News

POST TYPE

INTERVIEW

စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် RRCCI ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေနှင့်တွေ့ဆုံခြင်း
21-Aug-2020
"စစ်ဘေးရှောင်ရလို့ အမျိုးသမီးတွေလည်း သုံးလမှာ ကိုယ်ဝန်ပျက်ကျတဲ့သူ ရှိတယ်"



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အတွင်းမှစ၍ဖြစ်ပွားနေခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေသည် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း၌ ချင်းတိုင်းရင်းသားစစ်ဘေးရှောင်သူ ၁၈,၁၂၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးကော်မတီ (RRCCI) ၏ စာရင်းများတွင် ဖော်ပြထားသည်။ အဆိုပါစစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် RRCCI ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။   

Voice  : စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုတော့ ချင်းလူမျိုးတွေ ဘာကြောင့်စစ်ဘေးရှောင်ရတယ်ဆိုတဲ့ သမိုင်းကြောင်းကို အရင်ပြောပေးပါ။                                              
MNW  : အရင်တုန်းကတော့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှာ စစ်ဘေးဆိုတာ မကြားဖူးသေးဘူး။ ၂၀၁၅ မှ အခြေချလာတဲ့သဘောရှိတယ်။ အခုလိုမျိုး စစ်ဘေးရှောင်တော့ ကြီးကြီးကျယ်ကျယ်မရှိခဲ့ဘူး။ ၂၀၁၆ - ၂၀၁၇ လောက်မှာ တိုက်ပွဲတွေ နည်းနည်းစိပ်လာတယ်။ ၂၀၁၆-၂၀၁၇ မှာပဲ ပလက်ဝမြို့နယ်မှာ IDPs ရှိလာတယ်။ ပထမဆုံး IDPs က ပလက်ဝမြို့နယ် မီးဇာ ကျေးရွာမှာ အယောက် ၂၀ဝ၀ လောက်ရှိခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ချင်းလူမျိုးအချင်းချင်းပဲ ပြည်တွင်း ပြည်ပမှာရောက်နေတဲ့ ချင်းလူမျိုးတွေက အလှူငွေတွေနဲ့ပဲ ရပ်တည်ခဲ့ရတယ်။ အဲဒီလိုအနေအထားနဲ့ ထိန်းလာခဲ့တယ်။ အဲဒီတုန်းက ချင်းပြည်နယ် ဖလမ်း၊ တီးတိန်၊ ဟားခါးဘက်က အကူအညီတွေလည်း သိပ်ပြီး မရယူခဲ့သေးဘူး။ ၂၀၁၈ လောက်မှာတော့ လူဦးရေများလာတယ်။ တိုက်ပွဲတွေလည်း ပိုပိုစိပ်လာတဲ့အနေအထားမှာ ကျွန်မတို့ မြောက်ပိုင်း ဖလမ်း၊ တီးတိန်၊ ဟားခါးဘက်က ချင်းလူမျိုးတွေကို အကူအညီတောင်းခံခဲ့ရတယ်။ အဲဒီကတည်းက IDPs အရေအတွက်က တိုးလာပြီးတော့ ၂၀၂၀ မတ်လ ၁၇-၁၈ တုန်းကဖြစ်သွားခဲ့တဲ့ ပြင်းထန်လာတဲ့တိုက်ပွဲ အနေအထားမှာဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စပြီးတော့ အလှူခံလာတာ မတ်လ ၂၉ မှာဆိုရင် RRCCI ကို စပြီးဖွဲ့တယ်။ စစ်ဘေးရှောင် လူဦးရေက ၁၂,ဝ၀ဝ ဝန်းကျင်အထိ ဖြစ်လာတယ်။ ပလက်ဝသီးသန့်ကို မကြည့်တော့ဘဲ ရခိုင်ထဲမှာရှိတဲ့ ချင်းလူမျိုးတွေလည်း အများကြီးဒုက္ခရောက်နေတယ်။ ကျွန်မတို့ ရခိုင်မှာ ကူညီနေရတာလည်း ၅၀ဝ၀ နဲ့ ၈၀ဝ၀ ကြားရှိတယ်။ အထူးသဖြင့် အမ်း၊ ဒလက်ချောင်းဒေသက ချင်းတွေဆိုရင် IDPs အရေအတွက်က ပိုများနေတာကို တွေ့ရတယ်။

