News

POST TYPE

INTERVIEW

မန္တလေးတိုင်းဒေသကြီး ဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့်အောင် (ခ) ဦးတင့်ဆွေနှင့် တွေ့ဆုံခြင်း
03-Aug-2016

ပြီးခဲ့သည့် အစိုးရလက်ထက်အတွင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်က ဥပဒေ ၄၃ ခု ပြဋ္ဌာန်းခဲ့သော်လည်း ပြည်သူ့အသံ လက်ခံ နားထောင်ခဲ့ခြင်း မရှိခဲ့၍ ပြည်သူ့ဝန်ပိစေသည့် ဥပဒေများရှိခဲ့ရာ ယင်းအနက် ဥပဒေအချို့ကို ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေရာ မန္တလေးတိုင်းဒေသကြီး ဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့်အောင် (ခ) ဦးတင့်ဆွေနှင့် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြပါသည်။

Voice : ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လက်ရှိ ဥပဒေတွေထဲမှာ ဘာတွေ လိုအပ်ပြီး ပြင်ဆင်ဖို့ လိုအပ်နေပါသလဲ ခင်ဗျာ။

UTA : လက်ရှိက ဖွဲ့စည်းပုံမှာပါပေမယ့် ပြဋ္ဌာန်းဖို့ ကျန်နေတဲ့ ဥပဒေတွေ ရှိတယ်။ ဒါလည်း အစိုးရကိုယ်တိုင် ပြဋ္ဌာန်းရမယ့် ဥပဒေပဲ ဖြစ်ပါတယ်။ ဘာလဲဆိုတော့ တိုင်းဒေသကြီး အစိုးရပိုင်ပစ္စည်း၊ ပြည်ထောင်စု အစိုးရပိုင်ပစ္စည်း ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ တခြားနည်းဖြင့် သုံးစွဲခြင်းမျိုးပေါ့။ အဲ့ဒါတွေ မပြဋ္ဌာန်းခဲ့ဘူး။ ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ်။ ပြဋ္ဌာန်းထားမှသာ တိုင်းဒေသကြီးပိုင် ပစ္စည်းက ဘယ်ဟာ၊ နောက်အစိုးရ အဖွဲ့ပိုင်၊ ပြည်ထောင်စု အစိုးရပိုင်ပစ္စည်းက ဘယ်ဟာတွေ ခေါ်တယ်ဆိုတာလည်း တိတိကျကျ သိလာမယ်။ ဒါမှသာလျှင် တိုင်းဒေသကြီး အစိုးရပိုင် ပစ္စည်းတွေ ရောင်းမယ်၊ ငှားမယ်ဆိုရင်လည်း ဘယ်အချက်နဲ့ ညီမှ ရောင်းမယ်၊ ငှားမယ်ဆိုတာ အတိအကျ သိလာမယ်။ အဲဒါတွေ မရှိတော့ ရောင်းမယ် ငှားမယ်ဆိုတာ အခက်အခဲတွေ ဖြစ်လာတယ်။ အငြင်းပွားဖွယ်ရာတွေ ဖြစ်လာတယ်။ တချို့သော ဥပဒေတွေကတော့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာဆိုရင်တော့ ဥပဒေထဲမှာတော့ ပါပါတယ်။ စီမံကိန်းတွေ လုပ်တော့မယ်ဆိုရင် MIC ရဲ့ ခွင့်ပြုချက် ယူရမယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ ခွင့်ပြုချက်လည်း ယူရမယ်။ ဒါပေမဲ့ တချို့လုပ်ငန်းတွေမှာကျတော့ ယူတဲ့ဟာက ယူတယ်၊ မယူတဲ့ဟာက မယူဘူး။ အဲလို မယူတဲ့ အခါကျတော့ ယူတဲ့ဟာတွေက ဘာမှန်း ကျွန်တော်တို့ မသိဘူး။ အခုဆိုရင် တချို့သော ၅ ဧကလောက် ကျယ်တဲ့ မြေဧကကြီးတွေပေါ့၊ အဲလို မြေဧက အကြီးတွေကို ပုဂ္ဂလိကပိုင် တစ်ဦးတည်း ပေးလိုက်တယ်။ ဘာအတွက် ပေးမှန်း မသိဘူး။ တချို့နေရာမှာဆိုရင် လူနေရပ်ကွက်ထဲမှာ ၃ ဧက၊ ၂ ဧက၊ ၅ ဧက စသဖြင့် ချပေးထားတာတွေ ရှိတယ်။ သူတို့လည်း လိုချင်သလို တခြားသူတွေလည်း လိုချင်တာပဲ။ ဒါက အစိုးရပိုင်တဲ့ ပစ္စည်းကို ငှားရမ်း ပေးတာပဲလေ။ ရောင်းချတာပဲဖြစ်ဖြစ်၊ ငှားရမ်းတာပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှု ရှိဖို့လိုမယ်။ ဒါတွေ အကုန်လုံးက ဒီဥပဒေ မရှိလို့ဖြစ်တာ။ ဝယ်မယ်ဆိုရင် အစိုးရပေါက်ဈေးနဲ့ ဝယ်မယ်ဆိုရင်တောင် ပေါက်ဈေးက အများကြီး ရှိတယ်။ အခုဟာက ငွေလေးသွင်းပြီး ပြီးသွားတာမျိုးကတော့ မဖြစ်သင့်တာတွေ ဖြစ်နေတာ ရှိတယ်။

