News

POST TYPE

INTERVIEW

လူမင်းနဲ့ တွေ့ဆုံခြင်း
06-Dec-2016
နာမည်ကျော် သရုပ်ဆောင် လူမင်းနဲ့ တွေ့ဆုံပြီး၊ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်း၊ အကယ်ဒမီဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများ အကြောင်း၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ ပြန်လည်ပြေလည်မှု ရရှိသွားတဲ့ အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုလူမင်းရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းကနေ စပြီး ပြောပြပေးပါဦး။

LM : ကိုယ်အခု စကေးကြမ်းတယ်ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး ရိုက်နေပါတယ်။ ဒါရိုက်တာကတော့ တင်အောင်ကျော်၊ မင်းသမီးကတော့ ရတနာဗိုနဲ့ပါ။ ဇာတ်လမ်းကတော့ ဟာသပုံစံလေးပါပဲ။ ဒီကားမှာ လင်မယား နှစ်ယောက်က အမွေရတဲ့ အခန်းကို စီးပွားရှာတဲ့ အနေနဲ့ အိမ်ငှားတွေ တင်တာပေါ့။ အိမ်ငှားတွေ မနေနုင်အောင် မောင်းထုတ်လိုက်၊ စရန်တွေအဆုံး စားလိုက်ပေါ့။ အဲ့ဒီလို ဟာသဇာတ်လမ်းမျိုးပါပဲ။

Voice : ရုပ်ရှင်ကားကြီး အနေနဲ့ရော ဘယ်ကားတွေ ရိုက်ဖို့ရှိမလဲ။

LM : ရုပ်ရှင်ကားကြီးကတော့ ဇန်နဝါရီလမှ ပြန်စရိုက်ပါမယ်။ ပထမက ဒီလထဲမှာ ကျွန်တော် ဒါရိုက်တာ လုပ်ပြီး ပြေတီဦးနဲ့ နှစ်ယောက်တွဲ သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကား ရိုက်မလို့ပါ။ ရိုက်မယ့်ဇာတ်လမ်းကို စိတ်တိုင်းမကျတာနဲ့ ရိုက်ရက် နောက်ရွှေ့ထားပါတယ်။ ဇန်နဝါရီလထဲမှာတော့ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ရုပ်ရှင်တစ်ကား ရိုက်မယ်။ ဖေဖော်ဝါရီလထဲမှာတော့ ကိုယ်နဲ့ မြင့်မြတ် နှစ်ယောက်တွဲ ရုပ်ရှင်တစ်ကားရိုက်ဖို့ ရှိတယ်။ ဇန်နဝါရီလကနေစပြီး ရုပ်ရှင်ကားကြီး တစ်လတစ်ကားတော့ ပုံမှန်ရိုက်ဖြစ်ပါမယ်။

Voice : ဒီနှစ်မှာ အကယ်ဒမီဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းအချို့ ပြောင်းထားတာလည်း တွေ့ရပါတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။

LM : ဒီနှစ်မှာလည်း ခါတိုင်းနှစ်တွေလိုပဲ ဆုရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်ပေးတဲ့ အပေါ်မှာပဲ ဆုပေးမှာပါ။ ဆုရွေးချယ်ရေး စည်းမျဉ်းတွေကတော့ မူလနည်းကို ပြန်သွားထားတာပေါ့။ မနှစ်ကတော့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အကဲဖြတ်တဲ့စနစ်ကို လုပ်ခဲ့တယ်။ အဲ့ဒီမှာ အားနည်းချက်က ဘာသွားတွေ့လဲဆိုတော့ ကိုယ်တို့ဆီမှာ အကဲဖြတ်ပေးနိုင်တဲ့ ပညာရှင် နည်းတာကို တွေ့ရတယ်။ အဲ့ဒါကြောင့် အရင်က ဆုပေးတဲ့စနစ် ဖြစ်တဲ့ အကဲဖြတ် အဖွဲ့ဝင်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က မဲပေးကြမှ ဆုအဖြစ် ပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။

Voice : ဒီနှစ်မှာလည်း အကဲဖြတ်အဖွဲ့မှာ ပြည်ပပညာရှင်တွေ ထည့်သွင်းဖို့ အဆိုပြုသူတချို့ ရှိပေမယ့် အကောင်အထည် မပေါ်ပြန်ဘူးနော်။ ဘယ်လိုအခက်အခဲတွေ ရှိနိုင်လို့လဲ။

