News

POST TYPE

INTERVIEW

မြန်မာကလပ်(စင်ကာပူ)အဖွဲ့ အတွင်းရေးမှူး ဒေါ်မေကျော်စိုးညွန့်နှင့် ဆက်သွယ်မေးမြန်းခြင်း
22-Oct-2020
“သူတို့(စင်ကာပူအစိုးရ)မကြိုက်တဲ့အချက်တစ်ခုခုရှိတာနဲ့ ကိုဗစ်ဥပဒေနဲ့ ဒီရွေးကောက်ပွဲကို ရပ်ခိုင်းမှာပဲ”



စင်ကာပူ၏ ကိုဗစ်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များကြားမှ စင်ကာပူရောက် မြန်မာများ၏ ကြိုတင်မဲပေးမှု ပြီးစီးသွားပြီဖြစ်သည်။ တစ်ရက်လျှင် သတ်မှတ်ဦးရေ ၁၈၀ဝ ကျော်လျှင်ဖြစ်စေ၊ ကိုဗစ်ကာကွယ်ရေးစည်းကမ်း မလိုက်နာလျှင်ဖြစ်စေ၊ ရောဂါသံသယလက္ခဏာတွေ့ရှိလျှင်ဖြစ်စေ ကြိုတင်မဲပေးမှုလုပ်ငန်းစဉ် လုံးဝရပ်ဆိုင်းသွားနိုင်သည့် အခြေအနေများကြားမှ သတိကြီးစွာလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ စင်ကာပူရောက်မြန်မာများ၏ ကြိုတင်မဲပေးမှုကို အောက်တိုဘာ ၁ရက်မှ ၁၈ရက်အထိပြုလုပ်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၃၃,၄၀ဝ ကျော်ရှိသည့်အနက် ၂၉,၆၀ဝ ကျော်မဲပေးသဖြင့် ၈၉ရာခိုင်နှုန်း ကြိုတင်မဲပေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ထားချက်အရ သိရသည်။ စင်ကာပူရောက် မြန်မာများ၏ ၁၈ရက်ကြာ ကြိုတင်မဲပေးမှုတွင်ကြုံရသည့် အခက်အခဲများ၊ ဖြစ်စဉ်များအကြောင်း မဲပေးမှုလုပ်ငန်းစဉ်များအတွက် ပါဝင်ကူညီပေးခဲ့သည့် မြန်မာကလပ်(စင်ကာပူ)အဖွဲ့၏ အတွင်းရေးမှူး ဒေါ်မေကျော်စိုးညွန့်ကို The Voice က ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

The Voice: စင်ကာပူရောက် မြန်မာတွေ ကြိုတင်မဲပေးရေးမှာ ဘယ်အပိုင်းက ဝင်ရောက်ကူညီဖြစ်တာပါလဲ။ 
DMKSN: မြန်မာကလပ်(စင်ကာပူ)ရဲ့ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ မြန်မာသံရုံး(စင်ကာပူ)ကို လုပ်အားပေးအဖွဲ့အနေနဲ့ ကူညီခဲ့တာပါ။ ကျွန်မတို့ အဓိကအလုပ်က ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲပေးရေးကိစ္စတွေမှာ ၁၈ရက်တိုင်တိုင် လုပ်အားပေးကူညီခဲ့တာပါ။ 

The Voice: အခုရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမှု ၈၉ရာခိုင်နှုန်းရှိပါတယ်။ ဒီအပေါ်မှာ ကျေနပ်မှုရှိပါသလား။ 
DMKSN: အမှန်တကယ် ကျွန်မရဲ့ သဘောဆန္ဒအရဆိုရင် ရာနှုန်းပြည့်မျှော်လင့်ပါတယ်။ ရာနှုန်းပြည့်လည်းပေးစေချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့အပင်ပန်းခံပြီးလုပ်အားပေးတွေ အကုန်စီစဉ်ပြီးလုပ်ခဲ့တာပါ။ ဒါပေမဲ့လည်း ကျွန်မတို့ဆီမှာ ကိုဗစ်ကာလဖြစ်တဲ့အတွက် တချို့က Quarantine ဝင်သွားရင် ဘယ်လိုမှ မဲပေးခွင့်မရပါဘူး။ နောက်တစ်ချက်က Relief Flight တွေနဲ့ ပြန်သွားတဲ့သူတွေရှိပါတယ်။ ခုဆို ၂၃ကြိမ်တောင်ရှိပြီဆိုတော့ ဒီပြန်သွားတဲ့သူတွေထဲမှာလည်း ကျွန်မတို့ မဲပေးမယ့်သူတွေ ပါသွားနိုင်တယ်။ ပါသွားကြတဲ့လူတွေရှိတယ်။ ဒါကြောင့် ဘာပဲပြောပြော ၈၉ရာခိုင်နှုန်းကို လက်ခံရမယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ပြီပေါ့။ 