Voice : ဒီဥပဒေ ပြဋ္ဌာန်းဖို့နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို လုပ်နေတာတွေ ရှိပါလဲ။

UTA : ဒီဥပဒေတွေက ပြည်ထောင်စုအဆင့်က အရင်သွားမှ ရမယ်။ တိုင်းဒေသကြီးက အရင်သွားလို့ မရဘူး။ ကျွန်တော်တို့ အရင်ရေးဆွဲရင် နောက် ပြည်ထောင်စုက ရေးဆွဲတဲ့အခါကျတော့ ပြန်လုပ်ဖို့ရာက အားလုံး ရှုပ်ကုန်မယ်။ ခု ပြည်သူ့လွှတ်တော်ရော ပြည်ထောင်စုအဆင့်က ကိုယ်စားလှယ်တွေနဲ့ တွေ့ရင် ဒီဥပဒေလေးတော့ ရေးဆွဲဖို့ လိုနေပြီဆိုပြီး ပူးပေါင်း ဆောင်ရွက်တာမျိုးတွေ ရှိတယ်။ နောက် ကလေးသူငယ်ဆိုင်ရာ ဥပဒေ ကလေးသူငယ်တွေအပေါ် ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ်က သိပ်မကြီးဘူး။ ဒါပေမဲ့ ကလေးတွေမှာက စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်သွားတယ်။ ချုပ်နှောင်ထားတာမျိုး၊ အစာ အငတ်ထားတာမျိုးတွေမှာ လူကြီးတစ်ယောက်ကို လုပ်လို့ ပေးတဲ့ပြစ်ဒဏ်မျိုးပဲ မဖြစ်သင့်ဘူး။ ပြင်ဆင်သင့်တယ်။ ပြည်ထဲရေးနဲ့ ပတ်သက်တာ တစ်ခုကလည်း ရဲတွေ သူတို့ နေရေးထိုင်ရေး အခက်အခဲ ရှိနေတာတွေလည်း ပြင်ပေးဖို့ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေကို တိုက်တွန်းထားတယ်။

Voice : တိုင်းဒေသကြီး အတွင်းမှာရော ဘယ်လို ဥပဒေတွေ ပြင်ဖို့ ရှိနေပါလဲ။ လက်ရှိမှာရော ဘယ်လို ဥပဒေတွေ ပြင်ဆင်နေတာ ရှိပါလဲခင်ဗျာ။

UTA : မြို့ပြနဲ့ ပတ်သက်တဲ့ကိစ္စ ဒါလည်း ကျွန်တော်တို့ ရေးနေတာ ရှိတယ်။ မြို့တော်စည်ပင်က ပြဋ္ဌာန်းထားတာ ရှိတယ်။ နည်းဥပဒေ အခန်း ၅၊ ပုဒ်မ ၂၅ မှာ ကော်မတီသည် မိမိ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာကို လေလံဖြင့်ဖြစ်စေ၊ တင်ဒါဖြင့်ဖြစ်စေ၊ တခြား သင့်လျော်နည်းဖြင့်ဖြစ်စေ ငှားရမ်းခွင့်ရှိသည့် ပုဂ္ဂိုလ်ကို မြေငှား စာချုပ် ချုပ်ဆိုခွင့်ရှိသည်ဆိုတာ ရှိတယ်။ လေလံတင်ဒါတော့ မပြောလိုပါဘူး။တခြား သင့်လျော်သောဆိုတာက တော်တော်လေးကို ကျယ်ပြန့်တယ်။ ဒါတွေဟာလည်း မဖြစ်သင့်တဲ့ကိစ္စပဲ။

