News

POST TYPE

INTERVIEW

ဖြေကြည့် မိုဘိုင်းလ် App ရေးသားသူများနှင့် တွေ့ဆုံခြင်း
02-Aug-2016
သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် ကျောင်းသားများက တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများအတွက် အသုံးဝင်မည့် ဖြေကြည့်အမည်ရှိ မိုဘိုင်းလ် App တစ်ခုကို ရေးသားထုတ်လုပ်ထားပြီး ဖြစ်သည်။ ယင်း App ကို သြဂုတ်လအတွင်း ထုတ်ဝေဖြန့်ချိသွားရန်လည်း ရှိနေသည်။ ဖြေကြည့် မိုဘိုင်းလ် App တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားများအတွက် လေ့လာနိုင်မည့် ဓမ္မဓိဋ္ဌာန် မေးခွန်းများနှင့် ပြည်တွင်းမိုဘိုင်းလ် App ရေးသားနေသည့် ကျောင်းသားများအတွက် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေကြည့်မိုဘိုင်းလ် App ရေးသားသူများဖြစ်သည့် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် တတိယနှစ် (CS) ကျောင်းသားနှစ်ဦးဖြစ်သူ မောင်မင်းခန့်လူ၊ မောင်ဟိန်းထက်ဇော်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ (CT) ဘာသာရပ်နှင့် ကျောင်းပြီးထားသူ မောင်သတိုးအောင်တို့နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံး ဖြေကြည့်ဆိုတဲ့ App ကို ထုတ်ဖို့ ဘယ်လိုမျိုး စိတ်ကူးရခဲ့တာလဲ။

ဖြေကြည့် း ဒီစိတ်ကူးကို ရခဲ့တာက အဲ့ဒီအချိန်မှာ ၁၀ တန်းကိုလည်း Guide သင်နေတယ်။ ဒီမှာ ဘာအခက်အခဲတွေရှိလဲ ဆိုတော့ ၁၀ တန်း ကျောင်းသားတွေကို ၁ မှတ်တန်တွေ လေ့ကျင့်ပေးတဲ့ နေရာမှာ သူတို့ကို ဖြေခိုင်းတယ်။ ပြန်စစ်ပေးရတယ်။ အဲ့ဒီမှာ အချိန်ကြာမြင့်မှုတွေ ရှိတယ်။ ဒါတောင် Guide ရှိတဲ့ သူမို့လို့။ သူတို့ကို မေးခွန်းဟောင်း စာအုပ်တွေထဲက ဖြေခိုင်းရတယ်။ အဖြေတွေနဲ့ တိုက်စစ်ပေးရတယ်။ Guide မရှိတဲ့သူတွေ၊ မေးခွန်းဟောင်းစာအုပ်တွေ မဝယ်နိုင်တဲ့သူတွေအတွက် စဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီလို လေ့ကျင့်ဖို့က တော်တော်ခက်ခဲတယ်။ ဒါကြောင့် ဒီ ဖြေကြည့် App ကို စပြီးလုပ်ဖို့ စိတ်ကူးရခဲ့တာပါ။

Voice : ဖြေကြည့် App ကို တက္ကသိုလ်ဝင်တန်းအတွက် ထုတ်လုပ်ခဲ့တာ ဆိုတော့ ဒီ App မှာ ဘာတွေလေ့ကျင့်လို့ ရနိုင်မလဲ။

ဖြေကြည့် း ဖြေကြည့် App မှာ တက္ကသိုလ်ဝင်တန်းအတွက် အမှားအမှန် ဖြေတာ၊ အဖြေရွေးချယ်တာ၊ ကွက်လပ်ဖြည့်တာ စတဲ့ တစ်မှတ်တန်တွေ အကုန်ဖြေလို့ ရမယ်။ ဘာသာရပ်က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ ဒီဘာသာတွေ အကုန်ရပါမယ်။ စိတ်ကြိုက်မြန်မာစာ အတွက်တော့ လူအရမ်းနည်းတဲ့အတွက် ထည့်ပေးမထားဘူး။ 

Voice : မေးခွန်းဟောင်းတွေနဲ့ အဖြေတွေကိုရော ဘယ်ကနေ ယူခဲ့သလဲ။

ဖြေကြည့် း မေးခွန်းတွေက တစ်နှစ်ပြီးတိုင်း စာစစ်ဌာနကနေ တရားဝင်ထုတ်တာ ရှိတယ်။ အဲ့ဒီကနေ ယူပါတယ်။ စာစစ်ဌာနက ထုတ်ပေးတဲ့ စံအဖြေကိုပဲ ယူပါတယ်။

