်တွဲပြီး ဆောင်ရွက်နေတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေပါပဲ။ သူတို့ရဲ့ အကူအညီ မပါဘဲ ဆောင်ရွက်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ မန္တလေးမြို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ရှိတဲ့ လူအင်အားနဲ့ ဝိုင်းကြ ဝန်းကြလို့လေ။

Voice : ဆရာ့အနေနဲ့ ပွဲတော်လာ လူထုတွေအတွက် ဘာများ ဖြည့်စွက် ပြောချင်ပါလဲ။

Dr.TW : ဆရာ့အမြင်မှာ ရောဂါကာကွယ်ရေး လုပ်ငန်းဟာ သိပ်အရေးကြီးပါတယ်။ ဒါကို စီမံချက် ဆောင်ရွက်တဲ့သူတွေ သတိပြုရမယ်လို့ ထင်ပါတယ်။ ကွန်ဒုံးကို ပွဲတော်တွေမှာ မဝေရဘူးဆိုတဲ့ ခေတ်တွေကို ဖြတ်ခဲ့ကြရတယ်။ နောက်တစ်ခုက ဒေသနဲ့ လိုက်လျော ညီထွေရှိမှု (Locally Adapted)ပဲ။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ပွဲလမ်းသဘင် သိပ်ပေါတယ်။ ဖန်တီးယူတာ မဟုတ်ဘဲ ဒေသအလိုက် အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ရင် စရိတ်နည်းနည်းနဲ့ အကျိုးရှိပါတယ်။ ပွဲတော်လာတဲ့ သူတွေကိုတော့ ဝင်ကြည့်ပါ၊ လေ့လာပါ၊ သမားရိုးကျ ပညာပေးမှုတွေနဲ့ ရိုးအီနေတဲ့ ပုံစံက ခွဲထွက်ပြီး ကိုယ့်အတွက်ရော၊ နောင်မျိုးဆက်တွေ အတွက်ပါ စဉ်းစားစရာ တစ်ခုရဖို့လောက်တော့ အာမခံနိုင်တယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ


  • VIA