Voice  : အခုလက်ရှိ IDPs စခန်းမှာ ရောက်နေတာရော IDPs စခန်းပြင်ပမှာရောဆိုရင် ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်အရေအတွက် ဘယ်လောက်များရှိနေပြီလဲ။                                                
MNW  : လူဦးရေ တစ်သိန်းတစ်သောင်းဝန်းကျင်မှာ လူဦးရေရှစ်သောင်းဝန်းကျင်က (IDPs စခန်းအတွင်း နှင့် စခန်းပြင်ပ လူဦးရေစုစုပေါင်း) တော်တော်လေးဒုက္ခရောက်တဲ့အနေအထားမှာရှိမှာပေါ့။ ပြည်ထောင်စု အစိုးရကလည်း ကြည့်ပါတယ်။ Camp ပြင်ပက လူတွေကတော့ CSO တွေရဲ့ တာဝန်ဖြစ်လာပါတယ်။            

Voice  : စစ်ဘေးကာလမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။                                       
MNW  : စစ်ဘေးရှောင်ရလို့ အမျိုးသမီးတွေလည်း သုံးလမှာ ကိုယ်ဝန်ပျက်ကျတဲ့သူ ရှိတယ်။ ငါးလ၊ ခြောက်လ၊ ခုနစ်လအထိကို ကိုယ်ဝန်ပျက်ကျကြတယ်ဆိုပြီး အယောက် ၇၀ ကျော်ရှိလာပြီ။ ကျွန်မ မေးခွန်းထုတ်ချင်တာက ကျွန်မက ဆေးလောကက လူမဟုတ်တော့ ဗုံးကြဲတဲ့မြေကြီး တုန်ခါမှုကြောင့်လား လက်နက်ကြီးတွေကျတဲ့အခါ တုန်ခါမှုကြောင့်လား စိတ်ဖိစီးမှုကြောင့်လား ပြည့်ဝတဲ့အာဟာရ မရလို့လား ဒါမျိုးကို ဆေးပညာအသိုင်းအဝိုင်းက Data သေချာလုပ်ပေးတဲ့ အဖွဲ့အစည်းရှိဖို့တော့ ကျွန်မ မျှော်လင့်တယ်။                              

