News

POST TYPE

INTERVIEW

"၆၆(ဃ)နဲ့ ဒီလိုပဲဆက်သွားမယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုမှမလုံခြုံဘူး" ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
07-Dec-2016
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်က ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည်။ ယင်းဆက်သွယ်ရေးဥပဒေတွင် ဆက်သွယ်ရေးလုပ်ငန်း တည်ထောင် လုပ်ကိုင်သူနှင့် အသုံးပြုသူတို့ကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်ဟု ဖော်ပြထားသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ယင်းဥပဒေပါ ပုဒ်မ ၆၆(ဃ)ကို အလွဲအသုံးပြုသည်ဟု ယူဆနိုင်ဖွယ်ဖြစ်သည့် ပြည်သူအချင်းချင်း မကျေလည်မှု၊ မပြေလည်မှုများမှ ပေါ်ထွက်လာသည့် ကိစ္စရပ်များတွင် ဤဥပဒေပါပုဒ်မ ၆၆(ဃ)ကို အသုံးပြု၍ တရားစွဲဆိုခြင်းများလည်းရှိလာသည်။ အငြင်းပွားဖွယ် တိကျသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ မရှိသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပြန်လည်လေ့လာသုံးသပ်တဲ့ သုတေသနအစီအရင်ခံစာ ကို ဇန်နဝါရီလကုန်ပိုင်းလောက်မှာ တင်ဖို့လုပ်နေကြ တာတွေရှိတယ်။ အစ်ကို့အနေနဲ့ကျတော့ ဒီပုဒ်မအပေါ်မှာ ဘယ်လိုအမြင် ရှိသလဲဗျ။

UNPL : ဒီပုဒ်မကိုမပြောခင် ဥပဒေ ဖြစ်ပေါ်လာပုံကို ပြန်ဆန်းစစ်ရမှာပေါ့။ ဒီဥပဒေက တယ်လီကွန်း ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာဝင်ရောက်မြှုပ်နှံဖို့အတွက်က ဥပဒေက ရှိမနေဘူးဗျသိလား။ ရှိမနေတော့ အလောတကြီး ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ရတဲ့သဘော ဖြစ်သွားတယ်။ ဖြစ်သွားတော့လည်း အလောတကြီးလုပ်တဲ့ အခါကျတော့ ဘာဖြစ်လဲဆိုတော့ တော်တော်များများက အီလက်ထရောနစ် ဥပဒေပေါ့နော်။ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများကို နှိပ်ကွပ်ခဲ့တဲ့ အီလက်ထရောနစ် ဥပဒေကဟာတွေကို ပြန်ကူးယူထားတာတွေ များတယ်။ အဲ့ဒီတုန်းကလည်း ဆက်သွယ်ရေး ဥပဒေကို အတည်ပြုဖို့ဆိုတော့ ကျွန်တော်တို့တွေ လွှတ်တော်ထဲထိသွားပြီး ဆွေးနွေးတာတွေ ဘာတွေရှိတယ်။ ပြောချင်တာကတော့ ဒီဥပဒေပေါ်ပေါက်လာရခြင်း ရည်ရွယ်ချက်က တယ်လီကွန်း ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီးတော့ တယ်လီကွန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ချက်ပေါ့။ အဲ့ဒီရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ဒါပေမဲ့ ပြစ်မှု ပြစ်ဒဏ်ပိုင်းတွေကို အီလက်ထရောနစ်ဥပဒေကဟာတွေ ကူးချလိုက်တဲ့အခါကျတော့ သွားပြီးပြဿနာတက်တာ။ ဒီကောင်က End User လို့ခေါ်တဲ့ သာမန် ပြည်သူတွေ၊ တယ်လီကွန်းတွေရဲ့ ဝန်ဆောင်မှုတွေကို သုံးတဲ့ သာမန်ပြည်သူတွေအချင်းချင်းကြားထဲမှာ သွား ပြီးမသက်ရောက်သင့်ဘူး။ သူ့ရဲ့သဘောတရားကိုက တယ်လီကွန်းကုမ္ပဏီတွေရယ်၊ ပြည်သူတွေရယ်၊ တယ်လီကွန်းကုမ္ပဏီအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် တရားမျှတမှုရှိရှိနဲ့ ပြိုင်ဆိုင်နိုင်တဲ့ဈေးကွက်တစ်ခု ပေါ်လာဖို့ရယ်၊ ပြည်သူတွေကို ဝန်ဆောင်မှု ကောင်းကောင်း၊ ဈေးနှုန်းသက်သက်သာသာနဲ့ ပေး နိုင်ဖို့ရယ် အပေါ်မှာ စည်းကြပ်တဲ့ဥပဒေမျိုးပဲ ဖြစ်သင့် တယ်။ အဲ့ဒါမျိုးပဲ ဖြစ်သင့်တာကို ခုန End User တွေ အထိပါသွားပြီး သက်ရောက်တဲ့ ၆၆(ဃ) ဆိုတာကြီးက ပါလာတာ။ ဒါမျိုးတွေက မပါသင့်ဘူးဆိုတာကို တောက်လျှောက် ကျွန်တော်တို့ပြောတယ်။ ပြောတယ် ဆိုပေမယ့်လည်း မတတ်နိုင်ခဲ့ဘူး။ ပြစ်မှုပြစ်ဒဏ်တွေ က ကျွန်တော်တို့ သွားပြောလို့သာ လျော့ကုန်တာ။ အရင်ကတုန်းက အီလက်ထရောနစ်ဥပဒေထဲက အတိုင်း ပဲ။ ၇ နှစ်တို့၊ ၁၅ နှစ်တို့ပါနေတာ။ ပြစ်မှုပြစ်ဒဏ်တွေ တော့ လျော့သွားတယ်ဆိုပေမယ့် အဲ့ဒီတုန်းက ဒီကောင် ကြီးတစ်ခုလုံးကိုတော့ မဖြုတ်လိုက်နိုင်ဘူးပေါ့နော်။ အဲ့တော့ ဒါကြီးက ဆက်ပါလာနေတယ်။ ကျွန်တော့် အမြင်ပြောရင်တော့ ဒီ ဆက်သွယ်ရေးဥပဒေမှာ ဒီအပိုဒ် က ရှိကိုမရှိသင့်ဘူး။ ဒီဟာက ဒီဥပဒေရဲ့ ရည်ရွယ်ချက် နဲ့ကို လွဲချော်နေတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်က နည်းပညာသုံးပြီး ဆက်သွယ်ဆောင်ရွက်တဲ့ကိစ္စတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်တာ။ ၆၆(ဃ)က ရည် ရွယ်ချက်နဲ့ လွဲချော်နေတဲ့ပုဒ်မလို့ မြင်တယ်။

