News

POST TYPE

INTERVIEW

အခွန်အကောက်ဥပဒေကြမ်းနှင့် ပတ်သက်သည့် အမြင်များ
21-Jul-2020
ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၂၀ ပြည့်နှစ်အတွက် တင်သွင်းထားသည့် အခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ဖြေလျှော့မှုများပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခင်နှုန်းထားအတိုင်း အခွန်များဆက်လက်ကောက်ခံမည့်အချက်များ ပါဝင်ခဲ့သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများရှိခဲ့ကာ ယင်းအခွန်နှုန်းထားကောက်ခံမှုအပေါ် လုပ်ငန်းရှင်များအနေနှင့် ဝေဖန်မှုများရှိနေပြီး ယင်းအခွန်ဥပဒေအပေါ် စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်များကို စုစည်းတင်ပြလိုက်သည်။



ဒေါက်တာစိုးထွန်း (မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း)

လူတွေက မျှော်လင့်တာတော့ အခွန်နဲ့ပတ်သက်လာရင် ဆက်ပြီး သက်သာခွင့်ပေးမယ်လို့ မျှော်လင့်ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ ဝင်ငွေရလမ်း ဖော်ပြတာနည်းတာကိုး။ အခွန်ပေးဆောင်တာ နည်းတယ်။ ကားဝယ်တဲ့နေရာမှာ အိမ်ဝယ်တဲ့နေရာမှာ အခွန်ပေးဆောင်မှုများရင် လူတွေက နာမည်မပြောင်း ချင်ကြဘူး။ အဲဒီပုံစံမျိုးဖြစ်နေတယ်။ အခွန်အခဥပဒေအနေနဲ့ သက်သာခွင့်ကို ပြန်လည်ပြင်ဆင်မယ်ဆိုရင်တော့ လူတွေအနေနဲ့ မျှော်လင့်တာလေးကတော့ တစ်မျိုး တော့ဖြစ်နေမယ်။ အစိုးရအနေနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ဖြေလျှော့ခွင့်ပေးတဲ့နေရာမှာ အခွန်အခဥပဒေမှာလည်း သက်သာခွင့်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ မြင်ပါတယ်။



ဦးရှိန်ဝင်း (မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ)

စီမံ/ဘဏ္ဍာစက်မှုဝန်ကြီးဌာနကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာတော့ အခွန်နှုန်းနဲ့ ပတ်သက်ပြီး ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါတယ်။ သူတို့ကလည်း တစ်နှစ်ပဲလို့ပြောခဲ့ပါတယ်။ စီမံ/ဘဏ္ဍာ အနေနဲ့ကလည်း တစ်နှစ်ပဲပြောတဲ့အတွက်ကြောင့် သူ့တာဝန်အရ ပြောရမယ့်ဝတ္တရား သူ့မှာရှိတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ပြန်ကြည့်တော့ တစ်နှစ်က ပထမသုံးလမှာ လူတွေက ကောင်းကောင်းမွန်မွန် အထိုက်အလျောက်လုပ်နိုင်တယ်။ ဆောင်လည်း ဆောင်ခဲ့ကြတယ်။ ဒုတိယသုံးလလည်း ဆောင်နိုင်ခဲ့တယ်။ တတိယသုံးလပတ်မှာ ကိုဗစ်ဖြစ်တော့ အလုပ်ရုံ၊ စက်ရုံတွေအားလုံး ပိတ်ထားရတယ်။ ကုမ္ပဏီတွေလည်း ပိတ်ထားရတယ်။ တချို့ဆို လေးလလောက် ပိတ်ထားရတယ်။ အခွန်နှုန်းတွေ စီမံ/ဘဏ္ဍာစက်မှုက လျှော့ ပေမယ့်လည်း ကျွန်တော်တို့ အပြည့်အဝ မခံစားနိုင်ရဘူး။ ဒီ ၃၁ ရက်မှာလည်း ဆက်လက်သက်တမ်းတိုး လိုက်ပြီဆိုရင် နောက်ဘယ်နှလဖြစ်လာဦးမလဲ မသိဘူး။ နောက် ကိုဗစ်ကာလမှာ လေးလကတော့ လျှော့ပေါ့တာနဲ့ပတ်သက်ပြီး မခံစားရဘူး။ ကိုဗစ်ကာလ အချိန်အခါမှာ အခွန်နှုန်းတွေက တိုးကောက်ခံရမယ့် အနေအထားတော့မဟုတ်ဘူး။ အခွန်နှုန်းတွေ တတ်နိုင်သမျှ လျှော့ချပြီး ကောက်ခံရမယ်လို့ မြင်ပါတယ်။ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ အတိုင်ပင်ခံနဲ့ ဟိုနေ့က ဆွေးနွေးတဲ့အခန်းကဏ္ဍမှာလည်း ဆောက်လုပ်ပြီးတဲ့ ဆောက်လုပ်ဆဲတိုက်ခန်းတွေက အခန်းတစ်သောင်းခွဲလောက်ရှိတယ်။ နိုင်ငံခြားသားရောင်းတဲ့နေရာမှာလည်း ၁ ဒသမ ၁ ဘီလီယံပေါ်ထွက်လာ နိုင်သလို နိုင်ငံသားတွေအတွက် ရောင်းတဲ့အခန်းကလည်း ၂၅၂ ဘီလီယံလောက် ပေါ်ထွက်လာရင် မြန်မာစီးပွားရေးလည်ပတ်အားမှာ ဒီငွေတွေက လည်ပတ်နိုင်ပါတယ်။ ကိုဗစ်လေးလမှာလည်း ဘယ်သူမှ လာမဝယ်နိုင်ကြဘူး။ ငွေလည်ပတ်မှုအားမှာလည်း ထိခိုက်ပါတယ်။ ဖြစ်စေချင်ကတော့ ကုမ္ပဏီ ၁၀ ခုမှာ ၉ ခုလောက်ထိခိုက်သွားတဲ့အတွက် ၂၀၂၀-၂၀၂၁ သက် တမ်းတစ်နှစ် တိုးပေးသင့်တယ်လို့ မြင်ပါတယ်။



