News

POST TYPE

INTERVIEW

ကွန်တိန်နာယာဉ်များ နေ့ဘက်ပြေးဆွဲခွင့် ပိတ်ခြင်းအပေါ် အမြင်များ
09-Dec-2016
ရန်ကုန်မြို့တော် အတွင်း၌ ဒီဇင်ဘာလ ၇ ရက်နေ့မှစပြီး ကွန်တိန်နာ (ကုန်သေတ္တာ) ယာဉ်ကြီးများကို ည ၉ နာရီမှ နံနက် ၆ နာရီ အတွင်းသာ ပြေးဆွဲစေခဲ့ရာ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကမ်းနားလမ်း တစ်လျှောက်၌ ကွန်တိန်နာယာဉ်များ ယာဉ်ကြောအပြည့် ပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်းအပေါ် အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“ကွန်တိန်နာကား အစီးတစ်ရာလောက်က ည ၉ နာရီကနေ မနက် ၆ နာရီအတွင်း စည်းနဲ့ကမ်းနဲ့ မဝင်နိုင်ဘူးဆိုရင် ကုန်စည်စီးဆင်းမှုက တိုးတက်လာမှာ မဟုတ်ပါဘူး”
ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)

အခုအချိန်မှာ ကုန်စည်က နည်းပါတယ်။ ကုန်စည်တွေ ဒီထက်များပြီး ကုန်တွေများများ ရန်ကုန်ဆိပ်ကမ်းကို ရောက်ပြီး ရန်ကုန်ရဲ့ ကုန်စည်စီးဆင်းမှုတွေက စရိတ်သက်သာမှသာ အဆင်ပြေမှာပါ။ နို့မို့ဆိုရင် ကုန်စည်စီးဆင်းမှု သိပ်မရှိဘူးဆိုရင် စီးပွားရေးအရ တွက်ခြေမကိုက်တဲ့ ဆိပ်ကမ်းဖြစ်လာနိုင်တယ်။ ရန်ကုန်မြို့ရဲ့ အဓိကစီးပွားရေး ဖြစ်တဲ့ ပင်လယ်ဆိပ်ကမ်းဂိတ်က ကုန်ပစ္စည်းများများ ဖြန့်ဖြူးရောင်းချနိုင်ပြီးတော့ တိုင်းနဲ့ပြည်နယ်၊ အခြားနယ်စပ်မြို့တွေအထိ ကုန်စည်တွေ စီးဆင်းမှုများဖို့ လိုပါတယ်။ အခုလက်ရှိ ဒီရာသီမှာ ကုန်စည်စီးဆင်းမှုက နည်းတယ်။ ဧပြီလလောက် ဆိုရင်တော့ ကုန်စည်များနိုင်မယ်လို့ ထင်ပါတယ်။ ကုန်စည်က သိပ်မရှိပါဘူး။ ဒါပေမဲ့ ညတွေမှာ ကားတွေက စည်းကမ်း မလိုက်နာကြပါဘူး။ စည်းနဲ့ကမ်းနဲ့ မောင်းနှင်တဲ့ နေရာမှာ ကာလတော်တော်ကြာကြာ လုပ်ချင်ရာလုပ်၊ ထင်ရာလုပ်နေတော့ စည်းမဲ့ကမ်းမဲ့ များလာတယ်။ ကုန်စည်က နည်းနေတဲ့ အတွက်ကားက ထွက်တာ သိပ်မရှိပါဘူး။ အများပြည်သူ နေ့ခင်းဘက် သွားလာနေတဲ့ အချိန်မှာ ကုန်သေတ္တာကားတွေ၊ ကုန်ကားတွေ လမ်းမပေါ် သွားလာနေတာ ဘယ်နိုင်ငံမှ မရှိပါဘူး။ ဒီအခြေအနေကို ကျွန်တော်တို့က အကောင်းဆုံး ပြည်သူလူထု လိုက်နာနိုင်ဖို့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုကောင်းမွန်လာပြီး အဆင်ပြေ ချောမွေ့လာအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကုန်စည်က တအားကျပ်နေလို့ ရှိရင် နေ့ခင်းဘက် လမ်းမပေါ်မှာ ကျွန်တော်တို့ အစိုးရအဖွဲ့က ဖြတ်သန်းခွင့် ပေးပါမယ်။ ဒါမှမဟုတ် ကုန်စည်က မကျပ်ဘူး။ အရေးပေါ်ကုန်စည်က ဒီနေ့မှာ အရေးပေါ် နိုင်ငံခြားကို ဒီနေ့ ပို့ရမယ်ဆိုရင် ဖြတ်သန်းဖို့ စီစဉ်ပေးမှာပါ။ ကျွန်တော့်မြို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နေထိုင်တဲ့ အများပြည်သူ အဆင်ပြေဖို့အတွက် ဆောင်ရွက်နေတာပါ။ ကွန်တိန်နာကား အစီးတစ်ရာလောက်က ည ၉ နာရီကနေ  မနက် ၆ နာရီအတွင်း စည်းနဲ့ကမ်းနဲ့ မဝင်နိုင်ဘူးဆိုရင် ကုန်စည်စီးဆင်းမှုက တိုးတက်လာမှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ကြီးမှာ စည်းကမ်းမလိုက်နာတဲ့ သူတွေကို အပြစ်မဆိုပါဘူး။ လိုက်နာချင်အောင် တဖြည်းဖြည်း ဆောင်ရွက်သွားမှာပါ။

