News

POST TYPE

INTERVIEW

ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ဇော်မျိုးနှင့် တွေ့ဆုံခြင်း
18-Aug-2020
"တရားစီရင်တဲ့အခါ ဆက်စပ်တဲ့အဖွဲ့တွေကို လာဘ်ပေးလာဘ်ယူလို့မရဘူး။ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားတယ်"



တရားခံအဖြစ် စွပ်စွဲခံရသူများဖြစ်သည့် ဆင်းရဲနွမ်းပါးပြီး ရှေ့နေငှားရမ်းခမတတ်နိုင်သူများ၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၊ HIV ရောဂါ ခံစားနေရသူများကို ဥပဒေအကျိုးဆောင်လုပ်ငန်းများနှင့် ဥပဒေအကြံပေးလုပ်ငန်းများ အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ဇော်မျိုးနှင့် The Voice Daily က တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice  : အဖွဲ့အစည်းအကြောင်း စတင်မိတ်ဆက်ပေးပါဦး။ 
UAZM : ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်လို့ ၃ နှစ်ပြည့်တော့မှာပါ။ ဒီအဖွဲ့ဟာ နိုင်ငံတော်ကဖွဲ့ပေးတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဥပဒေနဲ့ပတ်သက်တဲ့ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးရှိတယ်။ ပြည်ထောင်စုရှေ့နေများအဖွဲ့မှာနစ်နာသူ တရားခံများဘက်ကနေ ရှေ့နေလိုက်ပေးတယ်။ နစ်နာသူတရားခံတွေဘက်မှာတော့ ကူညီနိုင်တဲ့ အဖွဲ့အစည်းမရှိသေးတဲ့အတွက် ဒီအဖွဲ့အစည်းကို ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်း ပြီးတော့ဖွဲ့ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Voice  : ရန်ကုန်တိုင်းက မြို့နယ်တွေမှာရော ရုံးခွဲတွေဘယ်လောက်ဖွင့်ထားပြီလဲ။ ရန်ကုန်တိုင်းအတွင်းမှာ အမူပေါင်းဘယ်လောက်ကို ကူညီပေးနေပြီလဲ။
UAZM : ရန်ကုန်တိုင်းက မြို့နယ် ၄၄ မြို့နယ်မှာ တစ်မြို့နယ်ကို မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစတဲ့ ရုံးအဖွဲ့အပါအဝင် တစ်မြို့နယ်ကို ငါးဦးစီ ခန့်ထားပါတယ်။ ၄၃ မြို့နယ်မှာ လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ အဖွဲ့ဝင် ၁၅၅ ယောက်နဲ့ ဆောင်ရွက်နေပါတယ်။