The Voice: ၂၀၁၅ ရွေးကောက်ပွဲ မဲပေးမှုနဲ့ ယခုနှစ် ရွေးကောက်ပွဲ မဲပေးမှု ရာခိုင်နှုန်းဟာ တိုးလာပါသလား။ 
DMKSN: မဲပေးတဲ့ ရာခိုင်နှုန်းအခြေအနေဟာ တော်တော်ကိုတိုးလာပါတယ်။ တော်တော်လည်း မဲလာပေးကြပါတယ်။ ကိုဗစ်ကာလမှာတောင် ရအောင်ကို လာပေးကြပါတယ်။ ၂၀၁၅ တုန်းက မဲပေးဖို့အရေးကလည်း အရမ်းကြိုးစားရတယ်။ ခက်ခဲတယ်။ သံရုံးကလည်း ဒီလောက်စနစ်ကျကျ မလုပ်ပေးနိုင်ခဲ့ဘူး။ သူတို့လုံးဝ မမျှော်လင့်ထားခဲ့ဘူးပေါ့နော်။ နောက်တစ်ချက် အဲဒီအချိန်ကာလတုန်းက ပြည်သူနဲ့သံရုံးကြားမှာ ယုံကြည်မှုကလည်း အရမ်းကိုနည်းခဲ့ပါတယ်။ အဲဒီတုန်းက တချို့ကလည်း ပုံစံ (၁၅)တင်ပြီးမှ မဲလာမပေးနိုင်တဲ့သူတွေလည်း ရှိကောင်းရှိလိမ့်မယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ မဲပေးရတာ အရမ်းခက်ခဲတာကိုး။ အခုကတော့ အရမ်းကွာသွားပါတယ်။ 