LM : ဒါကတော့ အကောင်အထည်ဖော်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ သဘောမတူကြလို့ပါ။ အကယ်ဒမီ ဆုပေးပွဲကြီးကို အစဉ်အဆက် ကျင်းပလာတယ် ဆိုတာကိုက ကိုယ်တို့ပြည်တွင်းက ထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ၊ ပညာရှင်တွေကို ချီးမြှောက်တဲ့ပွဲ အနေနဲ့ ကျင်းပလာတာ ဆိုတော့လေ။ ပြည်ပပညာရှင်တွေကို ခေါ်ပြီး အကဲဖြတ်ခိုင်းဖို့ ဆိုတာကလည်း ကိုယ်တို့က ပြည်တွင်းမှာရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုပဲ ရွေးချယ်ဆုပေးတာဆိုတော့ မြန်မာ့နှလုံးသား၊ မြန်မာ့စံ၊ စည်းကမ်းတွေနဲ့ပဲ ပေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နိုင်ငံတကာက ပညာရှင်တွေကို ဖိတ်ခေါ်ပြီး အကဲဖြတ်ခိုင်းဖို့ မလိုအပ်ဘူးလို့ စိစစ်ရေးအဖွဲ့ဝင် အားလုံးက ဆုံးဖြတ်ခဲ့ကြတာပါ။

Voice :  အကယ်ဒမီ ဆုပေးပွဲက မတ်လထဲ ကျင်းပဖို့ လျာထားတယ်လို့သိရတယ်။ ဒီနှစ်မှာ ပွဲကျင်းပမယ့် နေရာအပြောင်းအလဲ ဖြစ်နိုင်လား။

LM : အကယ်ဒမီ ဆုပေးပွဲကို မတ်လထဲ ကျင်းပဖို့ လျာထားပါတယ်။ ပွဲကျင်းပမယ့် နေရာကလည်း အပြောင်းအလဲ ဖြစ်မှာ သေချာပါတယ်။ ရက်ကတော့ မတ်လ ၁၈ (သို့မဟုတ်) ၁၉ ရက်နေ့မှာ ကျင်းပဖို့ လျာထားပါတယ်။ အကယ်ဒမီပွဲအတွက် စပွန်ဆာရှာတဲ့ ကိစ္စတွေကိုတော့ ဒီလထဲမှာပဲ စလုပ်တော့မှာပါ။ အကဲဖြတ်အဖွဲ့ အနေနဲ့လည်း ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေကို စိစစ်အကဲဖြတ် ကြည့်ရှုနေပါပြီ။

Voice : ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကို တရားစွဲဖို့အထိ ဆုံးဖြတ်ခဲ့ပြီးမှ ပြန်လည်ပြေလည်မှု ရသွားတဲ့ အကြောင်းကိုလည်း သိချင်ပါတယ်။ ဘယ်လိုနားလည်မှု ရသွားခဲ့ကြတာလဲ။

LM : အဓိကကတော့ ကိုယ်တို့တွေက အစကတည်းက ဒီလိုဖြစ်ချင်လို့တော့ မဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး ဆိုတာကြီးက စည်းမဲ့ကမ်းမဲ့ စည်းလွတ်၊ ဝါးလွတ် ပြောလို့ဆိုလို့ရတဲ့ အစည်းအရုံးကြီး မဟုတ်ဘူး ဆိုတာကို ဖြစ်စေချင်လို့၊ ဒါကို ကာကွယ်တဲ့ အနေနဲ့ တရားတဘောင်ကိစ္စ ဆိုတာ ဖြစ်လာခဲ့တာပါ။ နောက်ပိုင်းမှာ တစ်ဖက်က ကိုယ်ပြောတဲ့ စကားကို ကိုယ်ပြန်ရုပ်သိမ်းတယ်ဆိုတော့ ကျွန်တော် လူဂ္ဂိုလ်အနေနဲ့ မဟုတ်ဘဲ၊ အဖွဲ့အစည်း အနေနဲ့ သဘောထားကြီးစွာ ပြန်ရုပ်သိမ်းပေးလိုက်တဲ့ သဘောပါ။

