News

POST TYPE

INTERVIEW

ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံခြင်း
01-Aug-2016
နာမည်ကျော် ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံပြီး သြဂုတ်လအတွင်း ရိုက်ကူးမယ့် Reflection ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက် အကြောင်း၊ ဇာတ်လမ်းအကြောင်း၊ ရိုက်ကူးဖို့ လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားများ အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မအူဝဲ (အိန္ဒြာကျော်ဇင်) တို့ရဲ့ သုဒြာထုတ်လုပ်ရေးက ရိုက်မယ့် Reflection ရုပ်ရှင်မှာ မခိုင်ကြီး သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက် အကြောင်းကနေ စပြီး ပြောပြပေးပါဦး။

HEDB : အဲ့ဒီကားမှာတော့ ကျွန်မက မိန်းကလေးတွေကို နည်းနည်းအနိုင်ကျင့်တဲ့ အမျိုးသမီးတစ်ယောက် နေရာက သရုပ်ဆောင်ရမှာပါ။ ကလေးမလေးတွေက ကျွန်မရဲ့ အနားကို အနီးကပ်ရောက်အောင် အယုံသွင်းပြီးတော့ ကျွန်မကိုသတ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းပါပဲ။ ကျွန်မက မိန်းကလေးတွေအပေါ်ကို နည်းနည်းမတရားလုပ်တဲ့ အမျိုးသမီး တစ်ယောက်ပေါ့။

Voice : မခိုင်ကြီးရဲ့ ကာရိုက်တာက မိန်းကလေးချင်း စိတ်ဝင်စားတဲ့ ပုံစံမျိုးလို့လည်း ကြားထားတယ်။

HEDB : အဲ့ဒါကတော့ ကျွန်မက သိပ်မလုပ်ချင်ဘူး။ ဒါရိုက်တာဖြစ်တဲ့ ကိုလူမင်းကတော့ Theme လေးတစ်ခု အနေနဲ့ ထည့်ချင်တယ်လို့ ပြောတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ မိန်းကလေးတွေကို သိပ်နားမလည်တဲ့ အမျိုးသမီးတစ်ယောက်မှ မိန်းကလေးတွေကို ရက်စက်လို့ ရမယ်ပေါ့။ အဲ့ဒီလို သဘောမျိုးနဲ့ ဒီအကြောင်းအရာကို သူက ထည့်ချင်တာပါ။ ကျွန်မကတော့ အဲ့ဒါက သိပ်မလိုဘူးလို့ ထင်တယ်။

Voice : ဒီလိုကာရိုက်တာမျိုးက မခိုင်ကြီး အတွက်လည်း ပထမဆုံးဖြစ်မယ် ထင်တယ်နော်။ ဒီဇာတ်ရုပ်အပေါ် ကိုယ်တိုင်ရဲ့ ရင်ခုန်မှုကရော။

HEDB : Reflection ရုပ်ရှင်က မိန်းကလေး ချင်းချစ်ကြိုက်တဲ့ အကြောင်းကို အသားပေးပြီး ရိုက်တဲ့ ဇာတ်မဟုတ်တဲ့အတွက် ဒီအကြောင်းကို အများကြီး မြင်စရာတော့ မရှိဘုး။ တစ်ခန်း၊ နှစ်ခန်းလောက်ပဲပါမှာ ဆိုတော့ သိပ်တော့ပြဿနာ မရှိဘူး။ ကျွန်မအတွက် မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးကတော့ ဘယ်ဟာမဆို ကျွန်မ ရင်ခုန်ပါတယ်။ လုပ်လည်း လုပ်ကြည့်ချင်တယ်။ ဇာတ်လမ်းအရတော့ ဒီဇာတ်က ကျွန်မကို တော်တော်ခိုင်းတဲ့ဇာတ်ပါ။

Voice : ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အတွက်ကျတော့ ဘယ်လိုပြင်ဆင်သွားဖို့ စဉ်းစားထားလဲ။

