News

POST TYPE

INTERVIEW

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်နှင့် တွေ့ဆုံခြင်း
28-Dec-2016 tagged as

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ စည်းကမ်းဖောက်ဖျက်ခြင်းနှင့် ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ပြီး အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သို့ ဆောင်ရွက်မည် ဆိုသည်ကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်နှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : လက်ရှိအချိန်က ခရီးသည်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကြား ပြဿနာ ဖြစ်တာတွေကို ဖြေရှင်းဖို့ မထသနဲ့ အာဏာပိုင်အဖွဲ့ ဘယ်အဖွဲ့မှာ တာဝန်ရှိပါလဲ။
UHA : တိုက်ရိုက် ထိန်းသိမ်းဖို့က မထသ ကော်မတီမှာ တာဝန် ရှိပါတယ်။ အကယ်၍ မထသ မရှင်းနိုင်တဲ့ ဖြစ်စဉ် ဖြစ်ရပ်ဆိုရင် ကျွန်တော်တို့ထက်ကြီးတဲ့ အဖွဲ့အစည်းတွေကလည်း တာဝန် ယူပေးရမှာ ဖြစ်တယ်။ လက်ရှိ ဖြစ်စဉ်တိုင်းကို လုပ်ပိုင်ခွင့်ရှိတဲ့ အထဲက ဖြေရှင်း ဆောင်ရွက်ရေးအတွက် နံပါတ်တစ် ကြိုးစားမယ်။ နံပါတ်နှစ် တာဝန်ရှိ အဖွဲ့အစည်းတွေကို ဆက်လက် တင်ပြပါမယ်။

Voice : ယာဉ်လုပ်သားတွေရဲ့ စည်းကမ်းဖောက်မှုကို ဖြေရှင်းဖို့ အဖွဲ့ ဖွဲ့ထားတာ ထိရောက်မှု ရှိ၊ မရှိ သိချင်ပါတယ်။
UHA : စည်းကမ်းပျက်နေတဲ့ ယာဉ်တွေကို ထိန်းသိမ်းတဲ့အခါမှာ မထသအပြင် ဥပဒေကို ကိုင်စွဲထားတဲ့ အဖွဲ့အစည်းတွေကပါ ပူးပေါင်းပြီးတော့ ထိန်းသိမ်းနိုင်ရင် ပိုမိုပြီးတော့ ထိရောက် နိုင်ပါတယ်။ ဥပမာအားဖြင့် ယာဉ်တွေ စည်းကမ်း ပျက်တယ်။ ယာဉ်ထိန်းကလည်း စစ်ဆေးတွေ့ရှိမယ်။ တွေ့ရှိရင် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးလိုက်။ မထသက တွေ့ရှိမယ်။ တွေ့ရင် ထိထိရောက်ရောက် အရေးယူလိုက် အဲဒါဆိုရင် ပိုပြီးတော့ ထိရောက်ပါလိမ့်မယ်။

Voice : ကိုယ်ထိလက်ရောက်လုပ်တဲ့ ယာဉ်လုပ်သားတွေကို Facebook Group ဖွဲ့ပြီး ပြန်တုံ့ပြန်မယ်လို့ သတင်း ထွက်နေတဲ့အပေါ် မထသ (ဗဟို)အနေနဲ့ ဘာပြောချင်ပါလဲ။
UHA : ဒါက မှန်မှန်ကန်ကန်သတင်းပေးပို့မှုနဲ့ ဆိုင်တယ်။ ဖြစ်စဉ် အဟောင်းတွေကို ဒီနေ့ဖြစ်သလို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြနေတော့ တစ်ဖက်မှာ စိတ်ကို နှိုးဆွသလို ဖြစ်နေတယ်။ မထသက အရေး မယူဘူးလို့လည်း သတင်းတွေ ထွက်ပါတယ်။ တကယ်တော့ အရေးယူပါတယ်။ အရေးယူထားတဲ့ အထောက်အထားတွေ ကြည့်လို့ ရပါတယ်။ Group ဖွဲ့ပြီး ပြန်ရိုက်မယ်လို့ ပြောနေတဲ့အဖွဲ့ကို ပြောချင်တာက ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ပါလာရင် ဥပဒေအရ အရေးယူမှုတွေ ရှိလာနိုင်တယ်။ ပြီးတော့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ဖြေရှင်းတဲ့အခါ ဥပဒေအရ ကိုင်တွယ်ဖြေ ရှင်းတာပဲ ကောင်းပါတယ်။ ဒီအဖွဲ့အနေနဲ့ မထသ ကော်မတီနဲ့ တတ်နိုင်သမျှ အသိပေးခြင်း၊ ပူးပေါင်း ပါဝင်ခြင်းနဲ့ ကူညီပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်။

