News

POST TYPE

INTERVIEW

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန (လုပ်ငန်း)၊ ဌာနမှူး ဦးမောင်မောင်ဇော်နှင့် တွေ့ဆုံခြင်း
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ရှိ မြို့နယ်များ၏ ရပ်ကွက်တွင်း လမ်းများတွင် ဖွင့်လှစ်ထားသော အခိုင်အမာ တည်ဆောက်ထားသော ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနေမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန (လုပ်ငန်း)၊ ဌာနမှူး ဦးမောင်မောင်ဇော်ကို The Voice က တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြပါသည်။

Voice ။  ။ ရန်ကုန်မြို့ရဲ့ မြို့နယ်ရပ်ကွက်တိုင်းက လမ်းတွေပေါ်က ဆိုင်ခန်းတွေကို ဖျက်ခိုင်းတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

UMMZ ။  ။ ကျွန်တော် ပြောချင်တာက အဖျက်ခံလိုက်ရတဲ့ ဆိုင်ခန်းတွေက သူတို့မြေထဲမှာလား။ ဘယ်သူ့မြေထဲမှာလဲ။ ခင်ဗျားအနေနဲ့ ဆိုရင်ရော အများပြည်သူ အသွားအလာအတွက် အနှောင့်အယှက် မဖြစ်ဘူးလား။ အဲ့တော့ အများပြည်သူရဲ့ အကျိုးကို ကြည့်မလား၊ တစ်ယောက်တည်း အတွက်ရဲ့ အကျိုးကို ကြည့်မလား။ အဲဒါဆိုရင် ဘာမှ ကျွန်တော့်ကို ဒီမေးခွန်းတွေ မေးစရာ မရှိဘူး။ ဖြေစရာ မလိုပါဘူး။

Voice ။  ။ ဒီလိုရပ်ကွက်ထဲက လမ်းတွေပေါ်က ဈေးဆိုင်ခန်းတွေကို ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီး စည်ပင်အပေါ်ကို ဝေဖန်ပြောဆိုနေတာတွေကို ဘာများဝေဖန်ချင်လဲ။

UMMZ ။  ။ ကျွန်တော် ဘာမှမသိပါဘူးဗျ။ ဘာမှလည်း မကြားဘူး။ စိတ်လည်း မဝင်စားပါဘူး။ ဥပဒေအတိုင်းပဲ လုပ်နေတာလေ။

Voice ။  ။ ရပ်ကွက်တွင်း လမ်းတိုင်းမှာ ဒီလိုဆိုင်ခန်းလေးတွေ အိမ်ဆိုင်လေးတွေက ရှိနေတာ ဆိုတော့ အကုန်လုံးကို ဖျက်သိမ်းခိုင်းဖို့ အစီအစဉ်များ ရှိပါသလား။

UMMZ ။  ။ ဥပဒေအတိုင်းပဲ လုပ်နေတာလေဗျာ။ ဒီဟာတွေ အားလုံးကိုလည်း တဖြည်းဖြည်းချင်း လုပ်ရမှာပေါ့ဗျာ။

Voice ။  ။ လက်ရှိမှာ ဘယ်လိုမြို့နယ်တွေကို အဓိကထား လုပ်ဆောင်မှုတွေ ရှိနေပါသလဲ။

UMMZ ။  ။ အဲ့ဒါလည်း ကျွန်တော်မသိဘူး အကုန်လုံးကို လုပ်ခိုင်းထားတာပဲလေ။ အကုန်လုံးကို  လုပ်ခိုင်းထားတာပဲ။

Voice ။  ။ ဆရာက စီမံလုပ်ငနးဌာနလေ။

UMMZ ။  ။ အစအဆုံးကိုတော့ မသိဘူး။ အဆင့်ဆင့် ရှိတယ်လေဗျာ။ သူတို့ လုပ်နေကြတာပဲလေ။ ပိုင်းလော့ ပရောဂျက်တွေ ဘာတွေ ဘာမှမသိဘူး ကျွန်တော်သိတာ ဥပဒေပဲ သိတယ်။ ဥပဒေ အထက်မှာ ဘာမှမရှိစေရဘူးဗျာ။

Voice ။  ။ ဒီလိုလမ်းနယ် ကျူးကျော်ဆိုင်ခန်းတွေ ဖျက်ခိုင်းတာကို ဘယ်ကာလအတွင်း အပြီးလို့ သတ်မှတ်ထားသလဲ။

UMMZ ။  ။ ဥပဒေအတိုင်းပဲ လုပ်နေတယ်ဗျာ။ ဥပဒေပြင်ပမှာ ဘယ်သူမှ မရှိစေရဘူးဗျာ။ ပြီးမယ့်ကာလက သတ်မှတ်လို့ မရဘူး။

Voice ။  ။ လမ်းနယ်ကျူးကျော်တာတွေ၊ လမ်းဘေးဈေးသည်တွေကို ရှင်းလင်းတယ်ဆိုတော့ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခ ဖြစ်လာရင် ဘယ်လိုဆောင်ရွက်ပါသလဲ။

UMMZ ။  ။ ပဋိပက္ခ ဖြစ်လာရင် ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပဲ လွယ်လွယ်လေးကို လာခက်နေတယ်။

Voice ။  ။ လမ်းဘေးဈေးသည်တွေက ပြောကြတယ်။ စည်ပင်အနေနဲ့ ရှင်းလင်းတဲ့အခါမှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်လို့ ဆိုတယ်။ အဲဒီ့အတွက်ရော ဘယ်လိုများ အရေးယူခဲ့ပါသလဲ။

UMMZ ။  ။ ကိုယ်ထိလက်ရောက်လုပ်ရင် သူတို့ကို တရားစွဲ၊ ဥပဒေ အတိုင်းပဲ။ စည်ပင်က ကောင်က ကိုယ်ထိလက်ရောက်လုပ်ရင် စည်ပင်က ကောင်ကို တရားစွဲ၊ ဈေးသည်က လုပ်ရင် ဈေးသည်ကို တရားစွဲ ဒါပဲ။ လွယ်တာကိုကွာ မင်းတို့က ရှုပ်အောင် လုပ်နေတယ်။

Voice ။  ။ အရင်ခေတ်အဆက်ဆက် ကတည်းက ရှိခဲ့တဲ့ဆိုင်ခန်းတွေကို အခုအချိန်ကျမှ ဖျက်သိမ်းခိုင်းတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

UMMZ ။  ။ ဘာမှ မပြောချင်ဘူး။ ဥပဒေအတိုင်းပဲ လုပ်တာပဲ။

Voice ။  ။ အကယ်၍ စည်ပင်ရဲ့ ညွှန်ကြားချက်အတိုင်း မလိုက်နာရင် ဘယ်လိုအရေးယူဖို့ ရှိလဲ။

UMMZ ။  ။ စည်ပင်သာယာရေးကော်မတီ ဥပဒေအတိုင်းပဲ ဆောင်ရွက်မယ်။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ ဆောင်ရွက်မယ်။

ဇေယျာဟိန်း