Voice  :နောက်တစ်ခုက ၆၆(ဃ) နဲ့ ပတ်သက်ပြီး တရားစွဲဆိုတာမျိုးတွေရှိရင် ဝန်ကြီးဌာနရဲ့ အတည်ပြု ချက်လိုတယ်။ ပုဒ်မ ၈၀ (ခ)မှာ ပြဋ္ဌာန်းထားတယ်။ ဝန်ကြီးဌာနဘက်ကကျတော့ အခု စွဲထားတဲ့အမှုတွေ ကို မြင်ရသလောက် တင်လာသမျှကို အတည်ပြုနေတာ မျိုးဖြစ်နေတယ်။ ဝန်ကြီးဌာနရဲ့ တာဝန်ခံမှု အားနည်း တဲ့သဘောများ သက်ရောက်နေသလားဗျ။

UNPL : ဝန်ကြီးဌာနကိုက အမှန်အတိုင်းပြောရရင် အရင်တုန်းက ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနဆိုတာရှိတယ်။ အရင် တုန်းကလိုဆိုရင် အဲ့ဒီဝန်ကြီးဌာနက ကိုင်တွယ်ရမှာ ပေါ့။ အခုကျတော့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ပေါင်းလိုက်တယ်။ ပေါင်းလိုက်တဲ့အခါ မှာပြဿနာရှိတယ်။ ဝန်ကြီးဌာနကရှိနေပြီးတော့ အဲ့ဒီ ဝန်ကြီးတစ်ပါးပါးက နည်းပညာနဲ့ပတ်သက်ပြီးတော့  တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုရင် သိပ်ပြဿနာ မရှိဘူး။ အခုဟာက ဝန်ကြီးဌာနက သွားပေါင်းလိုက် တော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နည်းပညာကျွမ်းကျင်တဲ့ ဝန်ကြီးမဟုတ်ဘူး။ မဟုတ်တဲ့ အခါကျတော့ တာဝန်ယူမှု တာဝန်ခံမှုက အဲ့ဒီမှာ သွားပြီး အားနည်းပြီလေ။ ဝန်ကြီးကလည်း တိုက်ရိုက် တာဝန်ခံဖို့လည်း သူလည်း သူ့ကဏ္ဍမဟုတ်တဲ့အခါကျ တော့ တာဝန်ခံနိုင်မှာမဟုတ်ဘူး။ ဒါကတော့ ဝန်ကြီး ဌာနက ပေါင်းလိုက်တဲ့အနေအထားလေးမှာ ဒီလိုမျိုး ဖြစ်သွားတယ်လို့မြင်တယ်။ ခုနက ပုဒ်မထဲမှာ အဲ့ဒီလိုမျိုးပါတယ်ဆိုတာက ဟုတ်တယ်။ ဝန်ကြီးဌာနကို တင်ရတယ်။ ပြီးတော့ ဝန်ကြီးဌာနက မှန်ကန်တယ်ဆိုတာမျိုး လုပ်မှသာလျှင် ဖမ်းတဲ့ဟာမျိုးလည်းပါပေမယ့် တကယ်တမ်း အဲ့ဒီလို မကျင့်သုံးဘူးဆိုတာတွေ တွေ့ရတယ်။ နံပါတ်တစ် မကျင့် သုံးဘူးဆိုတာ တွေ့ရတယ်။ နောက် ကျင့်သုံးတယ်ဆို ရင်လည်း သေချာစိစစ်တာတွေ ဘာတွေမလုပ်ဘဲနဲ့ သူ့ရဲ့ရှိရင်းစွဲခံယူချက်နဲ့ပဲ လုပ်နေတာမျိုးက ဘယ်လိုမှ အဆင်မပြေဘူး။ ဒီကောင်က နည်းပညာနဲ့ဆိုင်တဲ့ဟာ မို့လို့ ဒီဖမ်းဆီးဖို့ကိစ္စကို အတည်ပြုတဲ့ နေရာတစ်ခုက သေချာစိစစ်မှုတွေလုပ်ရမယ်။ Cyber Police တွေ အဲ့ဒီမှာရှိရမယ်။ နည်းပညာကို ကျွမ်းကျင်တဲ့သူတွေ အဲ့ဒီမှာရှိနေပြီးမှ ဖမ်းသင့်တယ်၊ မဖမ်းသင့်ဘူး ဆိုတာကို ဆုံးဖြတ်ရမှာပေါ့။ အဲ့ဒီဆုံးဖြတ်တဲ့အပိုင်းကိုက အားနည်းနေတာ။ အားနည်းနေတဲ့အခါကျတော့ ဝန်ကြီး ဌာနရဲ့ အတည်ပြုချက်ယူရမယ် ဆိုပေမယ့်လည်း အဲ့ဒီ အတည်ပြုချက်က ယုံကြည်စိတ်ချရတဲ့ အနေအထား မျိုး မရှိတဲ့အခါကျတော့ ခုနက တချို့တွေဖမ်းတယ်၊ တချို့တွေမဖမ်းဘူး မှန်မှန်ကန်ကန် မဖြစ်ဘူးပေါ့။