The Voice: မဲပေးဖို့ ပုံစံ ၁၅ တင်ဖို့ အသိပေးချိန်ကစလို့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲဗျ။ 
DMKSN: တစ်အချက် ကျွန်မတို့က မဲပေးဖို့အတွက် ပုံစံ (၁၅) တင်ရမယ်ဆိုတာ ပြည်သူတွေသိအောင် လှုံ့ဆော်ရပါတယ်။ လှုံ့ဆော်တဲ့အခါ ကျွန်မတို့ စိတ်တိုင်းကျလုပ်ခွင့်မရခဲ့ပါဘူး။ လူတိုင်းကို ဆွဲပြီးပြောခွင့် ကျွန်မတို့မရဘူး။ ကျွန်မတို့က Peninsula ကို သွားတယ်။ မြန်မာကလပ်ကတော့ Hard Copy ကို ကိုယ်တိုင်ကောက်တယ်။ အွန်လိုင်းက တင်တာထက်ကို တချို့အဆင်မပြေတဲ့သူတွေကို Hard Copy လာပေးပါ။ ကိုယ်တိုင်တင်ပေးတယ်။ ကိုယ်တိုင်စီစဉ်ပေးပါတယ်။ အဲဒီအတွက် ကျွန်မတို့ လူတိုင်းကို အရင်လို အားရပါးရပြောခွင့်မရှိဘူး။ ဘာကြောင့် မပြောရဘူးလဲဆိုတော့ ကိုဗစ်ကြောင့်။ ကျွန်မတို့ အထိန်းချုပ်ခံထားရတယ်ပေါ့နော်။ ကျွန်မတို့ အဲဒါကို လုံးဝအားမရဘူး။ ဒါပေမဲ့ တခြားအဖွဲ့အစည်းတွေကနေ အွန်လိုင်းကနေ လုပ်ပေးတဲ့အပိုင်း လုပ်ပေးကြတယ်။ သံရုံးကလည်း အွန်လိုင်းအီးမေးလ်တွေလက်ခံတယ်ဆိုတော့ အဲဒီမှာ ပုံစံ (၁၅)ကိစ္စကို ကျွန်မတို့ အရမ်းအားရသွားတယ်။ ဘာပဲပြောပြော ပြည်သူ သုံးသောင်းကျော်၊ သုံးသောင်းခွဲလောက် တင်ကြတယ်ပေါ့နော်။ အဲဒီမှာ ကျွန်မစိတ်ချမ်းသာသွားတယ်။ 
အဲဒီအချိန်မှာပဲ သံရုံးနဲ့ပူးပေါင်းလုပ်ဆောင်ကြတဲ့အခါမှာ Volunteer တွေလိုမယ်၊ ၁၈ ရက်ကြာလုပ်ရမယ်ဆိုတော့လည်း ကျွန်မနည်းနည်း စိတ်ပူသွားတယ်။ လူတွေက ၁၈ရက်လုံးလုံး မဲလာပေးချင်စိတ်ရှိပါ့မလား။ နောက်တစ်ချက်က သံရုံးကလည်း ကြိုတင်ပြင်ဆင်ထားတာ Q နံပတ်ယူဖို့ပေါ့။ နေ့စဉ်နဲ့အမျှ Q နံပတ်ယူရမယ်။ ယူတဲ့အခါမှာ အဆင်ပြေကြပါ့မလား။ ယူတတ်ကြပါ့မလားပေါ့ ကျွန်မစိတ်ပူတာကို ရိုးရိုးသားသားပြောတာပါ။ လူတိုင်းအနေအထားဆိုတော့ တချို့ ပုံစံ (၁၅) ဖြည့်တာတောင်မှ ဖောင်ကောင်းကောင်းမဖြည့်တတ်ကျတဲ့သူတွေ အများကြီး။ စင်ကာပူမှာနေတဲ့သူတွေတောင်မှ အားနည်းချက်တွေ အများကြီးရှိတော့ ကျွန်မတို့ကစိတ်ပူခဲ့တယ်။ ဒါပေမဲ့ သံရုံးက ကျွန်မတို့ကို Invite လုပ်ပြီး အဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံးပေးလိုက်ပြီး ကျွန်မတို့ကို တာဝန်ယူခိုင်းလိုက်တဲ့အချိန်မှာ ကျွန်မ အတော်လေး စိတ်ချမ်းသာသွားတယ်။ 
ဒါပေမဲ့ ၁၈ရက်လုံးလုံး ကျွန်မတို့ စိတ်မချမ်းသာရတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ စင်ကာပူအစိုးရက သံအမတ်ကြီးကိုလည်း ပြောထားတယ်။ သံရုံးက လူတွေအကုန်လုံးကိုလည်း အသိပေးထားတာက သူတို့မကြိုက်တဲ့ အချက်တစ်ခုခုရှိတာနဲ့ ကိုဗစ်ဥပဒေနဲ့ ဒီရွေးကောက်ပွဲကို ရပ်ခိုင်းမှာပဲ။ ကျွန်မတို့က ဘယ်သူ့ကိုမှလည်း ပြောခွင့်မရှိဘူး။ သံအမတ်ကြီးကလည်း ဘယ်သူ့ကိုမှ ပြောခွင့်မရှိပါဘူး။ သူတို့မှာ အရမ်းကို စိုးရိမ်ကြောင့်ကြစိတ်အပြည့်နဲ့ နေ့စဉ်နဲ့အမျှ ဂရုစိုက်ပြီးတော့ကို ဓာတ်ပုံမရိုက်ဖို့၊ အထဲကကိစ္စတွေ အပြင်မရောက်ဖို့၊ နောက်ပြဿနာမဖြစ်အောင်ပေါ့။ ကျွန်မတို့ မြန်မာကလပ်ကတော့ ကြားလူပါ။ မဲပေးသူနဲ့ သံရုံကြား အဆင်ပြေအောင် ကြားလူအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင် ပေးလိုက်တဲ့အခါမှာ တော်တော်လေး အဆင်ပြေသွားပါတယ်။ 