Voice  : အခု ပလက်ဝဒေသမှာဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေအတွက် အခက်အခဲအဖြစ်ဆုံးပြဿနာက ဘယ်အရာလို့ပြောနိုင်မလဲ။                                      
MNW  : ပြဿနာအခက်အခဲဆုံးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်ဖြစ်နေတော့ ကိုယ်ချင်းစာမိတာက ကိုယ်ဝန်ဆောင်ကာလမှာ နေရင်းထိုင်ရင်းတောင် Stress (စိတ်ဖိစီးမှု) ကဝင်နေတော့ Depression (စိတ်ကျရောဂါ) က ဝင်နေတာ။ သူတို့မှာဆိုရင်တော့ စားဝတ်နေရေးလည်း ပူလာမယ်။ ရှေ့မှာ ကလေးနှစ်ယောက် သုံးယောက်နဲ့ပြေးလာရတယ်။ ကိုယ့်အိုး ကိုယ့်အိမ်နဲ့မနေရဘူး။ အဲဒီလိုအနေအထားမျိုးမှာ စိတ်ဖိစီးမှုပိုများတယ်ပေါ့။ နောက်တစ်ခုက အမျိုးသမီးတွေအတွက် Pad (အမျိုးသမီးလစဉ်သုံးပစ္စည်း)ပေါ့။ Pad ထုပ်တွေမရှိတာ။ တချို့ တတ်နိုင်တဲ့အမျိုးသမီးတွေ သုံးနာရီခြားလဲနေတဲ့အချိန်မှာ ၂၄ နာရီကို တစ်ခုတောင် မသုံးနိုင်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာတဲ့အမျိုးသမီးတွေက ထဘီတစ်ထည်ထဲနဲ့ ပြေးလာတယ်။ ကျွန်မတို့ အမျိုးသမီးကဏ္ဍက ပြောမယ်ဆိုရင် အရေး အကြီးဆုံးက Underwear အပေါ်အတွင်းခံနဲ့ အောက်အတွင်းခံ အရမ်းအရေးကြီးတယ်။ အခု ကျွန်မတို့စစ်ဘေးရှောင် ကူညီရေးဗဟိုကော်မတီမှာ အမျိုးသမီးက ကျွန်မတစ်ယောက်ထဲပဲပါတာ။ အမျိုးသမီးကဏ္ဍ အသံထွက်ဖို့ဆိုရင် ကျွန်မပဲရှိတယ်။ အောက်ခြေမှာဆို လုံးဝမရှိဘူး။ အဲဒီတော့ စစ်ဘေးရှောင်စခန်းကိုရောက်လာတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်လေးတွေက ဒီအကြောင်းအရာကို အမျိုးသားတွေကို မပြောရဲဘူး။ ကျွန်မကိုပဲ ဖုန်းဆက်ကြတယ် Pad မရှိဘူး၊ ထဘီတွေ မရှိဘူး၊ Underwear တွေမရှိဘူးပေါ့။ Camp ထဲမှာရောက် တဲ့အမျိုးသမီးတွေကိုတော့ WFP က ပေးပြီးဖြစ်တယ်။ တချို့မိခင်တွေက စိတ်ဖိစီးမှုကြောင့် မိခင်နို့မထွက်တော့တဲ့အမျိုးသမီးတွေ ရှိတယ်။ အရမ်းကြောက်ပြီးတော့ မိခင်နို့မထွက်တော့ဘူးဆိုတဲ့ အမျိုးသမီးတွေဆိုရင် ကလေးတွေပိန်လှီပြီးတော့ အာဟာရချို့တဲ့ လာတာတွေရှိတယ်။ အာဟာရမှုန့်တွေ အများကြီးလိုတယ်။ Camp ထဲမှာ ရှိတဲ့ကလေးတွေကတော့ WFP ကပေးနိုင်မယ်။ Camp ပြင်ပက ကလေးတွေကတော့ လိုအပ်ချက်တွေ အများကြီးရှိနေတုန်းပဲ။ပိုက်ဆံရှိလည်း သွားဝယ်မရ။ ဒီလိုမျိုးအခက်အခဲတွေကတော့ တော်တော်များနေတာပေါ့။   
               
Voice  : စစ်ပွဲကာလမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတာတွေရောရှိလား။                                  
MNW  : ချင်းပြည်နယ်မှာတော့ Sexual Harass-ment  က တော်တော်နည်းတယ်။ တော်တော်နည်းတယ်ဆိုတာက အမျိုးသမီးတွေက ထုတ်ပြောမှလည်း ဖြစ်မှာပေါ့။ ယေဘုယျအားဖြင့် ဘာကြောင့်ဒီလိုမရှိဘူးလဲဆိုတာက ချင်းလူမျိုးတွေက Tribe ဖွဲ့စည်းပုံက အခု Camp မှာနေလို့ရှိရင် တစ်ရွာလုံးက အမျိုးတွေချည်းပဲ။ မောင်နှမဝမ်းကွဲတွေရှိတယ်။ အခု Camp မှာလည်း အဲဒီလိုဖြစ်လာမှာ စိုးရိမ်တဲ့အတွက် Camp Management ကဏ္ဍမှာ အောက်ခြေကို ဘယ်လိုပြောထားလဲဆိုတော့ ကိုယ့်ရွာအလိုက်ကိုပဲ Camp ကိုထားပေးပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကာကွယ်ပြီးသားဖြစ်တယ်ပေါ့။ တစ်ခုပဲရှိတယ် အရင်ကထားခဲ့တဲ့ Camp တွေမှာ အမျိုးသမီးတွေ အဝတ်အစားလဲတာ အခန်းတွေမရှိဘူး။ Private အခန်းတွေစီမံပေးဖို့ လိုအပ်တာကလွဲရင် လောလောဆယ်အထိကတော့ Harassment ကိစ္စက တော်တော်နည်းတယ်လို့ ပြောလို့ရတယ်။                             