Voice : နောက်ပြီး ဘာဖြစ်နေလဲဆိုတော့ ဒီပုဒ်မ ၆၆(ဃ) အာမခံ မရဖို့များတဲ့ပုဒ်မ ဖြစ်နေတယ်။ တရားစွဲ သမျှထဲမှာ တစ်ယောက်ပဲရတာတွေ့ရတယ်။ လာဖမ်း ပြီဆိုလို့ရှိရင် ကျွန်တော်တို့ဘက်က ဘယ်လိုအခွင့်အရေး တွေရှိတယ်၊ ငြင်းဆိုခွင့် ရှိတယ်ဆိုတာကို ကျွန်တော် တို့မသိဘူး ဖြစ်နေတယ်။

UNPL : အမှန်မှာက အဲ့ဒီဥပဒေထဲမှာကိုပဲပါတယ်။ အစွပ်စွဲခံရသူရဲ့ အချက်အလက်တွေရှိမယ်။ ဖုန်းကို စစ်မယ်ဆိုရင် ဖုန်းထဲက အချက်အလက်တွေရှိမယ်။ ကွန်ပျူတာကို စစ်မယ်ဆိုရင် ကွန်ပျူတာထဲက အချက်အလက်တွေရှိမယ်။ အဲ့ဒါတွေအပေါ်မှာ အမှုအတွက် မဟုတ်ဘဲ အလွဲသုံးတာတွေရှိမယ်။ အမှုနဲ့ပတ်သက်ရင်တော့ ရှာရဖွေရတာတွေရှိမယ်။ ဒါပေမဲ့ အဲ့ဒါတွေအပေါ်မှာ အလွဲသုံးတာရှိရင် အဲ့ဒီလူတွေကို ပြန်ပြီးတရားစွဲလို့ရတယ်ဆိုတာလည်း ပုဒ်မတစ်ခုပါတယ်။ အဲ့ဒါကို ကိုင်ပြီး တရားစွဲလို့ရတယ်ဆိုတာလည်း သိထားသင့်တယ်။ နောက် ဒုတိယအချက်ကတော့ စွပ်စွဲခံရ သူဘက်ကတော့ အခွင့်အရေးတော့ တော်တော်လေး နည်းတယ်ဗျနော်။ ကျွန်တော်တို့မှာ ဘာမှငြင်းပိုင်ခွင့် သိပ်မရှိဘူး။ စခန်းရောက်မှ ရှင်းဆိုတာမျိုး။ ဒီအကောင့် က ကိုယ့်အကောင့်လည်း ဟုတ်ချင်မှဟုတ်မယ်။ ဒါမှမဟုတ် ကိုယ့်အကောင့်ကို Hack ခံရတာလည်း ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒီလိုအမျိုးမျိုးရှိနိုင်တာတွေက နောက်မှ ရှင်းဆိုတဲ့ဟာမျိုးဖြစ်နေတဲ့အခါကျတော့ ဒီစွပ်စွဲခံရတဲ့ သူရဲ့ အခွင့်အရေးကတော့ တော်တော်လေးကို နည်းတယ်ဗျ။