ဦးကိုကိုလတ် (မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း)

အဓိကကတော့ အခွန်ကတော့ တိုင်းပြည်တစ်ခု မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ကြားတာကတော့ ၉ လပိုင်းအကုန်မှာ Tax Extension ထပ်တိုးမယ့်အစီအစဉ် မပါဘူးလို့ သိရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ အဓိက ကျွန်တော်တို့က အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီထောင်ပြီး အလုပ်လုပ်တာဖြစ်တယ်။ အားလုံးက ဆက်စပ်နေတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တော်တော်များများက အရောင်းအဝယ် အလုပ်လုပ်ချင်ပေမယ့် အခွန်ကိုကြောက်ရတယ်။ ဘာလို့လဲဆိုတော့ ကုန်ပစ္စည်းအရင်းကလည်း ရှိသေး တယ်။ မြေကွက်ဆိုလည်း မြေကွက်အရင်းရှိတယ်။အဲဒီအပေါ်မှာ အခွန် Plus လုပ်လိုက်ရင် အမှန်တကယ်စားသုံးတဲ့ Customer တွေအတွက်က ပိုပြီးတော့ ဈေးများသွားနိုင်တယ်။ ဈေးများသွားရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဘယ်လိုမှ မလာနိုင်တော့ဘူး။ တကယ်တော့ ပြည်ပကို ဖိတ်ခေါ်ချင်ပေမယ့် အခွန်နှုန်းထား ၃ ရာခိုင်နှုန်းကို တစ်ဝက်လောက် လျှော့ချ လိုက်ရင် ပြည်တွင်းကသူတွေပဲဖြစ်ဖြစ်၊ ပြည်ပကရင်း နှီးမြှုပ်နှံသူတွေပဲဖြစ်ဖြစ် ဒီအစိုးရက ငါတို့ကို လုပ်နိုင်တာလေး လုပ်ပေးကြတာပဲဆိုပြီး အကုန်လုံးဝင်ချလာ လို့ရှိရင် ကမ္ဘာ့အလယ်မှာ မြန်မာက အခွန်သက်သာ တာမို့လို့ အကြိမ်ရေနဲ့စားရင် တိုင်းပြည်နဲ့အခွန်ရမယ်။ ပြည်သူလူထုလည်း အလုပ်တွေရရှိလာမယ်။ အခွန်က အဓိကကဏ္ဍမှာပါဝင်လို့ ဆွေးနွေးချင်ပါတယ်။ ကုမ္ပဏီအကြီး ဆောက်လုပ်ရေးသမားတွေကလည်း ဘဏ်တွေနဲ့ ချိတ်ဆက်တော့ ဘဏ်တွေလည်း အတိုးနှုန်း တွေရရှိလာမယ်။ စီးပွားရေးက အခုပြန်လည်ပတ် နေပေမယ့် ရောင်းဝယ်ရေး ကုန်ပစ္စည်းပေါ်မှာ ပြန်လည်စဉ်းစားပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ ပြီးတော့ အခွန်တွေလျှော့ပေးမယ်ဆိုရင် အရောင်းအဝယ်တွေ အများကြီး ဖြစ်လာနိုင်တယ်။ အခု ကိုဗစ်ကလည်း မပြီးသေးတော့ မြန်မာပြည် အခွန်ဘာလို့မလျှော့ချနိုင်တာလဲ။ တကယ်လို့ အခွန်လျှော့ချပေးမယ်ဆိုရင် မြန်မာပြည်စီးပွားရေး လည်ပတ်မှုမြန်ဆန်ပြီးတော့ အရောင်းအဝယ်တွေ တိုးတက်လာမယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်လာမယ်။ စက်မှုလုပ်ငန်းတွေ တိုးတက်လာမယ်။ အကုန်လုံးဆက်စပ်နေတဲ့အတွက် ကျွန်တော်ကတော့ အခွန်ကို လျှော့ချပေးဖို့ မေတ္တာရပ်ခံပါတယ်။



