News

POST TYPE

INTERVIEW

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် တွေ့ဆုံခြင်း
02-Aug-2016
မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အပါအဝင် မြစ်ကြီးများတွင် စိုးရိမ်ရေမှတ်အထက် မြစ်ရေမြင့်တက်နေပြီး ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မန္တလေး၊ စစ်ကိုင်း၊ ဆိပ်ဖြူ၊ ညောင်ဦး၊ သပိတ်ကျင်း၊ ဟင်္သာတနှင့် ဇလွန် စသည့် မြို့များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အပြင် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်လည်း မိုးများနိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးရေလျှံမှု အန္တရာယ် ရှိနိုင်သည့် အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးနှင့် ဆက်သွယ်မေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

voice : အခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းအဆင့် ရောက်လာနိုင်တဲ့အထိ အားကောင်းလာနိုင်ပါသလား။

Dr.KMO : နောက်သုံး၊ လေးရက်နေတဲ့ အချိန်ကျရင်တော့ မုန်တိုင်းအဆင့်တော့ ရောက်တော့ရောက်နိုင်တယ်။ ဒါပေမဲ့ စောင့်တော့ စောင့်ကြည့်ရဦးမယ့် အနေအထားရှိတယ်။ သူက အားတော့သိပ်မကောင်းဘူး။ လောလောဆယ်တော့ Cloud (မိုးတိမ်) တွေက ဘင်္ဂလားပင်လယ်အော်ထဲမှာ တော်တော်လေး များနေတယ်။ များနေတဲ့ အချိန်ကျတော့ Cloud တွေ စုစည်းမိသွားရင် အားနည်းနည်း ကောင်းနိုင်တယ်။

voice : မန္တလေးတို့၊ စစ်ကိုင်းတို့မှာလည်း ရေကြီးရေလျှံမှုတွေ ရှိနေတယ်။ မြစ်ရေတွေကလည်း စိုးရိမ်ရေမှတ်အထက် ရောက်နေတယ်ဆိုတော့ အဲဒီမြစ်ရေတွေ အောက်ပိုင်းကို ကျဆင်းလာမယ်ဆိုတော့ မြစ်ဝကျွန်းပေါ်ဒေသက ဘယ်လောက်အန္တရာယ် များနိုင်ပါသလဲ။

Dr.KMO : မြစ်ဝကျွန်းပေါ် ဒေသကတော့ အန္တရာယ် ပိုများနေတယ်။ တိုင်းထွာချက်တွေအရ မန္တလေးတို့၊ စစ်ကိုင်းတို့ဘက်မှာ ရေတက်နေတာ တန့်သွားပြီ။ နောက်တစ်ရက်၊ နှစ်ရက်ဆိုရင် မြစ်ရေတွေ စကျတော့မယ့် အနေအထား ရှိတယ်။ ချင်းတွင်းဘက်မှာဆို ကလေးဝမှာ ရေနည်းနည်းတက်နေသေးတဲ့ အနေအထားရှိတယ်။ ကလေးဝ အထက်ပိုင်းတွေ ဖြစ်တဲ့ ခန္တီးတို့၊ မော်လိုက်တို့၊ ဖောင်းပြင်တို့ စခန်းတွေမှာတော့ ရေပြန်ကျနေပြီ။ ကလေးဝကတော့ တခြားက ဝင်လာတဲ့ ရေအနေအထားအရ နည်းနည်းပြန်တက်နေတယ်။ ဒါပေမဲ့ သူလည်း ကျတော့ကျတော့မယ်။ ကျတယ်ဆိုပေမယ့်လည်း Danger Level အထက် တော်တော်များများအထိ တက်ထားတာဆိုတော့ အခုလောလောဆယ်လည်း မြစ်ဝကျွန်းပေါ်မှာလည်း Danger Level ကျော်နေတဲ့အပြင် အပေါ်က ဆင်းလာမယ့် အနေအထားကလည်း ရှိနေတော့ အန္တရာယ် ရှိနေတယ်။ အဲဒီမြစ်ရေတွေက မန္တလေးကနေ မြင်းမူ၊ မြင်းမူပြီးရင် ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်အထိ ဆက်သွားမယ်ဆိုတော့ အဲဒီအောက်ပိုင်းဒေသတွေက ခြောက်ရက်၊ ခုနစ်ရက်လောက်အထိ ရေဆက်တက်နိုင်မယ့် အနေအထား ရှိနေတယ်။