Voice : ဒီ App ကို သုံးမယ်ဆိုရင် ကျောင်းသားတွေအတွက် ဘယ်လိုအားသာချက်တွေ ရှိလာမလဲ။

ဖြေကြည့် း အဓိကက တက္ကသိုလ်ဝင်တန်း မေးခွန်းဟောင်းတွေကို လွယ်လွယ်ကူကူ လေ့လာနိုင်သွားမယ်။ ဖုန်းတစ်လုံး ရှိရုံနဲ့ အချိန်ကုန်သက်သာပြီး လွယ်လွယ်ကူကူ ဖြစ်သွားမယ်။ ပြီးတော့ ပုံမှန်ဆိုရင် ကျောင်းသွားတာပဲဖြစ်ဖြစ်၊ ကျူရှင်သွားတာပဲဖြစ်ဖြစ် စာအုပ်တွေကို အလေးကြီး သယ်သွားရတယ်။ အမှတ်များများရမယ့် အပုဒ်ရှည်တွေကို ပိုပြီးအားစိုက်ကြတယ်။ တချို့ဆို တစ်မှတ်တန် မေးခွန်းတွေကို ပေါ့ပေါ့တန်တန် သဘောထားတယ်။ ဒါတွေက လွယ်ပါတယ်။ ဘယ်အချိန်ဖြေဖြေ ရတယ်ဆိုတာမျိုး တွေးထားတယ်။ ဒီတစ်မှတ် တန်မေးခွန်းတွေက ဘာသာရပ် တစ်ခုချင်းစီတိုင်းမှာ အရေးပါတဲ့ အမှတ်ပမာဏ ပေးထားတာ။ ဥပမာ- ဇီဝဆိုရင် တစ်မှတ်တန် မေးခွန်းတွေချည်းပဲ အမှတ်လေးဆယ်အတိ ရနိုင်ပြီးတော့ အကုန်မှန်ရင် အောင်မှတ်ရနိုင်တယ်။ ဒီ App ကို သုံးခြင်းအားဖြင့် တစ်မှတ်တန် မေးခွန်းတွေကို အပျင်းပြေပဲဖြစ်ဖြစ် ဖြေနေမယ်ဆိုရင် ကိုယ့်အတွက် ပိုပြီးတော့ လွယ်လွယ်ကူကူနဲ့ လေ့ကျင့်လို့ ရတာပေါ့။

Voice : ဒီ App ကို တက္ကသိုလ်ဝင်တန်း တစ်ခုတည်း အတွက်လား။ ကျန်တဲ့ IELTS တို့ ဘာတို့အတွက်ရော စဉ်းစားထားတာ ရှိလား။

ဖြေကြည့် း အဲ့ဒါတွေကျတော့ တစ်ပိုင်းစီ ခွဲထုတ်ဖို့ ကျွန်တော်တို့ စဉ်းစားတယ်ဗျ။ ကျွန်တော်တို့ App ကျတော့ အင်တာနက်မလိုဘဲ သွားနေတဲ့ပုံစံ။ ကျွန်တော်တို့ စပြီးသုံးရင် အင်တာနက်ရနေတဲ့ အချိန်မှာ ဘာသာရပ်အလိုက်၊ အခန်းအလိုက် မေးခွန်းတွေကို ဒေါင်းလုပ်ယူထားပြီး လေ့ကျင့်လို့ရတယ်။ IELTS တို့ပါ ရောပြီးပေါင်းထည့်လိုက်ရင် အသုံးပြုသူတွေ အနေနဲ့ မျက်စိရှုပ်သွားလိမ့်မယ်။ နောက်ထပ် သတ်သတ်ထပ်ထုတ်ဖို့ စီစဉ်ထားပါတယ်။ 

Voice : ဖြေကြည့် App ကို ရယူဖို့ကျတော့ အခမဲ့လား။ ဘယ်တော့လောက် စပြီးရယူလို့ ရနိုင်မလဲ။

ဖြေကြည့် း ဟုတ်ပါတယ်။ အခမဲ့ပါ။ နောက်တစ်ပတ် အတွင်းမှာ ကျွန်တော်တို့ စပြီး ထုတ်ဝေတော့မှာပါ။ 