Voice : အစ်ကိုတို့နှစ်ယောက် ပြေလည်မှုရပြီးတဲ့ နောက်မှာ စကားတစ်လုံးရဲ့ တာသွားမှုကို ဖွဲ့ဆိုထားတဲ့ နန္ဒာသိန်းဇံရဲ့ ကဗျာလေးကို Facebook Page မှာ တင်ခဲ့တာလည်း တွေ့ရပါတယ်။ ကိုယ်တိုင်ရော စကားတစ်ခွန်းရဲ့ သက်ရောက်မှုကို ဘယ်လိုနားလည်ထားလဲ။

LM : ကျွန်တော်ကတော့ စကားတစ်ခွန်းကို မပြောခင် အများကြီး စဉ်းစားပါတယ်။ ကျွန်တော့်ကို ဝေဖန်တိုက်ခိုက်တဲ့ သူတွေက မျက်နှာသိ ကိုယ့်အနုပညာ အသိုင်းအဝိုင်းထဲက လူတွေရော၊ မသိတဲ့ လူတွေရော အများကြီးပါပဲ။ ဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ အမေရိကန်မှာ ဆူရှီဆိုင် ဒုတိယအများဆုံး ဖွင့်ပြီးတော့ စွန့်ဦးတီထွင် အောင်မြင်တဲ့ မြန်မာနိုင်ငံသား တစ်ယောက် ရှိပါတယ်။ အိုဘားမားကိုယ်တိုင်က ညစာစားပွဲနဲ့ ဂုဏ်ပြုခဲ့ရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပါ။ သူနဲ့ စကားပြောဝိုင်း တစ်ခုမှာ ဆုံတော့ သူ့ဆီက ပညာလေးတစ်ခု ရလိုက်ပါတယ်။ ငါ ရေးလိုက်တဲ့ စာတစ်လုံး၊ ငါ့ပုံတစ်ပုံကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတဲ့ အတွေးလေး တွေးကြည့်လိုက်ပါတဲ့။ အဲ့ဒါဆို ကိုယ့်ဟာကိုယ် ဆင်ခြင်သွားပါလိမ့်မယ်တဲ့။ သူတို့ဆီမှာ အဲ့ဒီလို မရှိဘူးလို့ ပြောပါတယ်။ ဆိုလိုတာက ကိုယ်ရေးတဲ့ စာတစ်လုံး၊ ကိုယ်တင်တဲ့ ပုံတစ်ပုံအတွက် သူတို့ အင်မတန် စဉ်းစားပါတယ်ပေါ့။ ကျွန်တော်တို့ဆီမှာလို အချင်းချင်း ဝေဖန်ပြောဆိုမှုတွေ ဖောင်းပွနေတာမျိုး သူတို့ဆီမှာ မရှိပါဘူးလို့ ပြောပါတယ်။ 

Voice : ကိုယ်တိုင်လည်း Facebook သုံးနေတာ တွေ့တယ်လေ။ လူမှုကွန်ရက် Facebook ကိုရော ဘယ်လိုပုံစံမျိုး သုံးသင့်တယ်လို့ ကိုယ့်ပရိသတ်တွေကို အကြံပြုချင်လဲ။

LM : ကိုယ်ရေးလိုက်တဲ့ စကားတစ်လုံး၊ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံဟာ ကိုယ်တစ်ယောက်တည်း ကြည့်ဖို့ မဟုတ်ဘူး။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေချည်းပဲ ကြည့်ဖို့ မဟုတ်ဘူး။ ကိုယ့်ပြောချင်တဲ့သူ၊ ကိုယ်ရည်ရွယ်တဲ့သူကပဲ ကြည့်မှာ ဖတ်မှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက ကြည့်လို့ ဖတ်လို့ရနေတဲ့ အချိန်ဆိုတော့ အဲ့ဒီလောက် ကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝန်းကြီးထဲမှာ ကိုယ့်အရေးအသား၊ အပြောအဆိုသည် သူတစ်ပါးကို ထိခိုက်တာက နောက်၊ ကိုယ့်သိက္ခာက အရင်ဘယ်လောက်အထိ ထိခိုက်သွားမယ် ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။

သန့်ဇင်ဦး