Voice  : အဓိကဘယ်လိုအမှုတွေရဲ့ ဘယ်လိုအပိုင်းတွေမှာ ကူညီပေးနေတာလဲ။
UAZM : အဓိကကတော့ တရားခံဘက်က လိုက်ပေးတယ်၊ စွပ်စွဲခံရသူဘက်က လိုက်ပေးတယ်။ လူတစ်ယောက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မသင်္ကာလို့ စတင်ဖမ်းဆီးလိုက်တဲ့အချိန်ကစပြီး အကူအညီ လိုအပ်တယ်ဆိုရင် စပေးလိုပါတယ်။ ဥပဒေအကူအညီတော့ စပေးတယ်။ တရားရုံးမှာ အမှုစလိုက်ပြီဆိုရင်တော့ ကန့်သတ်ချက်တွေရှိပါတယ်။ နံပါတ်တစ်က ဆင်းရဲနွမ်းပါးသူဖြစ်ရမယ်၊ လုပ်ခလစာ ၄,၈၀ဝ ကျပ်နဲ့ အောက်ဆိုရင် ဆင်းရဲနွမ်းပါးသူဖြစ်ရင် အစအဆုံးလိုက်ပေးပါတယ်။ ရဲက မသင်္ကာလို့ စဖမ်းပြီဆိုကတည်းက တရားရုံးကိုစွဲချက်တင်တယ်ဆိုရင် လိုက်ပေးတယ်။ သူပြစ်ဒဏ်ခံရလို့ ပြစ်ဒဏ်ခံရရင်တောင် တရားခံအတွက် ပြစ်ဒဏ်များနေတယ်ဆိုရင် ပြည်ထောင်စုကို အယူခံတက်ပေးတယ်။ အခမဲ့ လိုက်ပါဆောင်ရွက်ပေးပါတယ်။ ပထမအဆင့်က ဆင်းရဲနွမ်းပါသူ၊ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ၊ HIV ခံစားနေရသူတွေဆိုရင်တော့ ဆင်းရဲနွမ်းပါးသူဖြစ်ဖို့ မလိုပါဘူး။ စတင်စွပ်စွဲခံရကတည်းက အစအဆုံးအခမဲ့လိုက်ပေးပါတယ်။ နိုင်ငံခြားသားတွေကိုလည်း အခမဲ့လိုက်ပေးပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတစ်ခုခုနဲ့ မတရားစွပ်စွဲခံရမှု၊ ကျူးလွန်ခံမှုတိုင်းအတွက် ခုခံချေပနိုင်ရေးအတွက် ရှေ့နေအထောက်အကူပေးတာ၊ ရဲစခန်းနဲ့တစ်နေရာမှာ ထိန်းသိမ်းခံထားရတာ၊ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကို အကြောင်းကြားပေးတာမျိုးတွေ လုပ်တယ်။မြန်မာနိုင်ငံသားဖြစ်ပေမယ့် ဘာသာစကားအခက်အခဲရှိနေသူတွေကို ဘာသာပြန်ပေးတာ၊ နိုင်ငံခြားသားဖြစ်နေရင် စကားပြန်ပေးတာတွေ၊ မသန်စွမ်းသူဖြစ်နေရင်လည်း သင်္ကေတနဲ့ဘာသာစကားပြောနိုင်သူတွေနဲ့ ဆက်သွယ်ပေးတာ၊ ထောက်ပံ့ပေးတာတွေ လုပ်နေပါတယ်။

Voice  : အဖွဲ့ကို ဆက်သွယ်ပြီး အမှုအပ်ပေးဖို့ အကူအညီတောင်းမယ်ဆိုရင် ဘယ်လိုတောင်းလို့ရလဲ။
UAZM : ကျွန်တော်တို့ပေ့ချ်က ဖုန်းနံပါတ်တွေ၊ မက်ဆင်ဂျာတွေကနေ အကူအညီတောင်းလို့ရတယ်။ လက်ကမ်းစာစောင်တွေကနေ ဖုန်းနံပါတ်တွေပါတယ်။ လိုက်ပါပေးမယ့်သူတွေရဲ့ လက်ကိုင်ဖုန်းနံပါတ်တွေလည်းပါတယ်။ တိုင်းရုံးနဲ့ မြို့နယ်အသီးသီးက ဖုန်းနံပါတ်တွေလည်း ထည့်ပေးထားပါတယ်။ သတင်းရတာနဲ့ မေးမြန်းပြီး အကူညီပေးသွားမှာပါ။ ဟိုတစ်လောကဆို အကူအညီတောင်းတဲ့သူကနေတာ သန်လျင်၊ အမှုဖြစ်လို့ အကူအညီတောင်းတာက မင်္ဂလာတောင်ညွှန့်မှာ ဒါပေမဲ့ မြို့နယ်ကိုဖုန်းဆက်ပြီး ချက်ချင်းပဲအကူအညီပေးလိုက်ပါတယ်။