voice : လာမယ့် သီတင်းပတ်အတွင်းမှာ ဘယ်ဒေသတွေမှာ မိုးများလာနိုင်ပါသလဲ။

Dr.KMO : မိုးကတော့ များနိုင်သေးတယ်။ လေဖိအားနည်း ရပ်ဝန်းကလည်း ရှိနေတယ်။ အဓိက စပြောနိုင်တာကတော့ တောင်တရုတ်ပင်လယ်ပြင်ထဲက မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက ရှမ်းကတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်တယ်။ အလယ်ပိုင်းကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲ ဆင်းတဲ့အခါ လေဖိအားနည်းရပ်ဝန်း ဖြစ်တာပေါ့။ အရင်တုန်းကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်တာပေါ့။ အခုကတော့ သူက အရှေ့မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်း ဆက်စပ်တဲ့ နေရာမှာ ဖြစ်နေတာပေါ့။ အဲဒီအရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသတွေမှာ မိုးများနိုင်တယ်။

voice : လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းအဆင့် ရောက်ခဲ့မယ် ဆိုရင်ရော မြန်မာနိုင်ငံဘက်ကို ဝင်နိုင်ခြေ ရှိပါသလား။ မုန်တိုင်းကြောင့် မြန်မာနိုင်ငံဘက်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

Dr.KMO : များသောအားဖြင့် ဇူလိုင်လ၊ သြဂုတ်လတွေမှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို ဝင်လေ့ဝင်ထ မရှိဘူး။ နှစ်ပေါင်း ၁၃၀ ကျော် အတွင်းမှာ ဝင်လေ့ဝင်ထ မရှိခဲ့ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေကတော့ ကိုမန်မုန်တိုင်းတို့ ဘာတို့ကတော့ မြန်မာနိုင်ငံကို မဝင်ဘူး။ မြန်မာကမ်းရိုးတန်းမှာ လျှောက်သွားတဲ့ အချိန်ကျတော့ အဓိကက မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာလဲဆိုတော့ မိုးပေးတာပေါ့။ မုန်တိုင်းရဲ့ အောက်ဘက်ပိုင်းက Weather ပိုခံရတဲ့ အနေအထားရှိတယ်။ အခုမုန်တိုင်းကတော့ အိန္ဒိယနိုင်ငံကို ဖြတ်မယ့်အနေအထား ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဆင့်အထိ အားကောင်းလာမလားဆိုတာ စောင့်ကြည့်နေတယ်။ ပြီးသွားရင် သူ့ရဲ့ Direction (ဦးတည်ရွေ့လျားရာ) က အဓိကကတော့ အနောက်ဘက်ကိုသွားရင် ဒီရက်ထဲ မိုးအားနည်းနည်းလျော့မယ်။ အနောက်မဟုတ်ဘဲနဲ့ မြောက်တည့်တည့် ထောင်တက်လာတယ်ဆိုရင် ကမ်းရိုးတန်းဒေသတွေမှာ တောက်လျှောက်မိုးများနိုင်တယ်။ ရခိုင်-မြစ်ဝကျွန်းပေါ်မှာ မိုးများနိုင်တယ်။ အောက်ကတော့ မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာတော့ မုတ်သုံအင်အား ကောင်းနေတဲ့အတွက် မိုးကောင်းနေဦးမယ့် အနေအထားရှိတယ်။ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ကတော့ မုတ်သုံအင်အားလည်း ကောင်းနေတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကလည်း ရှိနေတော့ မိုးပိုမယ်။ ဒါ့အပြင် အဲဒီလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာလည်း ဒေသအလိုက်ကို မိုးကြီးနိုင်တယ်။ ဒါကြောင့် တစ်ပတ်အတွင်းမှာ အောက်ပိုင်းဒေသတွေမှာ မိုးများနိုင်တဲ့အတွက် မြစ်ဝကျွန်းပေါ်ဒေသကတော့ ရေကြီးမှု အန္တရာယ် သတိပြုသင့်တယ်။ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ 

voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။ 

ပြည့်ဖြိုးလင်း