News

POST TYPE

INTERVIEW

ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ရှိ မြို့နယ်များ၏ ရပ်ကွက်တွင်း လမ်းများတွင် ဖွင့်လှစ်ထားသော အခိုင်အမာ တည်ဆောက်ထားသော ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနေမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကို The Voice က တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြပါသည်။

Voice ။  ။ ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များရဲ့ ရပ်ကွက်တွင်း လမ်းပေါ်မှာ ဈေးဆိုင်ခန်းတွေကို ဖျက်ခိုင်းတာ တွေ့ရပါတယ်။ ဘာကြောင့်များလဲ ခင်ဗျ။

D.HMO ။  ။ ကျွန်မ သူတို့ကို တစ်ခုမေးချင်ပါတယ်။ အဲဒီလမ်းပေါ်မှာ သူတို့ကို ဘယ်သူက ဖွင့်ခိုင်းထားတာလဲ။ ခွင့်ပြုချက်ရှိလား ဆိုတာပါ။ တကယ်တော့ လမ်းပေါ်မှာ ရောင်းချခွင့် မရှိပါဘူး။ ဒါပေမဲ့ အကြာကြီး အမှားတွေ လုပ်ခဲ့တဲ့အခါမှာ အမှားကို အမှန်ထင်လာကြတယ်။ တကယ်တော့ စည်ပင်ပိုင်တဲ့ လမ်းနယ်ပေါ်မှာ ဈေးရောင်းခွင့်၊ ဆိုင်ခန်းဖွင့်ခွင့် မရှိပါဘူး။

Voice ။  ။ အရင်ကတည်းက ဖွင့်ခဲ့ပြီးမှ ခုချိန်ကျမှ ဖျက်သိမ်းခိုင်းတဲ့အပေါ် ဘာပြောချင်လဲ ခင်ဗျ။

D.HMO ။  ။ ကျွန်မတို့က တရားဥပဒေစိုးမိုးရေးကို လုပ်ရမှာလား၊ မလုပ်ရဘူးလား။ ကျွန်မတို့ ဝန်ထမ်းတွေ အမှားမဖြစ်အောင် ဆောင်ရွက်နေရပါတယ်။ ဘယ်သူ ဘယ်သူကမှ လူမုန်းမခံချင်ပါဘူး။ တရားဥပဒေစိုးမိုးရေးကို တကယ်ဆောင်ရွက်မယ်ဆိုရင် ဒီမိုကရေစီ ဆိုတာက တရားဥပဒေစိုးမိုးမှ ဖြစ်မှာပါ။ တရားဥပဒေစိုးမိုးဖို့ဆိုရင် တရားဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ။

Voice ။  ။ လမ်းနယ်အပေါ်ရှိတဲ့ ဈေးဆိုင်ခန်းတွေ ဖျက်သိမ်းရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအပေါ် ဝေဖန်မှုတွေကို ဘာများပြောချင်လဲ ခင်ဗျ။

D.HMO ။  ။ ဈေးသည်တွေကိုတော့ ဘာမှပြောစရာ မရှိပါဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ရန်ကုန်မြို့မှာ တရားဥပဒေစိုးမိုးရေးကို ရအောင် ဆောင်ရွက်နေပါတယ်။ အဲဒါကလွဲပြီး တခြားလုပ်ဖို့တော့ မရှိပါဘူး။

Voice ။  ။ ရပ်ကွက်တွင်း လမ်းတိုင်းမှာ ဒီလိုမျိုး ဆိုင်ခန်းလေးတွေ၊ အိမ်ဆိုင်လေးတွေ ရှိတယ်ဆိုတော့ အကုန်လုံးကို ဖျက်သိမ်းခိုင်းဖို့ ရှိသလား။

D.HMO ။  ။ ၃၃ မြို့နယ်လုံး ဆောင်ရွက်ဖို့ အခြေအနေပေါ် မူတည်ပြီး တဖြည်းဖြည်းနဲ့ ဆောင်ရွက်သွားမှာပါ။ ဒီအမှားကို အကြာကြီး အဖြစ်ခံထားတဲ့ အခါမှာ အမှားကို အမှန်ထင်နေတဲ့အတွက် ကျွန်မတို့မှာရှိတဲ့ လူအင်အားနဲ့ တဖြည်းဖြည်း လုပ်ဆောင်သွားမှရမှာပါ။ ပြည်သူလူထုနဲ့ မီဒီယာအားလုံး ပူးပေါင်းဆောင်ရွက်မှ တရားဥပဒေစိုးမိုးမှာပါ။

Voice ။  ။ ယခုလက်ရှိ နှစ်ပေါင်းများစွာ ရှင်းလင်းခြင်းမရှိတဲ့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်က နောက်ဖေးလမ်းကြားတွေကို အခုအစိုးရလက်ထက်မှာ ရှင်းလင်းဆောင်ရွက်ပေးတယ်။ နောက်ထပ် မြို့နယ်တွေက နောက်ဖေးလမ်းကြားတွေကိုရော စည်ပင်အနေနဲ့ ရှင်းလင်းဆောင်ရွက်ပေးဖို့ ရှိလား။

D.HMO ။  ။ နောက်ဖေးလမ်းကြားက အမှိုက်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ရှင်းလင်းဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ်မြို့နယ်တွေကိုလည်း တဖြည်းဖြည်းနဲ့ ရှင်းလင်းဆောင်ရွက်ပေးဖို့ ရှိပါတယ်။ ရန်ကုန်မြို့တော်ကြီး သာယာလှပအောင် မြို့နဲ့တူအောင် တဖြည်းဖြည်း ဆောင်ရွက်သွားမှာပါ။

သက်သျှိုင်းသူ