Voice : အဲ့ဒီအခါကျတော့ အာမခံမရနိုင်ဘူး။ ဖမ်း ပြီးတာနဲ့ အင်းစိန်ထောင်ကြီးချုပ်ကို တန်းပို့တာဆို တော့ အခွင့်အရေးက နည်းနေတယ်။ လွဲမှားစွာဖမ်းဆီး မိရင်ရော ကျွန်တော်တို့ဘက်က ဘာပြန်လုပ်နိုင်သေးလဲ။

UNPL : အဲ့ဒါကတော့ ရှေ့နေ၊ ရှေ့ရပ်တွေက ပို သိမယ်ဗျ။ ကျွန်တော်ဟိုတစ်လောက ဦးရောဘတ် စန်းအောင်နဲ့တွေ့ပြီး မေးကြည့်တဲ့အခါကျတော့ သူ ကတော့ ပြန်ပြီးတရားစွဲလို့ရတယ်ပေါ့နော်။ ကိုယ့်ကို တစ်ယောက်ယောက်က စွဲတယ်ဆိုရင် အမှုအပြိုင်ဖွင့် ရမယ့်သဘောပေါ့။ ကျွန်တော့်ကို မှားယွင်းပြီးစွဲတယ် ဆိုရင် ကျွန်တော်က တရားစွဲတဲ့သူကို ပြန်စွဲ။ သူလည်း ရင်ဆိုင် ကိုယ်လည်းရင်ဆိုင် အဲ့ဒီလိုမျိုးပဲဖြစ်လိမ့်မယ်။ ရှုပ်တော့ တော်တော်ရှုပ်တာပေါ့။ တချို့ကျတော့ လည်း အဲ့ဒါမျိုးတွေ လုပ်လေ့လုပ်ထ သိပ်မကြားရဘူး။ တကယ်တမ်းကျတော့ အဲ့ဒါမျိုးတွေ လုပ်လို့ရတယ်။ ကိုယ့်ကို မှားယွင်းပြီးစွပ်စွဲတယ်။ ကိုယ်ကလည်း ရှင်းရ မှာ။ အဲ့ဒီလိုပဲ သူ့ကိုလည်း ကိုယ်က ဒီဘက်မှာ ပြန်ပြီး တရားစွဲရမယ်။ သူလည်း ရှင်းရမယ်။ အပြိုင်တရားစွဲရ မယ့် အနေအထားတော့ရှိတာပေါ့။

Voice : တရားစွဲထားတဲ့အထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေရှိတယ်။ အစိုးရကို ထိခိုက်နစ်နာအောင် ရေးသားလို့၊ တပ်မတော်ကို ထိခိုက်အောင်ရေးသားလို့ နောက်တစ်ခုကတော့ 'အကြွေးပြန်မပေးတဲ့သူကို လူလိမ်လို့ရေးလို့' စသဖြင့် ရေးသားမှုတွေ ဓာတ်ပုံတွေတင်တဲ့ အပေါ် တရားစွဲထားတယ်။ ဒီလူမှုကွန်ရက်ပေါ်မှာ ပြည်သူအချင်းချင်း မကျေလည်မှု မပြေလည်မှုတွေက လာတဲ့ဟာတွေကို ဒီပုဒ်မကိုကိုင်ပြီး တရားစွဲနေတာရော မှန်ကန်ရဲ့လားဗျ။