“အမှားကြာနေတဲ့ ကိစ္စကို  အမှန်ဘက်ကို ပြန်တည့်တဲ့အခါမှာ လက်မခံနိုင်တဲ့ အနေအထားဆိုတော့ အစပိုင်းမှာ နည်းနည်းတော့ ကသိကအောက် ဖြစ်မှာပဲ”
ဦးသိန်းဇော်လတ် (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရမ်းမြို့ တိုင်းဒေသကြီး အမှတ်၂)

ကွန်တိန်နာတွေက နိုင်ငံတကာမှာလည်း ဒီလိုပဲ ညပိုင်းတွေမှ ဖြတ်သန်းခွင့် ရှိတယ်။ နောက်တစ်ခုက ဘာသွားတွေ့ရလဲ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အမှားကြာနေတဲ့ ကိစ္စကို အမှန်ဘက်ကို ပြန်တည့်တဲ့အခါမှာ လက်မခံနိုင်တဲ့ အနေအထားဆိုတော့ အစပိုင်းမှာ နည်းနည်းတော့ ကသိကအောက် ဖြစ်မှာပဲ။ မနက်က ကျွန်တော်တို့ ဒီအကြောင်းကို တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပြောဖြစ်တဲ့ အခါမှာတော့ အစိုးရအဖွဲ့ အနေနဲ့က ဒီကိစ္စကို Plan A၊ Plan B ထားပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်လို့ ပြောတယ်။ Plan A အနေနဲ့က ယာဉ်ထိန်းတွေ၊ ယာဉ်ကြီးကြပ်တွေ အနေနဲ့က အဲဒီကိုသွားပြီး ရှင်းလင်းတာတွေ လုပ်မယ်။ အဲဒီလိုမှ မရဘူးဆိုရင် Plan B အနေနဲ့ အဲဒီမှာ အပိုင်ရပ်ထားတဲ့ ကားတွေကို အပြီးပိတ်ပစ်မယ်။ ကျွန်တော်တို့ အနေနဲ့က ဒီကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြန်ပြီးတော့ တိုင်ပင်ရမယ်။ ပို့ဆောင်ဆက်သွယ်ရေး ကော်မတီဝင်တွေရဲ့ သဘောထားတွေ၊ အစိုးရအဖွဲ့ရဲ့ သဘောထားတွေကို ရယူမယ်၊ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ပြီး လွှတ်တော်ထဲမှာ တစ်ခုခု ဆောင်ရွက်သွားမှာပါ။

“လုပ်ငန်းရှင်ရော၊ ကွန်တိန်နာဘက်ရော အစိုးရပိုင်းပါ အကုန်လုံး ပြန်ညှိနှိုင်းကြမယ်လို့ ထင်ပါတယ်”
ဒုတိယရဲမှူး အေးထွန်းမောင် (အမှတ် ၄၈ တပ်ဖွဲ့စုမှူး၊ လသာမြို့နယ်)