Voice  : အဖွဲ့အစည်းစဖွဲ့တဲ့ ကာလကတည်းက အခုအချိန်အထိ အမှုပေါင်းဘယ်လောက်ကို ကူညီဆောင်ရွက်ပေးထားလဲ။ အကူအညီစတောင်းပြီ ဆိုရင် ဘယ်အချိန်ကစပြီး ကူညီပေးလဲ။ အချိန်ဘယ်လောက်ကြာမှ စပြီး ကူညီပေးလဲ။
UAZM : ၂ နှစ်တာကာလအတွင်းမှာ ကူညီပေးနေတာ ၂၇၀ လောက်တော့ ရှိနေပါပြီ။ လက်ရှိအမှုလိုက်ပါ ဆောင်ရွက်ပေးနေဆဲ အမှု ၂၂၁ မှု၊ ပြီးပြတ်တဲ့အမှုတွေလည်း ရှိသွားပါပြီ။ အချို့အမှုတွေက ပြီးပြတ်သွားပါပြီ။ ပြီးပြတ်တဲ့အမှုတွေမှာ အချို့အမှုတွေက သူတို့ကျူးလွန်လို့ ပြစ်ဒဏ်ကျသွားပေမယ့် အယူခံတင်ဖို့မတောင်းဆိုတော့ ဆက်မလိုက်ရတော့ဘူးပေါ့။ အချို့အမှုတွေက တရားခံအတွက်ချတဲ့ ပြစ်ဒဏ်ကြီးလေးတာကို တွေ့ရတဲ့အတွက် အယူခံဆက်တက်ထားတဲ့အမှုတွေ၊ တက်ထားဆဲ အမှုတွေရှိတယ်။ ဥပဒေမှာပါတယ်၊ တတ်နိုင်သမျှ ဆောလျင်စွာ အထောက်အကူပေးရမယ်လို့ပါရှိတယ်။ အနီးစပ်ဆုံးဆိုရင် သန်လျင်ကယာဉ်မောင်း လေး၊ မင်္ဂလာတောင်ညွန့်ရဲစခန်းမှာ အမှုစွဲခံရတယ်လို့ပြောတယ်။ အချုပ်ခံထားရတယ်လို့ ပြောတယ်။ အမှုကိုစိစစ်ကြည့်တော့ အာမခံရနိုင်တဲ့ အနေအထားရှိတော့၊ ချက်ချင်းပဲချိတ်ဆက်တော့ အာမခံရသွားတယ်။ အခြားဆက်စပ်တဲ့အဖွဲ့က အကူအညီပေးတော့ ပိုမြန်ဆန်သွားတာပါ။ သတင်းရတာနဲ့ ချက်ချင်းဆောင်ရွက်တယ်။ ဒါ ကျွန်တော်တို့ ဆီကို ရောက်တဲ့သတင်းကို ဆောင်ရွက်တာပေါ့။ ဒါကို ချက်ချင်းဆောင်ရွက်တာပေါ့။

Voice  : စွပ်စွဲခံရသူဘက်က လာကူညီတောင်းတဲ့အခါမှာ ကန့်သတ်ထားတဲ့ အမှုအမျိုးအစားရောရှိလား။ အကူအညီတောင်းသူတွေနဲ့ ဘယ်လိုမျိုး ယုံကြည်မှုတည်ဆောက်ရလဲ။
UAZM : ကန့်သတ်ထားတဲ့ အမှုအမျိုးအစားတော့မရှိဘူး။ ြွခင်းချက်အနေနဲ့ သေဒဏ်ချမှတ်နိုင်တဲ့ပြစ်မှုတွေမှာ ရှေ့နေမငှားနိုင်ဘူးဆိုရင်၊ ပြည်ထောင်စု ရှေ့နေရုံးကနေ အကူအညီပေးနေတာက ဟိုတုန်းကတည်းက ရှိပြီးသား။ ဒီနေ့အချိန်အထိရှိနေပြီးသား၊ ရာဇဝတ်မှုအားလုံးကိုအကူညီပေးတယ်။ ြွခင်းချက်အနေနဲ့သေဒဏ်အမှုကလွဲလို့ ကျန်တာအကူအညီ ပေးပါတယ်။ အကူအညီတောင်းတဲ့သူက ကျွန်တော်တို့ ကိုယုံဖို့တော့လိုတယ်။ ဘာကန့်သတ်ထားလဲဆိုရင် အကူအညီတောင်းတဲ့သူတွေ ဝန်ခံချက်ထိုးရမယ်။ ဝန်ခံချက်မှာ ဘာပါသလဲဆိုရင် တရားစီရင်တဲ့အခါ ဆက်စပ်တဲ့အဖွဲ့တွေကို လာဘ်ပေးလာဘ်ယူလို့မရဘူး။ တင်းတင်းကျပ်ကျပ်ဆောင်ရွက်ထားတယ်။ လုပ်တာနဲ့တစ်ပြိုင်နက်အမှုတွေကို အကူအညီပေး တာတွေကို ရပ်လိုက်တာတွေရှိတယ်။ အကူအညီလာတောင်းသူတွေက ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိအောင် လာအကူအညီတောင်းတဲ့အပေါ်မှာပဲပိုင်းဖြတ်တယ်။