UNPL : အဲ့ဒါကတော့ ဥပဒေရဲ့အားနည်းချက်ပေါ့။ သူက နည်းဥပဒေတွေတော့ ထွက်ထားတာရှိတယ်။ ဒါပေမဲ့ ပြစ်မှု ပြစ်ဒဏ်ပိုင်းနဲ့ပတ်သက်ပြီး နည်းဥပဒေ သီးခြားမထွက်ဘူး။ ပြစ်မှုပြစ်ဒဏ်မှာ ဘာပါလဲဆိုရင် ၆၆(ဃ)မှာ ကိုယ့်ကိုစော်ကားတာတို့၊ ခြိမ်းခြောက်တာတို့၊ အသရေဖျက်တာတို့ အဲ့ဒီစကားလုံးတွေပါတယ်။ ဒါပေမဲ့ အဲ့ဒီစကားလုံးတွေရဲ့ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်တွေကို မပေးဘူး။ မပေးထားတော့ ခုန ဖွတ်မတို့၊ ဘောမတို့ဆိုတဲ့ စကားတွေက အသေရေဖျက်မှုမြောက်လား မမြောက်လားဆိုတာ ရေးမထားတော့ တိကျတဲ့ နည်းဥပဒေတွေမရှိတဲ့ အားနည်းချက်ပေါ့။ အဲ့ဒါက တော်တော်လေးကို အန္တရာယ်များတယ်။ ဒီလိုပဲ ဖေ့ဘွတ်ပေါ်မှာသုံးနေကြတာပဲ။ တချို့စကားလုံးတွေ က ကိုယ်က စိတ်ထဲမှာမပါပေမယ့် ရင်းနှီးလို့ပြောလိုက် ရင်တော့ တစ်ဖက်က အမြင်စောင်းသွားရင် တရားစွဲ ကောင်းစွဲနိုင်တဲ့ အနေအထားမျိုး။ နောက်တော့ ကျွန်တော်တို့အားလုံးက အွန်လိုင်းပေါ်မှာ မရေးရဲတော့ ဘူး။ အဲ့ဒီ ၆၆(ဃ)နဲ့ ငြိမလားဆိုတဲ့ အကြောက်တရား က တော်တော်လေးကို ကြီးစိုးနေပြီ။
ဒီပုဒ်မရဲ့ နောက်ထပ်အားနည်းချက်က ကြားလူ က တရားဝင် စွဲလို့ရတဲ့ကိစ္စ။ အဲ့ဒါ လုံးဝမဖြစ်သင့်တဲ့ ကိစ္စ။ ဥပမာဆိုကြပါစို့ ကျွန်တော့်ကို ကျွန်တော့်သူငယ် ချင်းတစ်ယောက်ယောက်က လာနောက်မယ်ဗျာ။ ကျွန်တော်တို့အချင်းချင်း နည်းနည်းသူများတွေ မကြိုက် မနှစ်သက်လောက်တဲ့စကားနဲ့ လာနောက်တယ်ဆို ပါစို့။ ကျွန်တော်တို့အချင်းချင်းက သူနောက်မှန်း ကျွန်တော် သိတယ်။ ကြားလူက စွဲတယ်ဆိုရင် အဖမ်းခံရမှာ။ 

Voice : အကောင့်တုတွေ ကိစ္စပေါ့။ အဲ့ဒါကို အရင်တုန်းက Internet Freedomာ ဖိုရမ်တို့လိုမျိုးမှာ စဉ်းစားခဲ့ကြတယ်။ အခုကျတော့ အဲ့ဒီအန္တရာယ်က ပိုပြီးကြီးလာတဲ့သဘောများ ရှိနေလားဗျ။

UNPL : ဟုတ်တယ်။ အခုက ဘာဖြစ်နေလဲဆိုတော့ ခုနက တာဝန်ယူမှု တာဝန်ခံမှုရှိရမယ့် ဝန်ကြီးဌာနမှာလည်း အရည်အသွေးအပြည့်မဖြစ်ဘူး။ ဒီအကောင့်က အကောင့်တုလား၊ အကောင့်အစစ်လား၊ Hack ခံရ တာလားဆိုတာ သေချာစစ်ဆေးနိုင်တဲ့ အရည်အချင်းလည်း သူတို့မှာမရှိဘူး။ အကောင့်အတုတွေက ကိုယ့်ကို ချောက်ချလို့ရတယ်။ ကျွန်တော့်ဓာတ်ပုံကို ယူလိုက်တယ်ဗျာ။ ဟိုတစ်လောကဆို ဇင်မာအောင်ဆိုပြီး မဇင်မာအောင် အကောင့်တု တစ်ခုပေါ်နေတယ်။ အဲ့ဒါက ပေါ်နိုင်တာပဲလေ။ ကျွန်တော့်နာမည်ယူလိုက်မယ်။ ကျွန်တော့်ဓာတ်ပုံ ယူလိုက်မယ်။ ပြီးတဲ့အခါ အဲ့ဒီ အကောင့်ကနေ ပေါက်ကရတွေဆဲပြီဆိုပါတော့ ဒီလူ ပဲလာဖမ်းမှာပေါ့။ အဲ့ဒါမျိုးကလည်း တော်တော်လေး ကိုဆိုးရွားတယ်။ အဲ့ဒီအကောင့်က ကျွန်တော်သုံးနေ လား မသုံးဘူးလားဆိုတာ စစ်နိုင်တဲ့အရည်အချင်းက ရှိလားဆိုတော့ ကျွန်တော်သိသလောက်က မရှိဘူး။ ကိုယ်က တစ်လုံးစ နှစ်လုံးစ ရေးလိုက်တာက အန္တရာယ် ဖြစ်နိုင်သလို ကိုယ်ဘာမှမလုပ်ရပါဘဲ နေရင်းထိုင်ရင်း ဟက်ကာတွေ၊ အကောင့်အတု ဖန်တီးတဲ့သူတွေရဲ့ ရန်ကြောင့် အချိန်မရွေး အိမ်တံခါးလာခေါက်ပြီးတော့ အဖမ်းခံရနိုင်တာမျိုး ဖြစ်နေတာပေါ့။