တကယ်လို့ နောက်နေ့တွေမှာ မမျှော်လင့်ဘဲနဲ့သော် လည်းကောင်း ယာဉ်ကြောတွေ ပိတ်ခဲ့လို့ ရှိရင်လည်း အစ်ကိုတို့က လာပြီးတော့ ယာဉ်ကြောတွေ ရှင်းတဲ့အထိ ရှင်းလင်းပေးသွားမှာပါ။ နောက်နေ့တွေမှာ ခုလိုမျိုး မဖြစ်အောင်တော့ လူကြီးတွေက အတတ်နိုင်ဆုံး စီမံခန့်ခွဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုလို ယာဉ်ကြောပိတ်သွားတဲ့အတွက် လုပ်ငန်းရှင်ရော၊ ကွန်တိန်နာဘက်ရော အစိုးရပိုင်းပါ အကုန်လုံး ပြန်ညှိနှိုင်းကြမယ်လို့ ထင်ပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာကိုတော့ ဒီအတိုင်း မထားပါဘူး။ တတ်သိပညာရှင်တွေ အကုန် ပြန်ညှိနှိုင်းဆောင်ရွက်မယ်လို့ ထင်ပါတယ်။ အခက်အခဲဆိုတာတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့ အဲဒီအခက်အခဲကို ကြံ့ကြံ့ခံပြီး အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေပြီး သွားရင်တော့ အဆင်ပြေသွားမှာပါ။ လက်ရှိမှာလည်း လူကြီးတွေ အနေနဲ့ အစစအရာရာ ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားမှာပါ။

“မကျော်သင့်တဲ့ နေရာတွေ မကျော်ဘဲနဲ့ သွားရင် လမ်းပိတ်စရာအကြောင်း မရှိပါဘူး”
ရဲမှူး နိုင်အောင်မိုး (အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး)

မနက်ခြောက်နာရီဆိုရင် ကားတွေက သွားမရတာတွေ ဖြစ်မယ်ဆိုတော့ ရပ်တဲ့ကားကို တစ်ဖက်ကားက ကျော်တက်ရင်း ဒီဘက်ကလာတဲ့ ကားတွေနဲ့ ခေါင်းချင်းဆိုင်လိုက်တော့ လမ်းပိတ်သွားတယ်။ ဟိုဘက်လည်း သွားမရ၊ ဒီဘက်လည်း သွားမရ ဖြစ်သွားတာပေါ့။ ကားသမားတွေအပိုင်းက စည်းကမ်းတကျ မောင်းနှင်ဖို့ လိုပါတယ်။ ဒီလမ်းတွေ မပိတ်ဆို့အောင် မကျော်သင့်တဲ့ နေရာတွေ မကျော်ဘဲနဲ့သွားရင် လမ်းပိတ်စရာအကြောင်း မရှိပါဘူး။ ခြောက်နာရီ ပိတ်လိုက်တဲ့ အပိုင်းကိုလည်း လူကြီးတွေ စဉ်းစားပြီး စီစဉ်ပေးပါလိမ့်မယ်။ အခုဖြစ်တာက ခြောက်နာရီပြည့်လို့ ကားက ရပ်လိုက်တယ်။ အဲဒီရပ်တဲ့ ကားကိုကျော်ပြီး မောင်းလာတော့ အရမ်းကြီး ပိတ်သွားတာ။ မနေ့ညက ကားတွေ စုပြုံတိုးလို့ ကားလမ်းက ခဏပိတ်သွားတာပါ။ ဒီကားလမ်းကြီးက ဒီနေ့တော့ ထွက်ခွင့်ပေးမှရမှာ။ မဟုတ်ရင် ကားလမ်းက ပိတ်နေတော့မှာလေ။ ဒီနေ့ပိတ်တဲ့ ကားလမ်းကို ကြည့်မယ်ဆိုရင် ကွန်တိန်နာ ၅၀၀ ကနေ ၁၀၀၀ ကြား ရှိတယ်။

“အစိုးရအဖွဲ့က ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီတစ်လမှာ စောင့်ကြည့်ရမှာပဲ”
ဦးမျိုးညွန့် (ရေထွက်ပို့ကုန် လုပ်ငန်းရှင်)