Voice : ယာဉ်တွေကို စည်းကမ်း ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါသလဲ။
UHA : စည်းကမ်း ထိန်းသိမ်းတဲ့အပိုင်းမှာ အဓိက မထသ အဖွဲ့အစည်းတွေ အားလုံးကပဲ ကိုယ့်ဘာသာ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အကယ်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ အကူအညီ လိုရင်လည်း ယာဉ်ထိန်း အကူအညီ ယူပြီးတော့ ဖြေရှင်းနေပါတယ်။

Voice : အခုလို စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို အရေးယူနေပေမယ့်လည်း ကျူးလွန်သူတွေ ပိုတိုးလာတာ ဘာကြောင့်လဲ။
UHA : ဒါကို ပြောရမယ်ဆိုရင် အခြေအနေနဲ့ ထိန်းသိမ်းနိုင်မှုရဲ့ လိုအပ်ချက်လို့ ပြောရမှာ ဖြစ်တယ်။ အခြေအနေက ဒီထက်ပိုပြီးတော့ ဆိုးနေတဲ့အချိန်မှာ သာမန် ထိန်းသိမ်းမှုနဲ့တော့ မရဘူး။ ဒါကြောင့် အဓိက ကျတဲ့ စနစ် ပြောင်းလဲရေးကို လုပ်နေတာပါ။ စနစ်မြန်မြန်ပေါ်ပေါက်ရေးဟာ ရည်မှန်းချက်ထားရမယ့် လုပ်ငန်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း စစ်ဆေးအရေး ယူတယ်ဆိုပေမယ့် အဲဒီ အပြစ်ပေး အရေးယူတိုင်းလည်း ကောင်းတာ မဟုတ်ဘူး။ တကယ်တော့ ညီညွတ်မျှတတဲ့ စနစ် တစ်ခု ပေါ်ပေါက်ရေးသာ အရေး အကြီးဆုံးဖြစ်ပါတယ်။

Voice : ညီညွှတ်မျှတတဲ့စနစ်နဲ့ ကိုင်တွယ်ဖို့က အာဏာပိုင် အဖွဲ့နဲ့မှ ဆောင်ရွက်မှာကို ဆိုလိုတာလား။
UHA : တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒါကိုမျှော်မှန်းပြီး လုပ်နေတယ်။ ဝန်ကြီးချုပ်ဆိုရင် နေ့စဉ်တိုင်းကို ယာဉ်ကော်မတီတွေကို အချိန်ပေးပြီး ဆွေးနွေးနေပါတယ်။ အခက်အခဲတွေကို တင်ပြရင် ချက်ချင်း ဖြေရှင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ တခြားနိုင်ငံတွေလိုပဲ ကားတွေကို ပိုင်ဆိုင်မှုစနစ် ပြောင်းမယ်။ ပြေးဆွဲမှု စနစ်ပြောင်းမယ်။ စီမံမှုစနစ်တွေ ပြောင်းမယ်။ ဒါတွေ ပြောင်းလဲရေးကို မထသ အဖွဲ့ကလည်း တတ်နိုင်သမျှ ပါဝင် ဆောင်ရွက်နေပါတယ်။

Voice : ဒီစနစ်က စတင်ဖို့ လက်ရှိမှာ မဖြစ်သေးဘူးဆိုတော့ ဒီကြားထဲမှာ စည်းကမ်းဖောက်မှုတွေကို ဘယ်လို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားဖို့ရှိလဲ။
UHA : ဒါက အရေး ကြီးပါတယ်။ ဒီစနစ်ကို သွားဖို့အတွက်က ပြင်ဆင်မှုတွေ လုပ်ရမယ်။ စီမံမှုတွေ လုပ်ရမယ်။ ရေးဆွဲမှုတွေ လုပ်ရမှာ ဖြစ်တဲ့အတွက် အချိန်ကြာမယ်။ ဒါပေမဲ့ လက်ရှိ မထသရဲ့ အားနည်းချက်တွေကို ပြုပြင်ပြီးတော့ ထိန်းသိမ်းသွားမယ်။ ဒီအခြေအနေကို လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ အရေးယူမှုတွေ၊ ကြပ်မတ်မှုတွေကတော့ တိုးမြှင့် လုပ်ဆောင်ရမယ့် အပိုင်းတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဆန်းဆန်းထွေး

  • TAGS