News

POST TYPE

INTERVIEW

မေတိုးခိုင်နဲ့ တွေ့ဆုံခြင်း
18-Dec-2016
နာမည်ကျော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သူ မေတိုးခိုင်နဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် အကြောင်း၊ ဇာတ်လမ်းအကြောင်း၊ အနုပညာ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ပြည်ပမှာ ကျောင်းတက်နေရတာနော်။ ကျောင်းပိတ်လို့ ပြန်လာဖြစ်တာလား။
 
MTK : ကျောင်းတက်နေရာကနေ တစ်နှစ်နားပြီး မြန်မာနိုင်ငံ ပြန်လာတာပါ။ ညီမ တက်နေတဲ့ ကျောင်းက အင်္ဂလန်နိုင်ငံက မန်ချက်စတာ မြို့မှာပါ။ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်ကို တက်ရောက် ပညာသင်ကြားနေတာပါ။

Voice : သရုပ်ဆောင်ပိုးက တော်တော်ကြီးတယ်လို့လည်း မအူဝဲက ပြောတယ်။ ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်မှာ ဘယ်လိုကြောင့် ပါဝင်ဖြစ်သွားတာလဲ။

MTK : အစကတော့ ဒီပြန်လာတုန်းက ဇာတ်ကားရိုက်ဖို့ အစီအစဉ် မရှိပါဘူး။ Frenzo ထုတ်လုပ်ရေးက မခင်စန္ဒာမြင့်က သမီးနဲ့လိုက်တဲ့ ဇာတ်လမ်းတစ်ခု ရှိတယ်ဆိုပြီး လာပြတယ်။ သမီး ဖတ်ကြည့်တော့လည်း သဘောကျတဲ့အတွက် ရိုက်ဖြစ်သွားတာပါ။

Voice : ကိုယ့်မှာ အနုပညာပိုး ရှိနေတာကို ဘယ်အရွယ်က စပြီး သတိထားမိလဲ။

MTK : အနုပညာပိုးကတော့ ငယ်ငယ်ကတည်းက ရှိတယ် ထင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတိမထားမိခဲ့ဘူး။ အခုလို ကိုယ့်ကို အခွင့်အရေး ပေးလာတဲ့အခါမှာ ကြိုးစားကြည့်ချင်တယ်။ ကိုယ့်မှာ အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာ သိချင်တယ်။ အဲ့ဒါကြောင့်လည်း ဒီကားကို လက်ခံခဲ့တာပါ။

Voice : အရင်တုန်းကတော့ မဂ္ဂဇင်း မျက်နှာဖုံးတွေ ရိုက်ခဲ့ဖူးတယ်နော်။ အဲ့ဒီအချိန်တုန်းကကျတော့ ဘာကြောင့် သရုပ်ဆောင် မလုပ်ဖြစ်တာလဲ။

MTK : အရင်တုန်းက မလုပ်ဖြစ်ဘူးဆိုတာက ညီမရဲ့ ပညာရေး အတွက်လည်း အချိန်ပေးရသေးတယ်။ Photo Model အနေနဲ့ပဲ မဂ္ဂဇင်း မျက်နှာဖုံးတွေ ရိုက်ဖြစ်တယ်။ အခုကျတော့ ကျောင်းလည်း တစ်နှစ်နားထားတော့ ကိုယ်ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကို စမ်းလုပ်ကြည့်တာပါ။

Voice : ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်မှာ ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို ပြောပြပေးပါဦး။

MTK : ဒီဇာတ်ကားမှာက ကိုနေတိုးရယ်၊ တီတီအူဝဲရယ်၊ သမီးရယ် ပါပါတယ်။ အသက်ဆယ့်ရှစ်နှစ်အရွယ်၊ အပြင်ကလိုပဲ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရပါတယ်။ ဒီဇာတ်ကားမှာလည်း တီတီအူဝဲက သမီးရဲ့ အဒေါ်နေရာက သရုပ်ဆောင်ရပါတယ်။

Voice : ဒီဇာတ်ကားမှာ ကိုယ့်အတွက် ခက်ခက်ခဲခဲ သရုပ်ဆောင်ရမယ့် အခန်းတွေရော ပါလား။

MTK : အက်တင် သေချာလုပ်ပြရမယ့် ဇာတ်ဝင်ခန်းတွေကတော့ ဇာတ်လမ်း နောက်ပိုင်းမှာ ပါပါတယ်။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာဆိုတော့ သမီးနဲ့လည်း လိုက်ဖက်မယ်လို့ ထင်ပါတယ်။ အတူတွဲဖက် သရုပ်ဆောင်တဲ့အခါမှာ တီတီအူဝဲရော၊ ကိုနေတိုးရောက သမီးကို သင်ပေးပါတယ်။ 