စနစ်တစ်ခုနဲ့တစ်ခု အပြောင်းအလဲလုပ်တယ် ဆိုတာ လွယ်လွယ်ကူကူတော့ အဆင်ပြေမှာ မဟုတ်ဘူး။ အခုဖြစ်တာက ဆိပ်ကမ်းမှာ အဝင်အထွက် ခက်ခဲလို့ ကားလမ်းပိတ်တာလို့ ကြားတယ်။ ဒီအချိန် မလောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီစနစ်ကို အစကတည်းက မမျှော်မှန်းနိုင်တဲ့ ပြဿနာတွေ ရှိလာနိုင်လို့ တစ်လအတွင်း အရေးယူမှုတွေ မလုပ်ပါဘူးဆိုတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပြီးသားပဲ။ ဒီနေရာ တစ်ခုအကြံပေးချင်တာက လမ်းကြောင်းတွေ သွားတဲ့အခါ အခက်အခဲမဖြစ်ဖို့ ရဲတွေ ဘာတွေက အဆင်သင့်အနေအထား ဖြစ်နေဖို့ လိုတယ်။ ဒါမှ ကားလမ်းကျပ်တာကို  ဖြေရှင်းပေးနိုင်မှာ။ ဒီကိစ္စဟာ အဆင်ပြေလား မပြေလား ဆိုတာရယ်၊ အစိုးရအဖွဲ့က ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ဒီတစ်လမှာ စောင့်ကြည့်ရမှာပဲ။

“နေ့ဘက်ဆို ကားပေါ်မှာ နေရမယ်။ ညဆိုလည်း ကားမောင်းရမယ်။ နားချိန်မရှိသလောက် ဖြစ်နေတယ်”
ဦးထွန်းထွန်း (ကွန်တိန်နာ ယာဉ်မောင်း)

ဒီလိုမျိုး အချိန်တွေ ကန့်သတ်လိုက်တဲ့အတွက် ယာဉ်မောင်းတွေ ဘက်မှာ အချိန်ကြန့်ကြာမှုတွေ အများကြီး ဖြစ်သွားတယ်။ ပုံမှန်အတိုင်းဆိုရင် စုမိထားတာမျိုး မရှိဘူး။ အချိန်သတ်မှတ်လိုက်တော့ ကားတွေ စုပေးသလို ဖြစ်သွားတာပေါ့။ ကားကြီးဘက်က ဆိပ်ကမ်းက ထွက်တာနဲ့ သတ်မှတ်တဲ့ဇုန်ကို ရောက်အောင် တောက်လျှောက်မောင်းတာ ဖြစ်တဲ့အတွက် သူတို့အတွက် လမ်းတစ်ခု ပေးထားရင် အဆင်ပြေနိုင်တယ်။ အခုလို အချိန်ကန့်သတ်ထားတာ ကုန်တင်ကား မောင်းတဲ့သူတွေအတွက် အခက်အခဲ တော်တော်ဖြစ်တယ်။ နေ့ဘက်ဆို ကားပေါ်မှာ နေရမယ်။ ညဆိုလည်း ကားမောင်းရမယ်။ နားချိန်မရှိသလောက် ဖြစ်နေတယ်။ ကျွန်တော်က အခေါက်ရေနဲ့ ဆွဲရတာပါ။ နေ့ရော ညရော မောင်းခွင့်ပေးတုန်းက တစ်နေ့ကို တစ်ခေါက် ပုံမှန်ရှိတယ်။ အခုလို ပိတ်လိုက်တော့ နှစ်ညအိပ်မှ တစ်ခေါက် ဖြစ်သွားတယ်။ မိသားစုဝင်ငွေတွေ တော်တော် ထိခိုက်ပါတယ်။ တစ်ခေါက်ဆိုရင် နှစ်သောင်းလောက် ရတယ်။ အရင်က တစ်ရက်ကို နှစ်သောင်းရတယ်ဗျာ။ အခုဆို သုံးရက်နေမှ နှစ်သောင်းရမယ်ဗျာ။ ဝင်ငွေ ဘယ်လောက်ထိခိုက်လဲ၊ စဉ်းစားကြည့်ပါတော့။

“အစိုးရက ခုလိုချမှတ်ပေးလိုက်တဲ့ အတွက် ကောင်းတယ်လို့ မြင်ပါတယ်”
ဦးလှထွန်းအေး (ခရီးသွားပြည်သူ)