Voice : လာဖမ်းပြီဆိုရင် သက်သေခံ အထောက် အထားတွေနဲ့ ဒီဟာတွေကို ရေးတင်ပါတယ်ဆိုတဲ့ လက်မှတ်ထိုးခိုင်းတာ ရှိတယ်။ ဒီအထောက်အထား တွေက ဖေ့ဘွတ်ခ်မှာ ဖြစ်တယ်ဆိုရင် ဖေ့ဘွတ်ခ်ဘက်ကနေ အချက်အလက်တွေ တောင်းယူလို့ရနိုင်မယ်။ ဖေ့ဘွတ်ခ်ကနေ တောင်းယူတဲ့အချက်အလက်တွေလား။ တိုင်ကြား သူက တစ်နည်းနည်းနဲ့ရယူထားတာကို ယူတာလား။ 

UNPL: ကျွန်တော်ထင်တာတော့ ဒီတိုင်းပဲလုပ်နေတာဗျ။ ဖေ့ဘွတ်ခ်နဲ့လည်း အဲ့လိုမျိုး ချိတ်ဆက်ပြီး လုပ်နေတယ်လို့မထင်ဘူး။ ကိုယ့်ဘာသာ လာတိုင်တဲ့ သူက Screen Shoot  လုပ်တာကို စာရွက်နဲ့ထုတ်ထားတာ ရှိကောင်းရှိမယ်ဗျာ။ အဲ့ဒီဟာတွေပေါ်မှာပဲ အခြေခံပြီး သူတို့ဘာသာ ဒီအကောင့်တစ်ခုကို ဝင်ကြည့်ကောင်း ဝင်ကြည့်လိမ့်မယ်။ ဖေ့ဘွတ်ခ်နဲ့ချိတ်ဆက်ပြီး ဒီအကောင့် ကို ဒီလူသုံးနေတာမှန်သလား။ ID တွေက ဘယ်လို ဘယ်ဝါလဲဆိုတာ ရှိမှာမဟုတ်ဘူး။ ဖမ်းပြီးတော့မှ နောက်ပိုင်းဆက်လိုက်တဲ့ ကိစ္စတော့ ရှိကောင်းရှိမှာပေါ့။ မဖမ်းခင်မှာ လုပ်တယ်လို့ ကျွန်တော်ကမထင်ဘူး။

Voice : အဲ့ဒါတွေက တကယ်ဆိုရင် ဝန်ကြီးဌာန က အတည်ပြုပေးမယ့်အချိန်မှာ သူတို့လုပ်ရမယ့်ကိစ္စ တွေမဟုတ်လား။

UNPL : ဟုတ်တယ်။ ဝန်ကြီးဌာနက တကယ်ဆိုရင် သူတို့သွားပြီးဖမ်းသင့် မဖမ်းသင့် အတည်ပြုဖို့ဆိုရင် အဲ့ဒီကတည်းက လုပ်ရမှာ။ လုပ်လား မလုပ်လား ကျွန်တော်မသိဘူး။ လုပ်ရမယ်။ ဒီအကောင့်နဲ့ ဒီလို တိုင်လာရင် သူသုံးနေတာ ဟုတ်လား မဟုတ်လား ဆန်းစစ်။ တင်ပြလာတဲ့သက်သေခံတွေက Photoshop လား၊ တကယ်လုပ်တာလား။ ဒါတွေအပေါ်မှာ နည်းပညာပိုင်းအရ သေချာဆန်းစစ်ပြီး ဒီအကောင့် ဒီလူသုံးတာမှန်တယ်။ ဒါတွေကို သူတင်တာမှန်တယ် ဆိုတာမျိုး အတည် ပြုပြီးမှ ဆိုရင်တော့ အဆင်ပြေမှာပေါ့။ အခုကတော့ ဒီလိုမျိုးမလုပ်တဲ့အခါကျတော့ တိုင်တာနဲ့ ဖမ်းတယ် ဆိုတာမျိုး ဖြစ်နေတယ်။ 

Voice : အဲ့ဒီလိုဖြစ်နေတာက ကိုယ့်ရဲ့ရင်ထဲက ရှိတဲ့ ဝေဖန်ချက်ကိုတောင် မဖော်ပြနိုင်တဲ့သဘော ဖြစ်နေတယ်။ ဒါက Internet Freedom ဆိုတာကို ဘယ်လောက်အထိ လာထိခိုက်နိုင်သလဲ။