ဦးကျော်ခိုင် (ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း-ဒုတိယဥက္ကဋ္ဌ)

အခွန်ကလည်း ဒီတစ်နှစ်မှာ ကင်းလွတ်တာ မဟုတ်ဘူး။ နောက်ကို သုံးလရွှေ့ဆိုင်းပေးတာပဲရှိတယ်။ ကင်းလွတ်တာဆိုလို့ ဟိုတယ်လုပ်ငန်းက တစ်နှစ်စာ ပေးတဲ့အခွန်က နှစ်သိန်း၊ သုံးသိန်းပဲရှိတယ်။ ဒါကို တော့ ကင်းလွတ်ခွင့်ပေးတယ်။ ဟိုတယ်လုပ်ငန်းတွေဆိုလည်း တော်တော်ကို ချွတ်ခြုံကျ ဖြစ်နေပါတယ်။ ဒီ ၂၀၂၀ ဝင်ငွေခွန်က အခုဥပဒေကြမ်းရှိပါသေးတယ်။ စီးပွားရေးက COVID ကျော်ဖြတ်တဲ့ကာလမှာ ဟိုတယ်တွေအနေနဲ့ အခန်း ၁၀၀ ရှိတဲ့လူကလည်း ၄ ခန်းလောက်ပဲရှိတော့ ဒီကာလကို ဝန်ထမ်းစရိတ် ပေးဖို့ အနိုင်နိုင်ပါ။ စီးပွားရေးက တော်တော်ကျပ်တည်းတဲ့ကာလပါ။ နဂိုအတိုင်းပြန်ဖြစ်မယ်ဆိုရင် ပါဝါနဲ့ပဲ ကိုင်ထားကြဖို့ အရောင်းအဝယ်အနေနဲ့ အမည်ပြောင်း မလုပ်တော့ဘူးဆိုရင် နိုင်ငံတော်အနေနဲ့ အခွန်မရဖို့ပဲ ရှိမယ်။ လူတွေက စားဝတ်နေရေးကျပ်တည်းလာတော့ ရှိစုမဲ့စုတွေ ရောင်းလာကြတယ်။ အရောင်းအဝယ်တွေ ကို နိုင်ငံတော်အနေနဲ့ အခွန်အများကြီးရဖို့ဆိုရင် ပထမလိုပဲ ကိုဗစ်ကာလဖြစ်တဲ့အတွက် စီးပွားရေး မကောင်းကြလို့ ဒီနှစ်ကိုတော့ ပြည်သူပြည်သားများ ထံမှ အခွန်ကို သိပ်မမျှော်လင့်ဘဲ မနှစ်ကအတိုင်းထား ပေးနိုင်မယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ပြည်သူပြည်သားများကို စောင့်ရှောက်ခြင်းတစ်မျိုးပါပဲလို့ ပြောချင်ပါတယ်။



ဦးကိုကိုထွေး (တော်ဝင်ကုမ္ပဏီဥက္ကဋ္ဌ)