HEDB : ဒီကားမှာ ကျွန်မကို ပရိသတ်တွေ မြင်နေကျပုံစံမျိုးနဲ့ မမြင်စေချင်ဘူးလို့ ကိုလူမင်းကတော့ ပြောပါတယ်။ ဒါကတော့ သူ့ရဲ့စေတနာပေါ့နော်။ ဒီကားမှာ ကျွန်မ ပုံစံနည်းနည်းတော့ ပြောင်းမယ်။ ပရိသတ်တွေအတွက် လုံးဝကြီး ကွဲထွက်မှုရှိ၊ မရှိ ဆိုတာ တစ်ခုပဲ ပြောစရာ ရှိတယ်။ 

Voice : ဒီကားမှာ မင်းသမီးလေးယောက်က အဓိက ဇာတ်ဆောင်ပဲပေါ့။ မင်းသားတွေ လုံးဝမပါတော့ဘူးလား။

HEDB : ဒီကားမှာ မင်းသားတွေကတော့ ဧည့်သည်သရုပ်ဆောင် အနေနဲ့ပဲ ဝင်ပါပေးကြမယ်။ ကိုလူမင်းတို့၊ ကိုပြေတီဦးတို့ ပါကြမှာပေါ့။ အဓိကကတော့ အမျိုးသမီးတွေရဲ့ ဇာတ်ပေါ့။ ဒီကားက ပရိသတ်တွေအတွက် အရသာအသစ်တစ်ခု ပေးနိုင်မယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါ။ ဖျော်ဖြေရေးအနေနဲ့ ကြည့်မယ်ဆိုလည်း ပရိသတ်တွေ ကျေနပ်မယ့် ကားတစ်ကား ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

Voice : ဒီကားအတွက် ရိုက်ကူးရေးတွေကျတော့ ဘယ်တော့လောက် စဖြစ်မလဲ။

HEDB : ဒီကားမှာ မင်းသမီးက လေးယောက်တောင် ပါတာဆိုတော့ ရိုက်ရက် ညှိရင်း ညှိရင်းနဲ့ အရင်တိုင်ပင်ထားတဲ့ ရက်တော့ နည်းနည်းလွဲသွားတယ်။ သြဂုတ်လ ၁၃ ရက်နေ့တော့ ရိုက်ကွင်းစတည်မယ်လို့တော့ ပြောတယ်။ နှစ်ပတ်လောက်ကတော့ ကျွန်မတို့ လေးယောက်ရဲ့ အဆုံခန်းတွေကို အရင်ရိုက်လိုက်မယ်လို့ ကိုလူမင်းကတော့ ပြောတယ်။ ကျန်တဲ့အခန်းတွေကိုတော့ တစ်ယောက်ချင်း ရက်ပြန်ချိတ်ပြီး ရိုက်မယ်လို့ ပြောတယ်။ ဒီကားက ရိုက်ရက်တော်တော်ပေးရမယ့် ကားပါ။ ရိုက်မှာကတော့ ရန်ကုန်နဲ့ နေပြည်တော်မှာ ရိုက်ရမယ်။ 

Voice : ဒီနှစ်ထဲမှာ နောက်ထပ် ရုပ်ရှင်ကားကြီး ဘယ်နှကားလောက် ရိုက်ဖို့ လက်ခံထားသေးလဲ။

HEDB : လောလောဆယ် ကျွန်မ ကားကြီခြောက်ကား ရိုက်ဖို့ လက်ခံထားပါတယ်။ သြင်္ကန်မတိုင်ခင်က ရိုက်တဲ့ ခြောက်ကားကတော့ ပြီးသွားပြီပေါ့။ ဒါက နောက်ထပ်ခြောက်ကား လက်ခံထားတာပါ။ အခုလက်ခံထားတဲ့ ကားတွေထဲမှာ ကိုလူမင်းနဲ့ ရိုက်မယ့်ကားက ထူးခြားတယ်။ နောက်ပြီး ဒါရိုက်တာကိုအောင် (ရူပဗေဒ) နဲ့ ရိုက်မယ့် ကားကတော့ နည်းနည်း တစ်ချက် ပြန်စဉ်းစားနေတယ်။ အဲ့ဒီကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်က ကျွန်မ မလုပ်ဖူးသေးဘူး။ ဒါပေမဲ့ လုပ်သင့်၊ မလုပ်သင့် တစ်ချက် ပြန်စဉ်းစားနေတယ်။