Voice : ဥပဒေ ပြဋ္ဌာန်းတဲ့အခါ ပြည်သူ့အသံ ပြန်မယူလို့ အခက်အခဲ ဖြစ်တာမျိုးတွေရှိလား။ ပြည်သူကို ဝန်ပိစေတဲ့ ဥပဒေမျိုးတွေကရော ဘာတွေဖြစ်မလဲ။

UTA : လောလောဆယ် လေ့လာတွေ့ရှိချက်ပေါ့။ လုပ်ငန်းလိုင်စင် ချထားပေးတဲ့ ကိစ္စတွေမှာ အင်မတန်မှကို မဖြစ်သင့်တာတွေ တွေ့ရတယ်။ ကော်မတီသည် နည်းဥပဒေပါ သတ်မှတ်ချက်များနဲ့အညီ စိစစ်လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင် ထုတ်မပေးရန် အဲလိုမျိုး လုပ်ရတယ်။ အမှန်က ဒီစည်းကမ်းချက်နဲ့ညီရင် ထုတ်ပေးရမယ်။ ကော်မတီကို ဘယ်လို လုပ်ထားလဲ ဆိုတော့ ထုတ်ပေးချင်လည်း ရတယ်၊ ထုတ်မပေးချင်လည်း ရတယ် ဖြစ်နေတယ်။ အမှန်က လိုအပ်တဲ့ စည်းကမ်းချက် ထုတ်၊ စည်းကမ်းချက်နဲ့ညီရင် ထုတ်ပေးရမယ်။ သတ်မှတ် စည်ကမ်းချက်နဲ့မညီရင် ထုတ်မပေးဘူး။ ဒီလိုမျိုး ဖြစ်သင့်တာ။ အနှေးယာဉ် ဥပဒေမှာလည်း လိုင်စင် ထုတ်ပေးရာမှာ ဒီလိုပုံစံမျိုး တွေ့ရတယ်။ ဥပဒေတစ်ခု ပြဋ္ဌာန်းရင် ပြည်သူ့ Feedback ကို ကြည့်ရတယ်။ ဒီဥပဒေသည် အမှန်တကယ် လက်တွေ့မှာ အသုံးဝင်လား၊ အံဝင်ခွင်ကျ ဖြစ်ရဲ့လား ပြန်ကြည့်ရတယ်။ ပြည်သူ့အသံ နားမထောင်တော့ အခက်အခဲ ဖြစ်ရတယ်။ ပြောရမယ်ဆိုရင် စည်ပင် နည်းဥပဒေမှာ အများဆုံး တွေ့ရတယ်။ လွှတ်တော်က ဥပဒေ ထုတ်တယ် ဆိုရင်လည်း နည်းဥပဒေ ထုတ်ဖို့က ကော်မတီကို ပေးထားတယ်။ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ စည်းကမ်းချက်၊ ညွှန်ကြားချက် အကုန်လုံးပါပဲ။ တစ်ခါတလေမှာ ကျွန်တော် ထင်တယ်။ ကော်မတီက သူတို့ထုတ်တဲ့ နည်းဥပဒေတွေ၊ မှတ်တောင် မှတ်မိ သိရော သိပါ့မလား မသိဘူး။

Voice : စည်ပင်ကော်မတီ အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေမှာ ဘယ်အတိုင်းအတာအထိ အရေးပါ တာဝန်ရှိပါလဲ။

UTA : စည်ပင်က လုပ်ငန်းကြီးတယ်။ စည်ပင်ဥပဒေတွေက များတယ်။ ပြောရမယ်ဆိုရင်တော့ သူက Mini-Government လို့ ပြောလို့ရတယ်။ သူလုပ်တဲ့ ပုံရိပ် ကောင်းရင် ကောင်းသလို အစိုးရအတွက် ကောင်းသွားတာတွေ ရှိတယ်။

Voice : မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ။ ဥပမာ - လက်ဝယ်တွေ့ရှိမှု ဆိုတာမျိုးနဲ့ ပြစ်ဒဏ်ခံနေရတဲ့ ဖြစ်စဉ်မျိုး၊ အဲလိုကိစ္စတွေကို ဆရာ့အနေနဲ့ ဘာပြောချင်လဲဗျ။