ကျွန်တော့်အနေနဲ့ပြောရရင် အခွန်အခဥပဒေကို လေ့လာကြည့်တော့ နှစ်စဉ်နှစ်တိုင်း တင်နေကျ ပုံစံအတိုင်း တင်လိုက်တယ်။ မနှစ်ကနဲ့ ဘာကွာလဲဆိုတော့ မနှစ်ကတော့ အခွန်နှုန်းထားတွေကို သက်သာ ခွင့်လုပ်ပေးထားတယ်။ အခုက အိမ်ခြံမြေအရောင်း အဝယ်တွေက အရမ်းအေးစက်နေတယ်။ အဲဒီအေးစက် နေတာတွေက တစ်ခုပြီးတစ်ခု ထိခိုက်တာ တွေ့ရတယ်။ ဆောက်လုပ်ရေးတွေ ထိခိုက်တယ်။ ဝယ်သူတွေလည်း နေချင်တဲ့အခါကျတော့ ဒီအခွန်ကို ဘယ်လိုကောက် မလဲဆိုတာ မူတည်ပြီးတော့ ကိုယ်ဝယ်ချင်တဲ့ဟာကို စုဆောင်းထားတဲ့ပိုက်ဆံနဲ့ ဝယ်ကြတယ်။ သို့သော် ခေတ်အဆက်ဆက်က ကိုယ့်ရှိတဲ့ပစ္စည်းလေးနဲ့ ရောင်း ကြဝယ်ကြ၊ ရှာလို့ဖွေလို့ရတာလေးနဲ့ နေစရာ လိုတော့ လိုအပ်တယ်။ အဲဒီလိုအပ်တဲ့သူတွေ ဝယ်ဖို့ကျတော့ ပြဿနာကဝယ်လို့ ဈေးကြီးတာကတစ်ခု၊ ဘာလို့ ဈေးကြီးတယ်လို့ ပြောလဲဆိုတော့ အိမ်ခြံမြေက ဈေးကြီး တာမဟုတ်ဘူး။ မဝယ်နိုင်လို့ ဈေးကြီးတာ။ ဘာလို့ မဝယ်နိုင်လဲဆိုတော့ စီးပွားရေး မကောင်းလို့ပေါ့။ နိုင်ငံတကာလို ကျွန်တော်တို့ စီးပွားရေးတွေကောင်းနေရင် နိုင်ငံခြားမှာလို ဝင်ငွေများတဲ့အခါကျရင် အိမ်ခြံမြေဟာ သူများနိုင်ငံထက် အများကြီးဈေးနည်းပါတယ်။ သို့သော်လည်း ကျွန်တော်တို့ဆီက ဝင်ငွေနည်းတဲ့ သူတွေအတွက်တော့ အင်မတန်ဈေးမြင့်နေတာပေါ့။ အဲဒီအပြင်ကို ဈေးမြှင့်ပြီးတော့ အခွန်ကောက်မယ်ဆိုရင် အခွန်ကလည်း ပြီးခဲ့တဲ့ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင် နှုန်းဆိုတော့ အဆင်ပြေတယ်။ အခုအဲဒီလျှော့ပေါ့မှုက စက်တင်ဘာအတွက်ပဲ ကန့်သတ်ထားတဲ့အတွက် စက်တင်ဘာကျော်တာနဲ့ ဒီကိစ္စတွေက ပြဿနာတွေ တက်လာနိုင်တယ်။ ဒီနှစ် ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး စီးပွားပျက်နေကြတယ်။ အဲဒီတော့ စီးပွားပျက်တာလည်း သိတယ်။ နိုင်ငံတကာမှာ အခွန်အကောက်တွေ လျှော့ပြီးတော့ လူတွေကို ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို စားဝတ်နေရေးပြေလည်အောင် ထောက်ပံ့ကြတယ်။ နောက်တစ်ခုက အခွန်ဆိုတာက အစိုးရနဲ့ပြည်သူ ကြားမှာ ဆက်ဆံရေးပဲ။ အစိုးရက အခွန်တိုးကောက် ရင် ပြည်သူကနာတယ်။ အခွန်လျှော့ရင် အစိုးရ ရပ်တည် လို့မရရင်လည်း အစိုးရနာတယ်။ အစိုးရနဲ့ ပြည်သူ အပေးအယူတည့်အောင် မျှအောင် ပြည်သူအလုပ်ကောင်းနေတယ်၊ အစိုးရက အခွန်အကောက်များများရမယ်။ ပြည်သူအလုပ်မကောင်းဘူး၊ အစိုးရ အခွန်လျှော့ရမယ်။ ဒါက ဘယ်လိုမှ ရှောင်လွဲလို့မရတဲ့ သီအိုရီပဲ။ ဒီဘက်ကျနေတဲ့ဟာကို မင်းတို့လည်း အဆင်ပြေအောင် ဘာတွေလုပ်ရင်တက်မယ်။ ဒီလိုတစ်ဖက်က စီးပွားရေးတက်အောင်လုပ်မှ နိုင်ငံတော်က အခွန်ရမယ်။ စီးပွားရေကျနေတဲ့အချိန်မှာ အရင်အတိုင်းပဲ ကောက်မယ်ဆိုရင် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ မြင်ပါတယ်။

သက်သျှိုင်းသူ