News

POST TYPE

INTERVIEW

မုံးကိုးမြို့မ ရဲစခန်းမှ တပ်ကြပ်ကြီး အောင်ဆင့်နှင့် တွေ့ဆုံခြင်း
09-Dec-2016
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအဝင် ကွတ်ခိုင်နှင့် မုံးကိုးမြို့တို့ကို မဟာမိတ် တပ်ပေါင်းစုက အကြမ်းဖက် တိုက်ခိုက်ခဲ့ရာတွင် မုံးကိုးမြို့ ရဲစခန်းကျခဲ့ပြီး စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးကာ လေးဦးကို အသက်ရှင်လျက် ပြန်တွေ့ခဲ့သည်။ ယင်းလေးဦးအနက်မှ တိုက်ပွဲအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သည့် မူဆယ်ခရိုင် မုံးကိုးမြို့မ ရဲစခန်းမှ တပ်ကြပ်ကြီး အောင်ဆင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အရင်ဆုံး မုံးကိုးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ပြောပြပေးပါ။  

AS : ကျွန်တော် ရဲဝန်ထမ်း ဖြစ်လာတာ နှစ်၂၀ ရှိပါပြီ။ ရာဇဝတ်သားကို ဖမ်းဆီးတာမျိုး လုံခြုံရေး လိုက်တာမျိုးပဲ လုပ်ခဲ့ရတာ။ အခုလို တိုက်ပွဲမျိုး ရင်ဆိုင်မတွေ့ကြုံဖူးပါဘူး။ တိုက်ပွဲစဖြစ်တဲ့နေ့ မနက်မလင်းခင် ၃ နာရီမှာ သေနတ်သံတွေ စကြားရတာပါပဲ။ သေနတ်သံတွေ ကြားတာနဲ့ ကျွန်တော်တို့စခန်းက တပ်ဖွဲ့ဝင်တွေ အားလုံး စခန်းမှာ အသင့်နေရာ ယူလိုက်ကြပါတယ်။ အဲဒီနေ့ကတော့ ရဲစခန်းကို လာမတိုက်သေးပါဘူး။ သို့ပေမယ့် မုံးကိုးမြို့ထဲမှာတော့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေပြီ။ မုံးကိုးမှာနေတဲ့ တရုတ်တွေကတော့ တရုတ်ပြည်ဘက်က မန်ဟိုင်းကို သွားကြတယ်။ မုံးကိုးနဲ့ နီးတာကိုး။ နောက်နေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအသင့် ရှိနေဖို့နဲ့ မိသားစုတွေကို မူဆယ်မှာ ပြောင်းလာနေဖို့ အထက်အဆင့်ဆင့်က မှာကြားတာနဲ့ မိသားစုတွေ မူဆယ်ကို သွားနေကြပါတယ်။  