The Voice: ကပ်ရောဂါကြားလုပ်ရတာဖြစ်တော့ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး ဘယ်လိုလုပ်ဆောင်ပေးခဲ့ရလဲခင်ဗျ။ 
DMKSN: မဲပေးဖို့လာတဲ့သူတိုင်းသည် တစ်အချက် Mask မဖြစ်မနေတပ်ဆင်ရတယ်။ စင်ကာပူရဲ့ ဥပဒေအရကိုလည်း အပြင်ထွက်ရင် Mask တပ်ရပါတယ်။ ဒီအတွက် သူ့ဟာသူအဆင်ပြေပြီးသား။ ဒီအပိုင်း မဲရုံအနေနဲ့ လူတိုင်းနဲ့ ဆက်ဆံရတဲ့ သံရုံးကသူတွေလည်း လက်အိတ်စွပ်ရတယ်။ Face Shield တပ်ရပါတယ်။ Mask တပ်ရပါတယ်။ အသင့်သုံး လက်ဆေးရည်တွေကိုလည်း နေရာတိုင်းထားထားရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံပြီးတိုင်း လက်ဆေးတဲ့အကျင့်ကို လုပ်ပါတယ်။ အဲဒီအပြင် မဲပေးတဲ့သူတွေ မဲပေးပြီးအပြင်ကို ပြန်ထွက်လာတဲ့အချိန် ကျွန်မတို့က အပေါက်ဝကစောင့်ပြီး လက်လေးဆေးသွားကြပါဦး၊ မဲပေးတာအဆင်ပြေရဲ့လားနဲ့  ဒီလိုလေးမေးလိုက်၊ လက်ဆေးဖို့ တိုက်တွန်းလိုက်နဲ့ အရမ်းကို ဂရုစိုက်လုပ်ကိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲပေးတာကို ရပ်ဆိုင်းပစ်လိုက်ရမှာ ကြောက်လို့ပါ။ မဲပေးတာမှာ တစ်ခုခုဖြစ်တယ်၊ ကိုဗစ်တစ်ယောက်ယောက်ဖြစ်သွားတယ်ဆိုရင် အားလုံးထိခိုက်သွားမှာစိုးလို့ပါ။ မဲပေးခွင့် ဆုံးရှုံးသွားမှာစိုးလို့ပါ။ 

The Voice: ၁၈ရက်ကြာတာဟာ ကပ်ရောဂါကြောင့် လူခွဲပြီး ဦးရေကန့်သတ်လိုက်တာကြောင့်လားခင်ဗျ။ 
DMKSN: အမှန်က ဟုတ်ပါတယ်။ လူဦးရေ တစ်နေ့ ၁၈၀ဝ ထက်မပိုရပါဘူးဆိုတာ မြန်မာသံရုံးကို စင်ကာပူအစိုးရက Remind လုပ်ပါတယ်။ သံရုံး အကျယ်အဝန်းရယ်၊ မဲပေးမယ့် အနေအထားရယ်ကြောင့် တစ်နေ့ ၁၈၀ဝထက် ပိုပြီးလက်ခံခွင့် မပေးနိုင်ဘူးလို့ ပြောပါတယ်။ သူတို့က ၁၈၀ဝ နည်းနည်းကျော်ရင်တောင် လာပြီးရပ်ပါမယ်လို့ ပြောပါတယ်။ အဲဒီတော့ သံရုံးကလည်း Q နံပတ်ယူတာတွေ အရမ်းဂရုစိုက်ရပါတယ်။ အားလုံး အစစအရာရာ ဂရုစိုက်ရပါတယ်။ သူတို့က ရပ်ပါလို့ ပြောလာရင် အားလုံးနစ်နာမှာကိုး။ သူတို့ကလည်း တကယ်ကို ဂရုစိုက်ပြောထားတဲ့စကားမို့လို့ပါ။ မဲပေးမှုကိုလည်း အချိန် လေးချိန်ခွဲပြီး လုပ်ဆောင်ပါတယ်။ အဲလိုမျိုးခွဲလိုက်တဲ့အခါ တစ်နေကုန်းလုံးမှာ Rush မဖြစ်တော့ပါဘူး။ တော်တော်လေးကို နိုင်နင်းအဆင်ပြေသွားပါတယ်။ 

