News

POST TYPE

INTERVIEW

အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်မှုအပေါ် အမြင်များ
08-Dec-2016
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် အရေးပေါ် အစည်းအဝေး ဒုတိယနေ့၌ လားရှိုးမြို့ အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူက KIA၊ MNDAA၊ TNLA လက်နက်ကိုင်အဖွဲ့များ၏ အပြစ်မဲ့ ပြည်သူများအပေါ် ဆောင်ရွက်ချက်များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သင့်ကြောင်း အရေးကြီးအဆို တင်သွင်းခဲ့သည်။ ယင်းအဆို မဲခွဲဆုံးဖြတ်ရာ လွှတ်တော် တက်ရောက်သော ကိုယ်စားလှယ်အရေအတွက် ၁၁၅ ဦးအနက်  ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေ ခုနစ်မဲဖြင့် ပြည်နယ်လွှတ်တော်က အဆိုကို အတည်ပြုလိုက်သည်။ ယင်းသို့ လုပ်ဆောင်မှုအပေါ် မတူညီသည့် ရှုထောင့်များမှ သုံးသပ်ချက်များကို စာဖတ်သူများ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။

“စစ်ကို မစဘဲ ငြိမ်းချမ်းရေးလမ်းကြောင်း အတိုင်းသွားတာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်”
စိုင်းကျော်ညွှန့် (UPDJC ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ- အတွင်းရေးမှူး)

ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အချိန်မှာ အပြုသဘောဆောင်တဲ့ စကားလုံးတွေက ပိုပြီး အဆင်ပြေတယ်။ အခုလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ခေါ်လိုက်ခြင်းအားဖြင့် ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာနိုင်လဲပေါ့။ ဘယ်ဘက်ကပဲ တိုက်ပွဲကို စသည်ဖြစ်စေ စစ်နဲ့စတဲ့အတွက် မကောင်းဘူး။ ကျွန်တော်တို့နိုင်ငံမှာ စစ်တိုက်ပြီးတော့ ဖြေရှင်းနေတာ အဖြေမရဘူးဆိုတာ အားလုံးသိကြပြီး ဖြစ်တယ်။ ပိုပြီးတော့ ဖြစ်သင့်တာက နှစ်ဖက်လုံး အစိုးရဘက်က ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင်ဘက်က ဖြစ်စေ စစ်ကိုမစဘဲ ငြိမ်းချမ်းရေး လမ်းကြောင်းအတိုင်း သွားတာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်။  

“မြန်မာတပ်မတော်က သူ့မှာ လုပ်ကိုင်ခွင့် ရှိတာတွေကို အပြည့်အဝသုံးပြီး လုပ်တယ်လို့ မြင်ပါတယ်”
ဗိုလ်မှူး မိုင်းအိုက်ကျော် (မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ)

ကျွန်တော်တို့ကတော့ လုပ်စရာရှိတဲ့ တော်လှန်ရေး အလုပ်တွေ ဆက်လုပ်မယ်။ ပုံမှန်လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ ကျွန်တော်တို့ ဦးတည်ချက်၊ ရည်မှန်းချက် မရောက်မချင်း အဖွဲ့အစည်း လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်သွားမယ်။ အခု ပြည်နယ်လွှတ်တော်က အတည်ပြုတဲ့အဆိုက မြန်မာတပ်မတော်က  သူတို့လုပ်စရာ ရှိတာ လုပ်ဆောင်သွားတယ်လို့ မြင်တယ်။ မြန်မာတပ်မတော်က သူ့မှာ လုပ်ကိုင်ခွင့် ရှိတာတွေကို အပြည့်အဝသုံးပြီး လုပ်တယ်လို့ မြင်ပါတယ်။ ဒါက ငြိမ်းချမ်းရေးဆီ ဘယ်လောက်ထိ ဦးတည်နိုင်မှာလဲ၊ သွေဖည်နိုင်လား ဆိုတာတွေက စောင့်ကြည့်ရမှာ ဖြစ်တယ်။ အားလုံးက စောင့်ကြည့်ဖို့ လိုတယ်။ အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တော့ မြန်မာတပ်မတော်က ဘယ်လောက်ထိ ထိုးစစ်တွေ ဆင်သွားမှာလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမယ်။

ကျွန်တော်တို့ လူထုကိုတော့ ကျွန်တော်တို့က အမြဲတမ်း ရှင်းပြပါတယ်။ လူထုတွေကလည်း နားလည်ပါတယ်။ ကိုယ့်လူထုကို ကိုယ်စားပြုပြီး နိုင်ငံရေး ရပိုင်ခွင့်တွေ၊ တန်းတူညီမျှမှုတွေ ရရှိအောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ကျွန်တော်တို့က လူထုကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေ မလုပ်ဘူး။ လူထုတောင်းဆိုချက်တွေကို ဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ KIA ပဲ ဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ်၊ ရခိုင်တွေပဲဖြစ်ဖြစ် လူထုထောက်ခံမှု အပြည့်အဝနဲ့ရှိလို့ အခုလို ရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်။ မြန်မာတပ်မတော်က ကျွန်တော်တို့ကို အကြမ်းဖက်သမားလို့ ကြေညာတဲ့အခါ ကျွန်တော်တို့ လူထုကို ချပြရှင်းလင်းဖို့ ရှိတာတွေ ရှင်းလင်းမယ်။ လူထုတွေ ဝေဝါးသွားခြင်း မရှိအောင်၊ စိတ်မပူအောင် ရှင်းပြရမည့် အလုပ်တစ်ခု ပိုလာတာပေါ့။