Voice : မုံးကိုးရဲစခန်း တိုက်ခိုက်ခံရတဲ့နေ့က အကြောင်းကို ပြောပြပေးပါရှင့်။  

AS : နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ မုံးကိုးမြို့ကို မုံးကိုးမြို့ ရပ်ကွက် ၃ မှာရှိတဲ့ တပ်စခန်းတွေကို လာပစ်တယ်။ ည ၁၀ နာရီ ၂၀ မိနစ်မှာ ရပ်ကွက် ၂ ဘောလုံးကွင်းနားကနေ လက်နက်ကြီးတွေနဲ့ လာပစ်တာ ဗျူဟာဘက်ကို လှမ်းပစ်တာ။ နောက်တော့ လေတပ်အကူတွေ ရောက်လာပြီး ပစ်ပေးလို့ သောင်းကျန်းသူတွေ ဆုတ်သွားပြန်တယ်။ နောက်နေ့တွေမှာလည်း လာတိုက်ခိုက်ပြန်တယ်။ မုံးကိုးရဲစခန်းကို လာတိုက်တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ သောင်းကျန်းသူဟာ မုံးကိုးမြို့ထဲ ဝင်လာပြီး မုံးကိုးမြို့ထဲကို ပစ်ခတ်တိုက်ခိုက်တယ်။ ရဲစခန်းကို အင်အား ၁၅၀ ကျော် လောက် တက်လာတယ်။ ကျွန်တော်တို့က လူခွဲပြီး နေရာယူလိုက်တယ်။ ပစ်ခတ်တာတွေ အရမ်းများလာပြီး ဆူညံနေတယ်။ ကျွန်တော်လည်း ပြန်ပြီး ပစ်တယ်။ ဒါပေမဲ့ သူတို့က အင်အား အရမ်းများနေတာနဲ့ စခန်းအနောက်ဘက် တောတန်းထဲမှာ သွားပုန်းနေလိုက်တယ်။ သူတို့ ရဲစခန်းထဲ ရောက်လာတော့ တွေ့တာမြင်တာကို အကုန်ပစ်တယ်။ အားလုံး ဖျက်ဆီးခံရတယ်။ ကျွန်တော် ပုန်းတဲ့နေရာက ချုံတောလေး ဖြစ်နေတော့ အလွယ်တကူ မမြင်ဘူး။ သေနတ်နဲ့သာ ပစ်မယ်ဆိုရင်တော့ ထိမှာပါပဲ။ သူတို့က စခန်းထဲဝင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ရှာတယ်။ အိမ်ထောင်သည် လိုင်းဘက် သွားရှာပြီး ပစ်ခတ်တာ ကြားရပါတယ်။ အခြေအနေကတော့ ရှုပ်ထွေးသွားပြီး သေနတ်သံကလွဲရင် ဘာသံမှ မကြားရဘူး။ လေကြောင်းကလည်း လာကူပြီး ပစ်ပေးတယ်။ အဲဒီညက ကျွန်တော်လည်း ချုံထဲက မထွက်ရဲတော့ပါဘူး ထမင်းလည်း မစားခဲ့ရပါဘူး။

Voice : အခုလို ရဲစခန်း အနောက်ဘက်က ချုံတောထဲမှာ ပုန်းနေရတာ ဆိုတော့ ဆရာကြီး ဘယ်လိုများ နေထိုင်စားသောက်ခဲ့ရပါသလဲရှင့်။

AS : ချုံတောထဲ ပုန်းနေရတာလေ ဝတ်ထားတဲ့ အဝတ်ကလွဲရင် ဘာမှမပါဘူး။ ရာသီဥတုကလည်း အေးလိုက်တာလွန်ရော မိုးလင်းခါနီးလေ နှင်းတွေကျလာလေပေါ့။ ချုံထဲကနေ အပြင်လည်း မထွက်ရဲတော့ ချမ်းတာရော၊ ငတ်တာရော ခံနေရတာပေါ့။ သောက်စရာ ရေလည်း မရှိပါဘူး။ အပြင်လည်း မထွက်ရဲတော့ ဒီအတိုင်း နေခဲ့ရတယ်။ အသက်ရှင်လိုက်ရတာကိုပဲ ဝမ်းသာလှပါပြီ။

