News

POST TYPE

INTERVIEW

ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
20-Dec-2016 tagged as မိုးလေဝသ

နှစ်စဉ်အပူချိန် မြင့်တက်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်း အစရှိသည့် ရာသီဥတု ပြောင်းလဲမှု အခြေအနေကို ဆိုးရွားစွာ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ရှေ့ဆက်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတု ပြောင်းလဲမှု အခြေအနေကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် နှစ် ၁၀၀ ရာသီဥတု အခြေအနေကို ရေးဆွဲဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှု အခြေအနေကို နှစ် ၁၀၀ ခန့်မှန်းချက် ရေးဆွဲနေတယ် ဆိုတာ ဘယ်လိုမျိုး ရေးဆွဲဆောင်ရွက်တာပါလဲ ဆရာ။ 

KMO : အဓိကကတော့ ခန့်မှန်းချက် ထုတ်တာပါ။ အရင်ဖြစ်ခဲ့တဲ့ ရာသီဥတု အခြေအနေကို အခြေခံပြီး ဒီ ၂၁၀၀ ခုနှစ် အထိ ခန့်မှန်းချက်ထုတ်တာ။ အပူချိန်တွေ ဘယ်လောက်မြင့်တက် လာမလဲ၊ မိုးတွေဘယ်လောက်များမလဲ၊ ဘယ်လိုရွာမလဲ စတာမျိုးတွေပါ။ 

Voice : အခုလို နှစ် ၁၀၀ ရာသီဥတု ခန့်မှန်းချက် ရေးဆွဲတာကို ဘယ်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတာပါလဲရှင့်။

KMO : ဒီလိုရေးဆွဲတာကိုတော့ Regional Integrated Multi- Hazard Early Warning System (RIMES) နဲ့လည်း လုပ်တယ်။ Asian Disaster Preparedness Center (ADPC) နဲ့လည်း လုပ်တယ်။ နောက်ပြီးတော့ ကိုလံဘီယာ တက္ကသိုလ်နဲ့လည်း ပေါင်းပြီး ဆောင်ရွက်ခဲ့တယ်။ အခုတော့ ရေးဆွဲပြီးပါပြီ။ 

Voice : နှစ် ၁၀၀ အတွက် ခန့်မှန်းချက် ရေးဆွဲတာဆိုတော့ နှစ်ကာလအပိုင်း အခြားကရော ဘယ်လိုမျိုး ရေးဆွဲတာပါလဲရှင့်။ 

KMO : သူက နှစ် ၂၀ စီရေးဆွဲတာ။ ၂၀၂၁ ကနေ ၂၀၄၀ အထိ၊ ၂၀၄၁ ကနေ ၂၀၆၀ အထိ၊ ၂၀၆၁ ကနေ ၂၀၈၀၊ ၂၀၈၁ ကနေ ၂၁၀၀ ခုနှစ်အထိ။ ပြီးခဲ့တဲ့အတိတ်က Climate (ရာသီဥတ အခြေအနေ) ကို အခြေခံပြီး နောင်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို တွက်ထုတ်ရတာပါ။ Model Output ပါပဲ။

Voice : အခုလို နှစ် ၁၀၀ ခန့်မှန်းချက်ကို ရေးဆွဲလိုက်တဲ့အတွက် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်သလဲ။ ဘာတွေကို အထောက်အကူ ပြုနိုင်ပါသလဲ ဆရာ။

KMO : အဓိကကတော့ ရာသီဥတု ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့က မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုကို အဓိက သိသွားနိုင်မယ်။ လာမယ့်ရာသီဥတုမှာ ပိုပူနိုင်သလား၊ မိုးများနိုင်သလား ဆိုတာမျိုးတွေကို အရင်ကထက် စိုက်ပျိုးရေးဆို စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ကြိုတင်ပြင်ဆင်သွားနိုင်မယ်။ သတ္တုတွင်းဆိုလည်း သတ္တုတွင်းပေါ့။ အကုန်လုံး ပြန်ပြင်ဆင်သွားနိုင်မယ်။ သစ်တောဆိုလည်း သစ်တောအလိုက် အစီအမံတွေနဲ့ ပြင်ဆင်ထိန်းသိမ်းနိုင်မယ်။ အဲလိုမျိုးတွေပါ။ 