Voice  : လက်ရှိအဖွဲ့အစည်းမှာ အင်အားဘယ်လောက်ရှိနေပြီလဲ။ အမှုတွေကိုရော ဘယ်လိုပုံစံလိုက်ပါ ဆောင်ရွက်ပေးလဲ။
UAZM : မြို့နယ်မှာအဖွဲ့ဝင်ပေါင်း ၁၅၅ ယောက်ရှိတယ်။ ကျွန်တော်တို့ကို အခမဲ့လိုက်ပါဆောင်ရွက်ပေးမယ့် ကျွန်တော်တို့ဆီ ဆန္ဒပြုထားတဲ့ ရှေ့နေ ၂၄၀ ကျော်ရှိနေပါတယ်။ လာအပ်တဲ့အမှုဟာ ဘယ်လောက်ကြီးလဲ၊ သူ့အမှုဟာ ဘယ်လောက်နက်နဲလဲ နားထောင်တယ်။ ဘယ်ရှေ့နေနဲ့ ကိုက်မလဲဆိုပြီး ဆက်သွယ်ပေးတယ်၊ တွေ့ပေးတယ်။ အမှုတစ်ခါတည်း အပ်လိုက်တယ်။ အမှုတွေအပေါ်မှာစိစစ်ပြီး အမှုနဲ့ကိုက်ညီမယ့် သူတွေကိုချိတ်ပေးတယ်။ ဘယ်အမှုက ဘယ်လို အတွေ့အကြုံရှိရှေ့နေမှ ကိုက်ညီမှုရှိလဲဆိုတာနဲ့ သွားနေပါတယ်။ လောလောဆယ်လာအပ်တဲ့ အမှုတွေ ကျွန်တော်တို့ဆီ လာအကူအညီတောင်းတဲ့ အမှုသည် အားလုံးနီးပါး ယုံကြည်မှုရှိတယ်။ 

Voice  : လက်ရှိအဖွဲ့အစည်းက လိုက်ပါဆောင်ရွက်တဲ့ အမှုတွေထဲမှာ ဘယ်အမှုကအများဆုံးဖြစ်နေလဲ။
UAZM : ကျွန်တော်တို့ကို အကူအညီတောင်းလာတဲ့ အမှုပေါင်း ၂၀ဝ ကျော်ထဲမှာ ၃၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးနဲ့ဆက်နွှယ်တဲ့အမှုတွေ ဖြစ်နေတယ်။ ကျန်တာတွေက ရာဇဝတ်မှုတွေ၊ အထူးဥပဒေတွေနဲ့ဖွဲ့ထားတဲ့ အမှုတွေကိုလည်း လိုက်ပါကူညီပေးတာတွေရှိတယ်။ ဒီအဖွဲ့အစည်းရှိနေတယ်ဆိုတာကို ပြည်သူတွေမသိသေးဘူး။ ရန်ကုန်တိုင်းမှာဆိုရင် ၅ ချိုး ၁ ချိုး၊ ၃ ချိုး ၁ ချိုးလောက်ပဲသိသေးတယ်။ ဒါတောင် ကျွန်တော်တို့ပေ့ချ်တွေထောင်ထားတယ်၊ အကောင့်တွေကနေ ပြည်သူတွေကိုမျှဝေပေးနေလို့ ၇ ပုံ ၁ ပုံလောက်တော့ သိနေပြီ။ ဥပဒေအရ အကူအညီ လိုအပ်နေသူတွေအနေနဲ့ အချိန်မရွေးဆက်သွယ်ပြီး အကူအညီတောင်းခံလို့ရပါတယ်။

ပြည့်ဖြိုးမြင့်မွန်