Voice : ကိုယ့်ရဲ့အဒေါ်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကရော ဒီအနုပညာလောကကို မဝင်ခင်မှာ ဘယ်လိုဆုံးမစကားတွေ ပြောထားသေးလဲ။

MTK : တီတီအူဝဲကတော့ သမီးကို အများကြီး သင်ပေးပါတယ်။ ဇာတ်ကား မရိုက်ခင်မှာ Camera Test  တွေ လုပ်ပေးတယ်။ အိမ်မှာလည်း အက်တင်တွေ သင်ပေးပါတယ်။ ကင်မရာ အယူအဆတွေက ဘယ်လိုရှိလဲ၊ ကိုယ်က ဇာတ်ကောင်ရဲ့ Mood ကို ဝင်အောင် ဘယ်လိုသွင်းရမယ် ဆိုတာကို သင်ပေးပါတယ်။

Voice : ကိုယ့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်နေတော့ ဘယ်လိုအခက်အခဲတွေ ရှိလဲ။

MTK : အခက်အခဲကတော့ ကင်မရာ 1၊ 2၊ 3 Action လို့ ပြောလိုက်တာနဲ့ စိတ်ဖိစီးမှုတွေ ဝင်သွားတယ်။ ငါအကောင်းဆုံး လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ရှိနေတာပေါ့။ ကတ်လို့ အော်လိုက်တာနဲ့ စိတ်က ပေါ့ပါးသွားရော၊ ကင်မရာနဲ့ စိမ်းနေသေးလို့ ဖြစ်လိမ့်မယ်။

Voice : ကိုယ့်အရွယ်မှာကျတော့ ဘယ်လိုကာရိုက်တာမျိုးကို သရုပ်ဆောင်ပြချင်စိတ် ရှိလဲ။

MTK : သမီးက သရုပ်ဆောင် အသစ်ပဲ ရှိသေးတဲ့အတွက် အတွေ့အကြုံရအောင် ကာရိုက်တာ အစုံတော့ ရိုက်သင့်တယ်လို့ ထင်ပါတယ်။ ညီမ ရိုက်ပြချင်တာကတော့ ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့ လူငယ်ဆန်တဲ့ ဇာတ်ကားလေးတွေ၊ Musical ဇာတ်ကားလေးတွေ ရိုက်ပြချင်တယ်။ အဲ့ဒီလို ဇာတ်ကားမျိုးတွေက မြန်မာနိုင်ငံမှာလည်း သိပ်မရှိသေးဘူးလေ။

Voice : အနုပညာအလုပ်က ဝါသနာပါလို့ ခဏ စမ်းလုပ်ကြည့်တာမျိုးလား။ ကိုယ့်ရဲ့ ပညာရေး အတွက်ရော ဘယ်လိုစဉ်းစားထားလဲ။

MTK : အခုက ကျောင်းတစ်နှစ်နားထားတာ ဆိုတော့ ဒီအတောအတွင်းမှာ ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေကိုတော့ ရိုက်ဖြစ်မှာပါ။ ကျောင်းကမပြီးသေးဘူး ဆိုတော့ တစ်နှစ်တော့ ပြန်တက်ရဦးမယ်။ ကိုယ်ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ် အတွက်လည်း လေ့လာသင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

Voice : ကိုယ်ယူထားတဲ့ မေဂျာက ဖက်ရှင်၊ ဒီဇိုင်းဘက်ဆိုတော့ ဒီဇိုင်နာလုပ်ဖို့ရော စိတ်ကူးရှိလား။

MTK : ညီမ ယူထားတဲ့ ဘာသာရပ်က ဖက်ရှင်၊ ဒီဇိုင်းဆိုတော့ အခုလောလောဆယ်တော့ ကိုယ်သိသလောက် တတ်သလောက်နဲ့ အမေ့ရဲ့ Vivid Fashion  Shop မှာ ဝင်ကူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အမေနဲ့ ပေါင်းပြီး ဖက်ရှင်ရှိုးတွေလည်း လုပ်ဖို့ ရှိပါတယ်။

သန့်ဇင်ဦး