Voice : ဒီနှစ် ၁၀၀ ခန့်မှန်းချက် ရေးဆွဲထားမှုကနေ မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်ရာသီဥတု ပြောင်းလဲမှု အနေနဲ့ ဘာတွေကို ကြုံတွေ့ရနိုင်ပါသလဲ။ 

KMO : ဒီခန့်မှန်းချက်အရတော့ အဓိကကတော့ အကြမ်းဖျင်း အနေနဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် တချို့ပြည်နယ်နဲ့ တိုင်းတွေမှာ အပူချိန်တွေ ပိုတက်လာမယ်။ အပူချိန်က ၁ ဒသမ ၆ ကနေ ၄ အထက်လောက် တက်လာတယ်။ မိုးကလည်း ပိုပြီးတော့ များများလာနိုင်တယ်။ ကမ္ဘာနဲ့အဝန်းလည်း အပူချိန်တွေ ထပ်မံမြင့်တက်လာနိုင်တော့ ၂၀၁၅ ခုနှစ်ကလုပ်တဲ့ ပဲရစ်ညီလာခံမှာ ရာသီဥတု ပြောင်းလဲမှုကို လျှော့ချဖို့ သဘောတူညီခဲ့တယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်နေပါတယ်။ 

Voice : ဒီသတင်းအချက်အလက်တွေကို တရားဝင် ထုတ်ပြန်ဖို့ရော ရှိပါသလား။

KMO : ရေးဆွဲထားတဲ့ အချက်အလက်တွေကို Myanmar Climate Change Alliance ကနေ လုပ်နေတဲ့ သက်ဆိုင်ရာ အားလုံးကို ဖြန့်ဝေပေးမယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်ထဲမှာလည်း အစည်းအဝေးကြီးတစ်ခု ကျင်းပပြီး ရာသီဥတု ပြောင်းလဲမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲလာရင် ဘာတွေကြိုလုပ်မလဲ ဆိုတာ ဌာနဆိုင်ရာအလိုက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် ပေါင်းပြီး လုပ်ဖြစ်တယ်။ 

Voice : မြန်မာနိုင်ငံအနေနဲ့က ရေကြီးတာတို့၊ မိုးခေါင်တာတို့၊ အပူချိန်တွေ မြင့်တက်လာတာတို့လိုမျိုး ရာသီဥတု ပြောင်းလဲမှုတွေကို လက်ရှိလည်း ကြုံတွေ့နေရတယ် ဆိုတော့ အခုခန့်မှန်းချက်အရ ဆက်ပြီးတော့ အပူချိန်တွေ မြင့်တက်ဦးမယ်၊ မိုးများမယ်ဆိုရင် ဘာတွေကို အဓိက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။ 

KMO : အဓိကကတော့ အပူချိန်တွေ မြင့်လာမယ်။ ရေခဲတောင်တွေ အရည်ပျော်ကျလာမယ်။ ရာသီဥတု ပြောင်းလဲလာမယ် ဆိုတော့ ဖြစ်လာနိုင်တဲ့ သဘာဝဘေးကို ခံနိုင်ရည်ရှိဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပိုလိုအပ်တယ်။ ဌာနဆိုင်ရာတွေ အနေနဲ့လည်း ရာသီဥတု ပြောင်းလဲမှုကို လျှော့ချဖို့နဲ့ သဘာဝဘေးကို ကြိုတင်ပြင်ဆင်ဖို့ စတဲ့ အစီအမံတွေအပြင် သစ်တောထိန်းသိမ်းရေးကို အဓိက လုပ်ဆောင်သင့်တယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။ 

ပြည့်ဖြိုးလင်း