UNPL : အမှန်အတိုင်းပြောရရင် အင်တာနက်ရဲ့ သဘောတရားက Print Media နဲ့မတူဘူး။ အပြင် မှာက တာဝန်ခံအယ်ဒီတာတို့ရှိမယ်။ အွန်လိုင်းပေါ်မှာ က အဲ့ဒီလိုမဟုတ်ဘူး။ တချို့ဟာတွေကို အရမ်းသွား တင်းကျပ်လို့မရဘူး။ အပြင်က လွတ်လပ်ခွင့်နဲ့ အွန်လိုင်း က လွတ်လပ်ခွင့်တော့ မတူဘူး။ အွန်လိုင်းမှာက ပိုလွတ် လပ်တယ်။ ပြောမှာပဲဗျ။ အမေရိကန်လိုနိုင်ငံမျိုးမှာဆိုရင် သူ့ဟာသူ ကြိုက်သလောက်ပြော။ ဥပမာ- သူတို့ သမ္မတကို ပြောနေကြတယ်။ ဒီမှာဆို တန်းစီပြီး အဖမ်းခံရမှာပေါ့။ ပြောချင်တာက တကယ့်လွတ်လပ်တဲ့နိုင်ငံ တွေမှာ Internet Freedom ကို အပြင်ထက်တောင် အများကြီး ပိုပေးထားတာ။ အပြင်မှာ တချို့စကားလုံး တွေ ပြောလို့မရပေမယ့် အွန်လိုင်းမှာ ပြောခွင့်ပေးထား တာမျိုးရှိတယ်။ အွန်လိုင်းမှာ ပြောတဲ့စကားတွေက အပြင်မှာ သက်ရောက်မှုရှိလာရင်တော့ လိုက်ပြီးစုံစမ်း တာတွေတော့ရှိတာပေါ့။ သူများနိုင်ငံတွေမှာ အဲ့ဒီ လောက် လွတ်လပ်ခွင့်ရနေချိန်မှာ ကျွန်တော်တို့ဆီမှာ စကားလုံးလေး တစ်လုံးစ နှစ်လုံးစ ရေးဖို့ဆိုတဲ့ အနေ အထားမှာတောင်မှ ကြောက်နေရတယ်ဆိုတဲ့ အနေ အထားက ဒီ ၆၆(ဃ) နဲ့ ဒီလိုပဲဆက်သွားမယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုမှမလုံခြုံဘူး။ အကြောက် တရားတွေများလာမယ်။ မရေးရဲ၊ မပြောရဲ၊ မဝေဖန်ရဲ ဆိုရင် Internet Freedom ပျက်ရုံတင်မကဘူး ဒီမိုကရေစီပါ ပျက်ပြီ။ အစိုးရပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ပဲဖြစ်ဖြစ် ပြောလို့ ပြောတဲ့သူကို တရားစွဲမယ်ဆိုရင် ဘယ်သူမှ လွှတ်တော်ကိုယ်စားလှယ်ကို မပြောရဲတော့ ဘူး။ အစိုးရကလည်း သူ့ကို နည်းနည်းလေးပြောပြီဆိုရင် တရားစွဲမယ်ဆိုရင် ဘယ်မီဒီယာကမှလည်း မဝေဖန်ရဲ တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းကျောင်းမှုတွေ၊ ဝေဖန်မှုတွေပါ ပျက်ကုန်မှာပေါ့။

Voice : ဒီဥပဒေက မရှိတော့ဘူးဆိုရင်ကျတော့လည်း ငါတို့တော့ ပြောချင်ရာပြောပြီ ဆိုတာမျိုး ရှိလာနိုင်တယ်။ အဲ့ဒီလိုဟာမျိုးကျတော့ရော အင်တာနက် သုံးတဲ့သူတွေအတွက် ဥပဒေရှိသင့်သလား။ ကျွန်တော်တို့ဆီမှာတော့ ဆိုက်ဘာဥပဒေဆိုတာမျိုးက မရှိသေးဘူး။

UNPL  : နှစ်ပိုင်းရှိတယ်။ ကျွန်တော် တစ်ကိုယ်ရေ အမြင်ကတော့ လူထုနည်းနဲ့ တုံ့ပြန်စေချင်တယ်။ ကျွန်တော်တို့ဆိုရင် ပန်းစကား လှုပ်ရှားမှုတွေလုပ်တယ်။ အမုန်းစကားတွေပြောတယ်။ ပြောလေ။ ဒီလူတွေကို ဖမ်းမယ်ဆီးမယ်ဆိုတာထက် ငါတို့မပြောဘူး။ ပန်းစကားပဲ ပြောမယ်ဆိုတာမျိုးလုပ်တယ်။ အဲ့ဒီလို လူထုနည်းနဲ့ လှုပ်ရှားမှုလေးတွေ များများလုပ်သင့် တယ်။ နောက်တစ်ခုက ဆိုက်ဘာဥပဒေလိုဟာမျိုးက ရှိရမယ်။ အခုက ပြောတဲ့စကားတွေကိုပဲ တရားစွဲနေတာ နော်။ ဘာမှတောင် အပြင်မှာ သက်ရောက်မှုမရှိသေး ဘူး။ ဒီထက်ပိုတဲ့ဟာတွေရှိတယ်ဗျ။ နည်းပညာသုံးပြီး အသရေဖျက်တာတွေ ရှိမယ်။ နည်းပညာသုံးပြီး အွန်လိုင်းပေါ်ကနေ အမျိုးသမီးတွေကို နီးစပ်မှု ယူမယ်။ ပြီးရင် ရောင်းစားမယ်ပေါ့။ ဒါမျိုးတွေရှိနိုင်တယ်။ ဒါတွေ ရှိလာတာလည်း ရှိတယ်။ အဲ့ဒါတွေကိုတော့ ကာကွယ် ပေးရမယ်။ အဲ့ဒီလိုကာကွယ်ပေးဖို့ ဆိုက်ဘာဥပဒေ သီးခြားရှိရမယ်။ အဲ့ဒီလိုလုပ်တဲ့နေရာမှာလည်း ဒီဥပဒေ ကို အလွဲသုံးလို့မရအောင် စနစ်တကျရေးဆွဲမှရမယ်။ အလွဲသုံးရင် ဒီလူတွေကိုပါ ပြန်ပြီးအရေးယူနိုင်တာ မျိုးတွေရှိရင် ဒီဥပဒေတွေက နာမည်မပျက်တော့ဘူး ဗျ။ ၆၆(ဃ) လိုဟာမျိုးဆိုရင် ဆက်သွယ်ရေးဥပဒေထဲ က ထုတ်လိုက်။ ဆိုက်ဘာဥပဒေထဲသွားထည့်။ ထည့်တဲ့ နေရာမှာ သေသေချာချာ အသရေဖျက်တယ်ဆိုတာ ဘာလဲ၊ ခြိမ်းခြောက်တယ်ဆိုတာဘာလဲ ဖွင့်ဆိုချက် တွေလုပ်မှရမယ်။