Voice  : အခုလို အကူအညီပေးရေး အဖွဲ့အစည်းတွေမှာတွေ အမျိုးသားတွေများပြီး အမျိုးသမီးပါဝင်မှုနည်းတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီးပါဝင်မှုများလာအောင်ဆိုရင်။                                            
MNW  : အဓိကကတော့ စိတ်ပဲ။ ဒီလုပ်ငန်းတွေဆိုတာက ပိုက်ဆံရပြီးတော့ လစာငွေရပြီးတော့ လုပ်ကြတာမဟုတ်ဘူး။ ဒါကိုလုပ်ချင်တဲ့စိတ်က တွန်းအားတစ်ခုပေါ့။ နောက်တစ်ခုက လုပ်ရဲဖို့လိုမယ်။ နောက်တစ်ခုက နှံ့စပ်မှုပေါ့။Update Information ကိုနှံ့စပ်ဖို့လိုမယ်။ ကိုယ့်ဒေသရဲ့ အခြေအနေကိုလည်းကောင်း ကောင်းမွန်မွန်သိဖို့လိုမယ်။ စိန်ခေါ်မှုရှိတာကိုး။ကျွန်မတို့ဆိုရင် အိမ်ထောင်ရှင်ဖြစ်တယ်။ အမျိုးသားက ဒါကို ကျွန်မကို ပံ့ပိုးပေးထားတယ်ဆိုတာက ဒီဟာကိုလုပ်တဲ့အတွက် ကလေးတွေကို ဂရုမစိုက်နိုင်ဘူးဆိုတာမျိုး အပြစ်တင်တာမျိုး လုံးဝမရှိဘူး။ နောက်ကနေ အပြည့်အဝပံ့ပိုးပေးတယ်။ အမျိုးသမီးတွေက လုံခြုံမှုမရှိဘူး။ညရေးညတာ သွားရတာမျိုးရှိတယ်။ ဟိုဘက်မှာ အမျိုးသမီးတွေ ပါမလာနိုင်ဘူးဆိုတာက ခြိမ်းခြောက်မှုတွေ အမြဲတမ်းရှိတယ်။ ကျွန်မကိုယ်တိုင်လည်း အမျိုးမျိုးခြိမ်းခြောက်ခံရတာရှိတယ်။ ဒါကိုလည်း ကျွန်မက မှန်မှန်ကန်ကန်လုပ်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ်ရအောင် လုပ်မယ်ပေါ့။ ကိုယ်ကမလုပ်ရင် ပလက်ဝမြို့နယ်ကအမျိုးသမီးထုရဲ့အသံကို ဘယ်သူထွက်ပေးမလဲ။မီဒီယာတွေကသိလာတော့ နောက်ပိုင်းမှာ ခြိမ်းခြောက်မှုတွေလည်း ပျောက်သွားတယ်။ အဓိကတော့ စိတ်ပဲလို့ ယူဆတယ်။ လုပ်ချင်တဲ့ဆန္ဒနောက်ကို လူက လိုက်သွားတာပေါ့။

Voice  : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျော်စိုးမိုး