UTA : တစ်ခုရှိတာက ပြီးခဲ့တဲ့ မန္တလေးမှာဖမ်းတဲ့ ဖြစ်စဉ်မှာဆို မဖမ်းခင် တစ်ရက် အလိုကတည်းက ကျွန်တော်တို့ သွားလေ့လာခဲ့တယ်။ ကျွန်တော်တို့ ကွမ်းယာဆိုင်လေးမှာ ဝင်ဝယ်တယ်။ ဘာကားနဲ့ လာတယ်၊ ဘယ်နှယောက်ပါတယ်၊ ဘယ်နှယောက် အောက်ဆင်းပြီး ဝယ်တယ်ဆိုတာကအစ သူတို့ဆီ သတင်းရနေပြီ။ ဆရာတို့ နောက်လာရင် ကိုယ်ပိုင်ကားနဲ့ မလာနဲ့ ချောင်းရိုက်တာတွေ၊ ကားမှန်ခွဲတာတွေ ရှိတယ်လို့ ကွမ်းယာဆိုင်လေးကတောင် ပြောပြလိုက်သေးတယ်။ ဘိန်းဖြူမှာဆိုရင် ၃ ဂရမ်အထက် တွေ့မှ ရောင်းတယ်လို့ သတ်မှတ်တာ။ အဲ့အခါကျတော့ သူတို့ကလည်း ဥပဒေကို သိသင့်သလောက် သိထားကြတယ်။ သူတို့လည်း စီမံပြီး လုပ်ဆောင်တာတွေ ရှိတယ်။ သေချာ မပြင်ဆင်ဘဲနဲ့ သွားမယ်ဆိုရင် ဟိုတစ်နေ့ကလို မန္တလေး ဟာသကြီး ဖြစ်သွားမှာပေါ့။ ဥပဒေကို လွှတ်တော်က ပြုတာမှန်တယ်။ ဒါပေမဲ့ အဲ့ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုတာက တရားသူကြီးအဖွဲ့က လုပ်တာ ဖြစ်တယ်။ သုံးသပ်တယ်ဆိုတာ တရားသူကြီးတွေပေါ်ပဲ မူတည်တယ်။ ဒါဟာ တော်တော် စဉ်းစားစရာ ကောင်းတဲ့ ကိစ္စ ဖြစ်လာတယ်။ ကျွန်တော် ဒီလိုအမှုတွေ တော်တော်များများ လိုက်ဖူးပါတယ်။ လူတစ်ယောက်က ရထား၊ ကား တစ်ခုခု စီးလာမယ်၊ ဒီရောက်တော့ ဆိုင်ကယ်ကယ်ရီ ငှားခဲ့တယ်၊ ငှားရင် ဆိုင်ကယ်သမား၊ ကားသမားက သူတို့အိတ်ကို စစ်မကြည့်ဘူး၊ စစ်ကြည့်လို့လည်း မရဘူး။ အိတ်ထဲမှာ ပါလာပြီ၊ Surprise Check ပဲဖြစ်ဖြစ်၊ သတင်းအရဖြစ်ဖြစ် အဖမ်းခံရပြီဆိုရင် ဘာဖြစ်လာလဲဆိုတော့ ကယ်ရီသမားပါ ထောင်ကျခဲ့တာမျိုး ခဏခဏ ကြုံရတယ်။ အမှန်က ပုဒ်မ တစ်ခုချင်းစီက ပြဿနာကို မရှင်းဘဲနဲ့ ဒါဖြစ်ရင် ဒါဖြစ်ရမယ်ဆိုတဲ့ ပြဿနာတွေ သွားတွေ့ရတယ်။ ဥပဒေက အဲလို မဖြစ်ချင်လည်း အဓိပ္ပာယ် ဖွင့်တဲ့သူက ပိုအရေးကြီးနေတယ်။ Just Make All Law ပေါ့ဗျာ။

Voice : ဥပဒေတစ်ခု ပြုတဲ့အခါမှာ ပြည်သူ့အသံပါအောင် ဘယ်လို ပုံစံနဲ့၊ ဘယ်လို အဆင့်တွေနဲ့ လုပ်သင့်ပါလဲ။