Voice : ပြည်တွင်းမှာ App တစ်ခုကို ရောင်းချဖို့ဆိုရင် ဘယ်လိုအခက်အခဲတွေ ရှိနိုင်လဲ။ 

ဖြေကြည့် း ကျွန်တော်တို့ အစက ငွေပေးချေမှုပုံစံနဲ့ သွားဖို့ စဉ်းစားတယ်ဗျ။ ဒီမှာဆိုရင် ငွေပေးချေမှုပုံစံနဲ့ သွားရင် ၃ နည်း ရှိတယ်ဗျ။ ဖုန်းအော်ပရေတာတွေဆီက တစ်ဆင့် သွားတာရယ်၊ ဘဏ်နဲ့ချိတ်ဆက်ပြီး သွားတာရယ်၊ ကိုယ်ပိုင်ငွေဖြည့်ကတ် ပုံစံမျိုး ထုတ်ပြီး လုပ်တဲ့နည်းရယ်ပေါ့။ ပထမဆုံး အော်ပရေတာတွေက တစ်ဆင့် သွားတဲ့နည်းကို မေးကြည့်တော့ ဖုန်းဘေလ်ထဲက ဖြတ်တဲ့ ပုံစံနဲ့သွားရင် အော်ပရေတာကို ၄၀ ရာခိုင်နှုန်း ပေးနေတယ်။ အဲ့ဒါလုပ်ဖို့က ကုမ္ပဏီလိုင်စင်တွေ ဘာတွေလည်း လိုအပ်တယ်။ ကျွန်တော်တို့ ကျောင်းသားတွေချည်းပဲ စုလုပ်တဲ့ App ကျတော့ ကုမ္ပဏီလိုင်စင်တွေ ဘာတွေအထိပေးဖို့ မဖြစ်နိုင်ဘူး။ ဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ ကျတော့လည်း သူတို့က Transaction တစ်ခုကို ၂၀၀ ကျပ် ကျမယ်ဗျ။ ပြီးတော့ ဒီဟာကလည်း ကုမ္ပဏီလိုင်စင် လိုတယ်ဗျ။ ဒီလိုနည်းတွေက ကျောင်းသားတွေ စုလုပ်တဲ့ App တွေကို ရောင်းချဖို့ အတွက်ကျတော့ အဆင်မပြေသေးဘူး။ 

Voice : ပြည်တွင်းက ဒီလိုအကျိုးအမြတ် မယူတဲ့ App တွေ ထုတ်လုပ်တဲ့ အပိုင်းမှာ ဘယ်လိုထောက်ပံ့မှုတွေ လိုအပ်သေးလဲ။

ဖြေကြည့် း ဒီမှာ အဓိက ဖြစ်နေတာက ငွေပေးချေမှု ပုံစံနဲ့ အစိုးရဘက်က အချက်အလက်တွေ အထောက်အပံ့ မရတာတွေက အဓိက ခက်ခဲနေတာဗျ။ အချက်အလက်တွေ မခိုင်လုံတဲ့ ပြဿနာပေါ့။ တခြားနိုင်ငံတွေမှာဆိုရင် ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ ရနိုင်တယ်။ အခု ကျွန်တော်တို့ App ဆိုပြီး သွားတာကြာပြီ။ အချက်အလက်တွေကို ထည့်ဖို့ကျတော့ တော်တော်ကြာတယ်။ ဘာလို့လဲဆိုတော့ မေးခွန်းစာရွက်တွေကနေ ရိုက်ပြီး Database ထဲကို ပြန်သွင်းရတယ်။ အဲ့ဒါကျတော့ ခက်ခဲနေတယ်။ ဒီဟာတွေ လိုအပ်နေသေးတယ်လို့ ထင်တယ်။

Voice : ဒီနည်းပညာ ထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့ နယ်ပယ်မှာ လူငယ်တွေအနေနဲ့ ရပ်တည်နိုင်ဖို့ဆိုရင် ဘယ်လောက်ကာလအထိ စောင့်ဖို့လိုအပ်ဦးမလဲ။