The Voice: မဲလာပေးတဲ့ မဲဆန္ဒရှင်တွေရော ဘာအခက်အခဲတွေရှိပါသေးလဲဗျ။ ဥပမာ သွားလာရေး၊ လာမဲပေးဖို့ အလုပ်ရှင်ခွင့်ပြုပေးမှု စသဖြင့်ပေါ့။ 
DMKSN: ကျွန်မတို့က Q System ကိုသုံးတဲ့အခါ Miss Q တွေဖြစ်သွားတယ်။ အဲဒီလူတွေက အဲဒီနေ့မှာ မဲမပေးနိုင်ဘူး။ တချို့ကလည်း အဲဒီရက်မှ Home Stay နေရတယ်။ သုံးရက်နေရမယ်၊ အပြင်ထွက်လို့မရဘူး။ အဲဒီမဲဆန္ဒရှင်တွေက နောက်ရက်မှ သူတို့အခြေအနေကို ပြန်ပြောပြတယ်ပေါ့နော်။ ဒီလိုအခြေအနေမျိုးဆိုရင် ဒီလူတွေဟာ ဒီလိုအခက်အခဲရှိကြောင်း ကျွန်မတို့က ကြားကနေ သံရုံးနဲ့ညှိနှိုင်းပေးတယ်။ သံရုံးကလည်း နားလည်ပေးပါတယ်။ ဒါပေမဲ့ တရားဝင်လုပ်ပေးပါတယ်လို့တော့ ပြောလို့မရပါဘူး။ တရားဝင်လုပ်ပေးတယ်ဆိုရင် လူတိုင်းက လွယ်လွယ်ပဲ “အေးဆေးပါ” ဖြစ်သွားမှာစိုးလို့သာ မပြောတာပါ။ ဒါပေမဲ့ တော်တော်များများ Miss Q ဖြစ်တဲ့သူတွေ ပြန်ပေးခွင့်ရှိပါတယ်။ နောက်တစ်ချက်က Dormitory မှာနေတဲ့သူတွေ။ သူတို့က MOM ရဲ့ အသိအမှတ်ပြုမှုနဲ့ပဲ ထွက်ခွင့်ရှိတယ်။ သံရုံးက တရားဝင်ကို ဒီလူတွေအတွက် Google Form ဖြည့်ပါ။ MOM ကိုစာတင်ပေးပါမယ်ဆိုပြီး တရားဝင်စာတင်ပေးပြီး အဲဒီစာတင်ထားတဲ့အတိုင်း ကားတွေနဲ့ သွားကြိုပြီးလုပ်ပေးပါတယ်။ ကြားအဖွဲ့တစ်ဖွဲ့ကလည်း ကူညီဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ကိုယ်ပတ်သက်ရာအလိုက် ကိုယ့်နီးစပ်ရာ Dormitory ကိုဝင်ပြီး သွားကူပေးပါတယ်။ အဲဒီလူတွေကျတော့ Q နံပတ်မယူတော့ပါဘူး။ သူတို့ကို တိုက်ရိုက်ခေါ်လာ၊ တိုက်ရိုက်စီစဉ်ပေးရပါတယ်။ နောက်ဆုံးနေ့မှာ တော်တော်လေး လုပ်လိုက်ရတယ်။ ဘာလို့လဲဆို သိပ်များသွားတာနဲ့ ရဲကချက်ချင်းရောက်လာမှာကြောင့်ပါ။ နေ့စဉ်နဲ့အမျှ ရဲကလည်း စောင့်ကြည့်နေတာမို့ပါ။ 

The Voice: ထပ်ပြီး ဖြည့်စွက်ပြောချင်တာတွေရှိရင် ပြောနိုင်ပါတယ်ခင်ဗျ။
DMKSN: ကျွန်မပြောချင်တာက ကိုယ့်မြန်မာပြည်က မဲပေးမယ့်သူတွေကို ပြောချင်ပါတယ်။ ကျွန်မတို့ စင်ကာပူမှာ အရမ်းကျပ်တည်းတဲ့ ဥပဒေတွေရဲ့အောက်မှာ သံရုံးနဲ့ မြန်မာကလပ်(စင်ကာပူ)အဖွဲ့အစည်းတွေပူးပေါင်းပြီး ၁၈ရက်တိုင်တိုင် မနားမနေ ကြိုးစားလုပ်ခဲ့ကြတယ်။ ကိုဗစ်ကာလဆိုပေမယ့် မြန်မာပြည်မှာ တစ်ရက်တည်းပေးရတဲ့မဲ တစ်ရက်တည်းပေးရတဲ့အချိန် မဲပေးစေချင်တာပါ။ လူတိုင်း အားစိုက်စေချင်တာပါ။ အဓိက လူတိုင်းအနေနဲ့ ကျန်းမာရေးဆိုင်ရာ ဘေးကင်းရေးနဲ့အညီလုပ်ဆောင်ပြီး လူတိုင်းမဲပေးကြပါ။ ကိုယ့်မဲပေးခွင့်ကို မဆုံးရှုံးစေချင်တာပါ။