Voice : နောက်နေ့တွေမှာရော ဆရာကြီး ဘယ်လိုများ ရင်ဆိုင်ခဲ့ရပါသေးလဲရှင့်။

AS : နောက်နေ့မှာလည်း သောင်းကျန်းသူတွေ အုပ်လိုက်ကြီး ရဲစခန်းထဲ ဝင်လာပါတယ်။ အိမ်ထောင်သည် လိုင်းတွေဘက်မှာ လိုက်ရှာကြပါတယ်။ ဘာမှမတွေ့တော့ ပြန်သွားကြပါတယ်။ မုံးကိုးမြို့ထဲမှာတော့ သေနတ်သံတွေ အပြည့်ကြားနေရတာပါပဲ။ သူတို့ပြန်လာမလားဆိုပြီး ချုံထဲကနေ မထွက်ဘဲ ငြိမ်နေလိုက်ပါတယ်။ အသံတွေကိုပဲ နားစွင့်နေရပါတယ်။ လေကြောင်းတပ်တွေက ပျံဝဲပြီး ပစ်နေတာ မြင်နေရပါတယ်။ ယမ်းနံ့တွေနဲ့ ယမ်းခိုးတွေပဲ မြင်နေရတာပါ။ တခြားတပ်ဖွဲ့ဝင်တွေကိုလည်း စိတ်ပူမိတယ်။ ဘာတွေဖြစ်နေကြပြီလဲပေါ့။ ကျွန်တော် ရှာချင်တယ်။ ဒါပေမဲ့ အပြင်မထွက်ရဲဘူး။ သောင်းကျန်းသူနဲ့ တည့်တည့်တိုးရင် ဝိုင်းပစ်ကြမှာလေ။

Voice : ဟုတ်ကဲ့ ဘယ်နေ့မှာ ဘယ်လိုများ ပုန်းနေတဲ့နေရာက ထွက်လာနိုင်ပါသလဲရှင့်။

AS : ရဲစခန်းနောက်ဘက် တောတန်းထဲက ချုံထဲမှာ ၂ ညအိပ်ခဲ့ရတယ်။ ၄ ရက်နေ့ မနက်မှာ မုံးကိုးမြို့ထဲကို တပ်မတော် လေယာဉ်တစ်စီးက အနိမ့်ပျံလာပြီး ပစ်လိုက်တယ်။ မြို့ထဲက အဆောက်အအုံတစ်ခု ဝုန်းခနဲ ပေါက်ကွဲသံ အကျယ်ကြီး ကြားရတယ်။ မီးတွေလောင်လို့ မီးခိုးတွေ တက်လာတာကို ပုန်းနေတဲ့ နေရာက မြင်ရတယ်လေ။ ညနေပိုင်းမှာတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ နောက်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်မှာတော့ ပစ်ခတ်သံ မကြားရတော့ ကျွန်တော် စခန်းရှိရာကို သွားခဲ့တယ်။ စခန်းထဲမှာ ပစ်ခတ်ရာနဲ့ အပျက်အစီးတွေ ဖြစ်နေပြီ။ ခဏအကြာမှာတော့ တပ်ကြပ် တိုးတိုးဦးလည်း စခန်းထဲ ရောက်လာတယ်။ ဒါနဲ့ ကျွန်တော်နဲ့ တိုးတိုးဦးတို့ ၂ ယောက် စခန်းထဲမှာပဲ နေလိုက်တယ်။ သောင်းကျန်းသူတွေ ထပ်လာရင်လည်း ပစ်ပြီးခုခံမှာ အသေခံ ပြန်တိုက်လိုက်ရုံပါပဲ။ ညနေပိုင်းမှာတော့ တပ်မတော် စစ်ကြောင်းတွေ ရောက်လာပြီး ကျွန်တော်တို့ကိုခေါ်ပြီး မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ပို့ပေးပါတယ်။

Voice : ဟုတ်ကဲ့။ ဆရာကြီး မိသားစု အကြောင်းလေးနဲ့ ပတ်သက်ပြီး ပြောပြပါဦးရှင့်။

AS : မိသားစုကို မူဆယ်ခရိုင် တပ်ဖွဲ့မှူးရုံးမှာ စောင့်ရှောက်ထားပါတယ်။ သားသမီး သုံးယောက် ရှိပါတယ်။ အကြီးဆုံးက အခု ၇ တန်း၊ ၅ တန်း၊ ၃ တန်း ကျောင်းနေပါတယ်။ ဇနီးကတော့ အပြင်အလုပ် မလုပ်ပါဘူး။ မုံးကိုးရဲစခန်းထဲက အိမ်မှာတော့ ဘာပစ္စည်းမှ မရှိတော့ဘဲ ခိုးသွားကြပါပြီ။ ဖျက်ဆီးခဲ့ကြပါတယ်။ မိသားစုအားလုံး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးခဲ့ကြရတာပါ။ 