Voice : အနုပညာလောကမှာဆို မခိုင်ကြီးက ကာရိုက်တာ သိပ်မရွေးဘူးလေ။ ကိုအောင်နဲ့ ရိုက်မယ့်ကားက ကျတော့ ဘာတွေစိုးရိမ်စရာ ရှိလို့လဲ။

HEDB : ကိုအောင့်ကားက ကျတော့ ဘာသာရေးကား ဖြစ်နေလို့လေ။ အခုချိန်မှာက ကျွန်မတို့ နိုင်ငံမှာကလည်း ဘာသာရေးနဲ့ ပတ်သက်ရင် အတိမ်းအစောင်းမခံဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ ရိုက်သင့်မရိုက်သင့် ဆိုတာကို ကျွန်မ ချိန်ပြီး စဉ်းစားရမှာပါ။ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို ကြောက်လို့မဟုတ်ဘူးရှင့်။ ခေတ်ကာလ အခြေအနေအရ ရိုက်ရမယ့် ဇာတ်အနေအထားလေးက တစ်မျိုးဖြစ်သွားမှာ စိုးလို့ပါ။ 

Voice : တချို့သရုပ်ဆောင်တွေ ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ဇာတ်ကားတွေ ရိုက်နေကြပြီ။ မခိုင်ကြီးရော ထုတ်လုပ်သူလုပ်ဖို့ စိတ်ကူးမရှိသေးဘူးလား။

HEDB : လောလောဆယ် အထိတော့ စိတ်ကူးမရှိသေးပါဘူး။ ကျွန်မက အရင်ကတည်းက အလုပ်တွေနားပြီး ဘာသာရေးဘက်မှာပဲ အေးအေးဆေးဆေး လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတာပါ။ လောလောဆယ် ကျွန်မ လက်ခံရိုက်နေတဲ့ ဇာတ်တွေက ကျွန်မ တကယ်ရိုက်ချင်တဲ့ ဇာတ်တွေဖြစ်နေလို့ ရိုက်ဖြစ်နေတာပါ။ ရိုက်ရင်း၊ ရိုက်ရင်းနဲ့မှ ဈေးကွက်အခြေအနေတွေက ကောင်းလာမယ် ဆိုရင်တော့ ထုတ်လုပ်သူလုပ်ဖို့ စဉ်းစားကောင်း၊ စဉ်းစားမှာပေါ့လေ

Voice : ထုတ်လုပ်သူလုပ်ပြီဆိုရင် ငွေကြေးကိစ္စတွေပါ ထည့်တွက်ရပြီဆိုတော့ သရုပ်ဆောင်ဘက်မှာ ထားတဲ့ အနုပညာ ခံယူချက်တွေ ထိခိုက်သွားမှာ စိုးလို့လား။

HEDB : အမှန်တော့ အဲ့ဒါလည်းပါတယ်။ ကိုယ့်အလုပ်နဲ့ စီးပွားရေးနဲ့ သွားတွဲလိုက်ရင် ရောထွေးမှုတွေ ဖြစ်ကုန်မယ်လို့ ကျွန်မ ထင်တယ်။ တကယ်လို့ ကျွန်မ ပရိုဂျူဆာ လုပ်ဖြစ်ရင်လည်း အဲ့ဒီရိုက်မယ့်ဇာတ်မှာ ကျွန်မ မပါနဲ့ပေါ့။ အဲ့ဒီလိုဆိုရင်တော့ ကောင်းမလား မသိဘူး။ ကိုယ်တိုင်ပရိုဂျူဆာ၊ ကိုယ်တိုင်သရုပ်ဆောင် ဆိုတာကတော့ အဆင်မပြေလောက်ဘူး။ ကျွန်မ တစ်ယောက်တည်း အတွက် ပြောတာပါ။

သန့်ဇင်ဦး