Voice : ကျွန်တော်တို့တွေ ၆၆(ဃ) ဆိုတဲ့ပုဒ်မကို ဆက်သွယ်ရေးဥပဒေထဲက ထုတ်ပစ်ရမယ်ပေါ့။ ကျန်တဲ့ ပြစ်မှုပြစ်ဒဏ်တွေစိစစ်ပြီး ဆိုက်ဘာဥပဒေလိုဟာမျိုး မှာ သွားပေါင်းတာက တစ်ပိုင်းပေါ့လေ။ ဒီလိုထုတ်ပစ် ရမယ်ဆိုတဲ့အနေအထားမျိုးမှာ ဒီဥပဒေကိုသုံးပြီး ပုဂ္ဂိုလ်ရေး မပြေလည်မှု မကျေလည်မှုတွေအပေါ်မှာတရားစွဲဆိုနေတဲ့သူတွေကို အစ်ကို့အနေနဲ့ ဘာများ ပြောဖို့ရှိလဲဗျ။

UNPL : ဒီ ၆၆(ဃ)ကိုပဲ ကောင်းတဲ့နေရာမှာသုံး ရင်လည်း ရသေးတယ်ဗျ။ အမျိုးသမီးတွေကို ခြိမ်းခြောက် ပြီး ငွေညှစ်နေတာတွေရှိတယ်။ နောက်ပြီးတော့ အသရေ ဖျက်နေတာတွေရှိတယ်။ ဒီ ၆၆(ဃ) ကို ခုနလို ပြင် တာတွေ၊ ပြောင်းတာတွေ မလုပ်ခင်မှာတော့ စိတ်လိုက် မာန်ပါမလုပ်ကြနဲ့ပေါ့ဗျာ။ ကိုယ့်ကို နည်းနည်းလေး စကားလုံးကြမ်းကြမ်းပြောတာနဲ့ စိတ်တိုတာပဲ။ စိတ် တိုတာနဲ့ အခုက တရားစွဲတော့တာပဲ။ အဲ့ဒီလိုမဟုတ်ဘဲ တကယ်သုံးသင့်သုံးထိုက်တဲ့နေရာတွေမှာ သုံးမယ် ဆိုရင် ဒီ ၆၆(ဃ) က အဲ့ဒီလောက် နာမည်ပျက်စရာမရှိ ဘူး။ ခုဟာက အစိုးရရော၊ ဌာနဆိုင်ရာမှာရော၊ ပြည်သူ တွေအချင်းချင်းကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် တရားစွဲတိုင်း ကစားနေကြသလားတောင် ထင်ရတယ်။ ကိုယ်ကတော့ စိတ်လိုက်မာန်ပါ ကိုယ့်ကိုစော်ကားလို့၊ ကိုယ့်ခေါင်းဆောင်ကို စော်ကားလို့ တရားစွဲလိုက်ပေ မယ့် တခြားတစ်ဖက်မှာတော့ ဘယ်လိုသွားသက် ရောက်သလဲဆိုတော့ ဒီဥပဒေကို အလွဲသုံးတယ်ဆိုတဲ့ သဘောမျိုး အဲ့ဒီလိုပဲမြင်တယ်။ တကယ်စွဲသင့် စွဲထိုက် တဲ့၊ လုပ်သင့် လုပ်ထိုက်တဲ့နေရာတွေမှာပဲ ဒီဥပဒေကို သုံးစေချင်တယ်။ ဒီဥပဒေကို မပြင်သေးခင်၊ မရွေ့သေး ခင်ကာလမှာပေါ့။ အသရေဖျက်တာနဲ့ ဝေဖန်တာနဲ့ကို ကွဲပြားဖို့လိုတယ်။

မောင်မန်း


  • VIA

ABOUT AUTHOR

(မောင်မန်း)