Voice : ဆရာကြီး ယနေ့ တပ်ဆင်ထားတဲ့ ရာထူး၊ အမှတ်အသားက ရဲအရာခံအဆင့် အမှတ်အသား ဆိုတော့ ဘယ်နေ့က ရာထူးတိုးသွားတာပါလဲရှင့်။

AS : ဟုတ်ပါတယ်။ ကျွန်တော် တိုက်ပွဲဖြစ်တဲ့ အချိန်က ရဲတပ်ကြပ်ကြီးပါ။ ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က တစ်ဆင့်မြင့် ရာထူးတိုးပေးလိုက်တာမို့ ဒီနေ့မနက်ပိုင်းက ရဲချုပ်နဲ့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့ ဒုတိယတပ်ဖွဲ့မှူးတို့က ရာထူးအမှတ်အသား ချီးမြှင့်ပြီး တပ်ဆင်ပေးလိုက်တာပါ။

Voice : အခုလို ဆရာကြီးကို ရာထူးတိုးပေးလိုက်ပြီး ဂုဏ်ပြုတော့ ဆရာကြီးအနေနဲ့ ဘယ်လိုခံစားရပါသလဲရှင့်။ ဒါနဲ့ဆက်ပြီး မုံးကိုးရဲစခန်းမှာ တာဝန်ထမ်းဆောင်ဦးမှာလား။ ခုနက ရဲချုပ်ကြီးက ဆရာကြီးတို့ကို ပြောသွားတာ ကြားလိုက်ပါတယ်။ ဘယ်ပြောင်းချင်သလဲ ပြောင်းပေးမယ်ဆိုတော့ ဆရာကြီးရဲ့ သဘောကို ပြောပြပါဦးရှင့်။ 

AS : အခုလို ရာထူးတိုးပေးတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ရဲတပ်ကြပ်ကြီးကနေ ရဲအရာခံဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ စာမေးပွဲ ဖြေမှရတာမျိုးပါ။ လွတ်လပ်ရေးနေ့မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ငံတော်က သူရဲကောင်းဆုလိုမျိုး ဆုတွေ ထပ်ချီးမြှင့်ဦးမှာပါ။ ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့မှာလည်း ဆုထူး၊ ဂုဏ်ထူးတွေ ပေးလေ့ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဆုတွေလိုချင်လို့ ပြန်တိုက်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်ကို ကျူးကျော်လာတဲ့ သောင်းကျန်းသူ ဘယ်သူပဲဖြစ်ဖြစ် အသက်သေတဲ့အထိ ပြန်တိုက်မှာပါပဲ။ ကျွန်တော့်ကို မုံးကိုးမှာ ပြန်ပြီး တာဝန်ချထားရင်လည်း မငြင်းပါဘူးပြန်ပြီး တာဝန်ထမ်းဆောင်ဦးမယ်။ ပင်စင်ယူဖို့ နောက်ထပ် ၁၀ နှစ် လိုသေးတယ်။ ဒါပေမဲ့ မိသားစု အတွက်တော့ ကလေးတွေ ပညာသင်ဖို့ရယ် မိဘတွေနဲ့အတူ ပြန်နေချင်လို့ ရန်ကုန်ကို ပြောင်းချင်ပါတယ်။ အဲဒီအတွက် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးထံကို ဆန္ဒပြုထားပါတယ်။ ဒါကလည်း ကိုယ့်သဘောနဲ့ ကိုယ်တောင်းတ ာမဟုတ်ပါဘူး။ ရဲချုပ်ကြီးက ဘယ်ပြောင်းချင်လဲ ပြောင်းပေးမယ်ဆိုလို့ပါ။ ကျွန်တော့်သဘော ဆိုရင်တော့ စေလိုရာ စေပါပဲ။    

 မမ