UTA : ကျွန်တော်တို့ အခု ယကက ဥပဒေ လုပ်နေတယ်။ ဥပဒေက ရှိပြီးသား။ ကျွန်တော်တို့ လူထု Feedback ကို ဆင်းယူနေတယ်။ လူထုတချို့က ပြင်ချင်တယ်။ တချို့က ဖျက်ချင်တယ်။ ဟုတ်ပြီ ပြင်မယ်ဆိုကြပါစို့။ ဥပဒေအကြမ်းရေး ဆွေးနွေးတိုင်ပင်ပြီးရင် ပြည်သူ့အသံ ပြန်ယူရတယ်။ ယူပြီးရင် လိုတာတွေ ပြန်ဆွေးနွေး၊ ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး၊ လွှတ်တော်မှာ အဆိုတင်တယ်ဆိုတာလည်း ထောက်ခံသူရှိမှ ဆက်ဆွေးနွေးရတာ။ ကန့်ကွက်သူ ရှိလာရင် ထောက်ခံသူ ၂ဝ ရာခိုင်နှုန်း ရှိရမယ်။ ဒါမှ ဆက်ဆွေးနွေးလို့ ရမယ်။ ဆွေးနွေးလို့ ရပြီဆို ဥပဒေကြမ်းကို ပြည်သူကို ပြန်ချပြရတယ်။ ပြည်သူက လက်ခံမှ လွှတ်တော်မှာ ပြန်တင်ပြီး အတည်ပြုဖို့ လုပ်ရမှာ။ အဲဒီမှာလည်း ပြင်ဆင်ချက် အဆိုကို သုံးရက်အတွင်း ပြင်ဆင်လို့ ရတယ်။ ဒါပေမဲ့ အရင်က ဥပဒေတွေမှာ အဲ့လိုလုပ်ခဲ့တာ နည်းပါတယ်။ မရှိသလောက်ပါပဲ။ ခုနောက်ပိုင်းတော့ လုပ်လာတယ်။ ရပ်/ကျေး ဥပဒေတို့၊ ယကက ဥပဒေတို့ကို လုပ်နေတယ်။ တစ်ခု အခက်အခဲ ရှိတာက ပြင်ဆင်ချက် ဥပဒေက သုံးရက်အတွင်းမှာ ပြင်ရတာ။ အချိန်က ဘယ်လိုမှ မလုံလောက်ဘူး။ ထပ်တိုးပေးဖို့ မရှိဘဲနဲ့ ဥက္ကဋ္ဌက လျှော့ချင်ရင်တောင် လျှော့လို့ ရသေးတယ်။ အဲဒီအချိန်က အရမ်းကို နည်းလွန်းပါတယ်။

Voice : လက်ရှိ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ အလုပ် လုပ်ကြရာမှာ လွတ်လပ်မှု အပြည့်အဝ ရှိလား။လွတ်လပ်တဲ့ လွှတ်တော်၊ လွတ်လပ်တဲ့ အစိုးရ ဖြစ်ပါလား။ အစိုးရကို ဘယ်လိုမြင်လဲ။

UTA : တိုင်းဒေသကြီး အနေနဲ့ ပြောရမယ်ဆိုရင် နည်းနည်း ခဲယဉ်းတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရင်တော့ လွှတ်တော်တွေက လွတ်လပ်တဲ့ လွှတ်တော်လို့ ပြောမရဘူး။ အစိုးရကလည်း လွတ်လပ်သော အစိုးရလို့ ပြောမရဘူး။ ဘာကြောင့်လဲဆိုရင် ဗျူရို ကရေစီ ယန္တရားမှာ ပြည်ထဲရေးက တိုက်ရိုက် လှမ်းခန့်တဲ့အတွက်ကြောင့် တချို့သော လွှတ်တော်တွေက ဝန်ထမ်းတွေဟာ ပြည်ထဲရေးရဲ့ လစာကိုပဲ ယူနေရတယ်။ တချို့သော လွှတ်တော်လောက်သာ လွှတ်တော်ကနေ လစာ ပေးနိုင်တယ်။ အမှန်က လွှတ်တော် ရန်ပုံငွေကနေ ဝန်ထမ်းတွေကို ထုတ်ပေးနိုင်ရမယ်။ အစိုးရအဖွဲ့မှာလည်း လွတ်လပ်တဲ့ ဗျုရိုကရေစီ ရှိရမယ်။ တချို့ ဌာနမှူးတွေကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးထားတာမျိုးတွေ ရှိနေတယ်။ နောက် အဲလို မဟုတ်ဘဲနဲ့ ပြည်ထဲရေးကပဲ ခန့်နေမယ်ဆိုရင် မရဘူး။ လွတ်လပ်တဲ့ ဗျူရို ကရေစီ ယန္တရားဖြစ်ဖို့ လိုတယ်။ ဒါမှသာ လွတ်လပ်တဲ့ အစိုးရဖြစ်မှာပါ။

အောင်ဖြိုး

  • VIA