“ငြိမ်းချမ်းရေးအတွက် ဆိုရင် ဘယ်လိုအခြေအနေဖြစ်ဖြစ် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်”
ပဒိုစောကွယ်ထူးဝင်း (KNU ကရင်အမျိုးသား အစည်းအရုံး-ပြောရေးဆိုခွင့်ရှိသူ)

ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့အခါ တစ်စုံတစ်ခုထိတော့ သက်ရောက်မှု ရှိနိုင်တယ်။  ကျွန်တော်တို့ အတွေ့အကြုံအရ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက် လက်မှတ်မထိုးခင် အချိန်ထိ ကျွန်တော်တို့ကို မတရားအသင်းအဖွဲ့တစ်ခု အနေနဲ့ ရှိခဲ့တယ်။ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) အပါအဝင် အခြားအဖွဲ့တွေလည်း သတ်မှတ်ခြင်း ခံရတယ်။ သတ်မှတ်ထားသော်လည်း တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းက ရပ်ဆိုင်းသွားခြင်း မရှိနိုင်ဘူး။ ကျွန်တော်တို့ လက်မှတ်ထိုးပြီး နောက်ပိုင်းမှာလည်း မတရားအသင်းမှ ပယ်ဖျက်တယ်။ ပြည်နယ်လွှတ်တော်မှာ သတ်မှတ်သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်မှုကတော့ ကျွန်တော်တို့ အတွေ့အကြုံအရ ဆက်လက်တွေ့ဆုံပြီး ဖြေရှင်းနိုင်တဲ့အထိ လုပ်နိုင်တဲ့ အတိုင်းအတာ ရှိပါတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးအတွက် ဆိုရင် ဘယ်လိုအခြေအနေဖြစ်ဖြစ် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

“အခုဖြစ်စဉ်က နိုင်ငံရေးကစားကွက် တစ်ခုပါ”
ဦးခိုင်ညီညီဇော် (NLD ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

ပြည်နယ်လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ အထမြောက်တယ်လို့ ပြောလို့ရတယ်။ သို့သော် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေရဲ့ ဆုံးဖြတ်ချက်တွေက ပြည်ထောင်စုအဆင့်ကို ကျော်လို့မရနိုင်တဲ့အတွက် ထူးထူးခြားခြားတော့ ဂယက်ရိုက်ခတ်မှုတော့ မရှိနိုင်ပါဘူး။ လက်ရှိလုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုတော့ အနည်းငယ်  နှောင့်နှေးတာတွေ ဖြစ်ပေါ်လာနိုင်တယ်။

အခုဖြစ်စဉ်က နိုင်ငံရေးကစားကွက် တစ်ခုပါ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက်ကို ဦးစားပေးပြီး ဆောင်ရွက်နေကြတဲ့ အချိန်တစ်ခု ဖြစ်တော့ ဘာကိုမှ တစ်ဖက်နဲ့တစ်ဖက် အမြင်ကွဲလွဲမှုတွေ မဖြစ်စေချင်ဘူး။ လွှတ်တော်မှာပဲ မှတ်တမ်းတင်သင့်တယ်လို့ ဆွေးနွေးခဲ့တယ်။ အခုက မဲခွဲဆုံးဖြတ်လိုက်ခြင်းကြောင့် လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ အတည်လို့ ပြောလို့ရတယ်။ သို့သော်လည်း အဆိုတင်သွင်းသူတွေရဲ့ အကြမ်းဖက်အဖွဲ့အဖြစ် တင်သွင်းလိုက်တာ  သူတို့ရဲ့ ရည်ရွယ်ချက် ကြီးကြီးမားမား မရှိနိုင်ဘူး။ ကစားကွက်တစ်ခုကို ပုံဖော်ချင်တဲ့အတွက် အခုလို အဆိုတင်သွင်းလာတယ်လို့ ယူဆတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီးမှ အမြစ်ပြတ် ချေမှုန်းရမယ်လို့ ပြဋ္ဌာန်းထားတာ မရှိဘူး။ ဖွဲ့စည်းပုံမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတယ်ဆိုရင် မည်သည့်အဖွဲ့ကိုမဆို ဦးဆောင်ပြီး ဖြေရှင်းပေးရမယ်လို့ ဥပဒေက အခွင့်အာဏာ ပေးထားပြီး ဖြစ်တဲ့အတွက် အခုဝေါဟာရက အပိုစကားလုံးတစ်ခု ဖြစ်တယ်။

ကျော်စိုးဦး