ကုန်တင်ယာဉ်တွေ စပိတ်တာကတော့ မနေ့ကညက ကိုးနာရီကျော်လောက်က စပိတ်တာ။ ဒီမနက်အထိပါပဲ။ လာတော့ ရှင်းပေးတယ်။ ရဲတွေရော၊ မော်တော်ပီကယ်တွေရော၊ ရဲကားတွေရော ညဘက်ကြီးလာတော့ လာကြတာပဲ။ ညဦးပိုင်း သုံးနာရီလောက်က ကုန်တင်ကားတွေ တစ်ချက်ရှင်းသွားတယ်။ အဲဒီအချိန်ကတည်းကစပြီး တာဝန်ရှိသူတွေလည်း ရှင်းပေးပါတယ်။ ကျွန်တော်တို့လည်း တက္ကစီကား မောင်းတာပဲ။ ခုလိုကွန်တိန်နာတွေကို ရှင်းပေးနိုင်မယ် ဆိုရင်တော့ ကောင်းတာပေါ့လေ။ ဒါပေမဲ့ ဒီအတိုင်း သွားမယ်ဆိုရင်တော့ ရှေ့လျှောက်မလွယ်ဘူး။ ခုလိုလုပ်ပေးလိုက်တဲ့ အတွက် နေ့ဘက်တွေမှာ ယာဉ်လမ်းကြောတွေ ဘုရင့်နောင်လောက် အထိတော့ ရှင်းသွားမယ်။ အရင်တုန်းကတည်းက ဒီလမ်းက ကားကြီးတွေလည်း သွားတယ်။ ကားလေးတွေလည်း သွားတယ်။ နေ့ခင်းပိုင်းဆို အဲဒီလောက်မကျပ်ဘူး။ ယာဉ်ကြောတွေ စကျပ်တာက ညနေပိုင်းနဲ့ ညပိုင်းပေါ့နော်။ ပြည်သူတစ်ယောက် အနေနဲ့ အစိုးရက ခုလိုချမှတ်ပေးလိုက်တဲ့ အတွက် ကောင်းတယ်လို့ မြင်ပါတယ်။ သီးသန့်ဖြစ်သွားတဲ့အတွက် သူတို့အနေနဲ့ လည်းကောင်း သွားတာပေါ့။ကုန်တင်ကားမောင်းသမားတွေ အတွက်ကတော့ အခက်အခဲတော့ ရှိမှာပေါ့။

“ဒီအတိုင်း ဆက်သွားနေရင် နေ့တိုင်းပိတ်နေမှာပဲ”
ဦးကျော်စိုးဦး (ကွန်တိန်နာ ယာဉ်မောင်း)

ကွန်တိန်နာယာဉ် မောင်းလာတာ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိပြီ။ ဒီလိုမျိုး လမ်းပိတ်လာတာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။ အခုက မောင်းရင်း မောင်းရင်းနဲ့ ခြောက်နာရီ ထိုးသွားတဲ့အခါ ခြောက်နာရီထိုးပြီးလို့ မောင်းနေတာ တွေ့ရင် ဖမ်းမယ်ဆိုတာ သိကြတော့ ဆက်မမောင်းရဲကြတော့တာ။ ဒီလိုမျိုး ကန့်သတ်လိုက်တာ အခေါက်ရေနဲ့ မောင်းတဲ့လူတွေဆို အဆင်မပြေဘူး။ လစာနဲ့ ပေးထားတဲ့သူတွေက နည်းနည်းခံသာတာပေါ့။ အခုကိစ္စက ဆန္ဒပြတာ လုံးဝမဟုတ်ဘူး။ မောင်းရင်းနဲ့ ဆက်မောင်းလို့မရတော့ စက်ရပ်ပြီး တချို့က အိမ်ပြန်၊ တချို့ကလည်း သူတို့ သွားချင်ရာ သွားကြတာပေါ့။ ဒီအတိုင်းဆက်သွားရင် နေ့တိုင်းပိတ်နေမှာပဲ။ ဘာလဲဆိုတော့ သတ်မှတ်ချိန်အတွင်းမှာ အကုန်လုံး စုပြုံထွက်ကြတာကိုး။ ကျွန်တော့်ကားဆိုရင် စက္ကူတွေ သယ်လာတာဗျ။ လှိုင်သာယာဘက်၊ ရွှေလင်ပန်းကို ပို့ရမှာ။ ဒီနေ့ရောက် မရောက် ဆိုတာကတော့ စောင့်ကြည့်မှရမယ်။

The Voice သတင်းအဖွဲ့