ဖြေကြည့် း ခုန ကျွန်တော်တို့ ပြောခဲ့သလို ငွေပေးချေမှုနဲ့ အချက်အလက်ရရှိမှု အပိုင်းတွေကို အစိုးရ အနေနဲ့ ထောက်ပံ့ပေးတယ်။ ဘဏ်တွေဘက်ကရော၊ အော်ပရေတာတွေ ဘက်ကပါ ဖြေလျှော့ပေးတယ် ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာမှာပါ။ လက်ရှိမှာ တကယ်လည်း အသုံးဝင်တဲ့ App တွေ ထွက်နေတာက အများကြီးဗျ။ အခက်အခဲတွေကြားမှာ မြုပ်သွားတာတွေ အများကြီး ရှိတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်တယ် ဆိုရင်တော့ သိပ်မကြာခင်အချိန် အတွင်းမှာ အများကြီး ဖွံ့ဖြိုးလာမှာပါ။

Voice : ကျောင်းတွေအနေနဲ့ ကျတော့ရော နှစ်စဉ် ဒီလိုထုတ်ကုန်တွေ ထွက်တာရှိသလား။

ဖြေကြည့် း ကျွန်တော်တို့ UIT အနေနဲ့တော့ မနှစ်ကတုန်းကစပြီး Project Show တွေ လုပ်တာရှိတယ်ဗျ။ ထွက်တာတွေ ရှိနေတယ်ဗျ။ မနှစ်ကဆိုရင် Hardware ဘက်ကလည်း ရီမုဒ်ကားတွေ၊ ပြီးတော့ ဖျော်ရည်ဖျော်တဲ့စက်တွေ စသည်ဖြင့်ပေါ့။ Software ဘက်က ဆိုလည်း PHP နဲ့လုပ်တဲ့ ပရော့ဂျက်တွေ၊ Java နဲ့လုပ်တဲ့ ပရော့ဂျက်တွေ ထွက်လာတာ ရှိပါတယ်။ Android တို့ ဘာတို့ကျတော့ Samsung တို့ ဘာတို့က လာလုပ်ပေးတာတွေ ရှိတယ်။

Voice : ဒီလို လူငယ်တီထွင်သူတွေ အတွက် ထုတ်ကုန်တစ်ခု ထုတ်တယ်။ ထွက်လာတဲ့ အထိတော့ တက်နိုင်တယ်ပေါ့။ ဒါပေမဲ့ တကယ့် အသုံးပြုမှုများဖို့၊ ရောင်းချနိုင်ဖို့လိုမျိုး နောက်တစ်ဆင့်ကို ထပ်သွားဖို့ကျတော့ ဘာတွေလိုအပ်ဦးမလဲ။

ဖြေကြည့် း ထုတ်ကုန်တွေ များများထွက်လာဖို့ Incubation Center တွေ များများရှိလာဖို့ လိုအပ်တယ်။ 

Voice : ဒီ ဖြေကြည့် App ဖြစ်လာဖို့ကျတော့ ဘယ်လိုအထောက်အပံ့တွေ ရခဲ့သလဲ။ 

ဖြေကြည့် း ဒီ Android သင်တန်းကို Myanmar Link သင်တန်းကျောင်းမှာ တက်တယ်။ စတက်ကတည်းက ဆရာက App တစ်ခု မဖြစ်ဖြစ်အောင် လုပ်ရမယ် ဆိုတာမျိုး ပြောထားတာ။ အဲ့ဒါနဲ့ ဒီ App ကို ရေးနေတဲ့ အချိန်ကျတော့ သင်တန်းပြီးသွားတဲ့ အချိန်လည်း ဆရာက ညဘက်တွေ အိမ်ခေါ်ထားပြီး ရေးခိုင်းတာ ရှိတယ်။ ဆာဗာပိုင်းတွေလည်း ဆရာက ထောက်ပံ့ပေးထားပါတယ်။

Voice : ပြိုင်ပွဲတွေကနေ ဆုပေးတာတွေတော့ ရှိတယ်ပေါ့လေ။ ဒီပြိုင်ပွဲတွေက လမ်းကြောင်းတစ်ခုအပေါ် တွန်းတင်ပေးနိုင်ဖို့အထိ ဆိုရင် ဘယ်လိုတွေ လုပ်ပေးဖို့ လိုအပ်မလဲ။

ဖြေကြည့် း ဂုဏ်လေးတစ်ခုတော့ ရတာပေါ့။ ဒီ App တစ်ခုကို တကယ်အောင်အောင်မြင်မြင် ဖြစ်လာဖို့အတွက် ဆိုရင် ဆုပေးရုံနဲ့ မရဘူး။ Mentorship ပါ လိုတယ်။ ဒါကလည်း တကယ်ထိန်းကျောင်းမောင်းနှင်ပေးဖို့ လိုတယ်။ 

မောင်မန်း