News

POST TYPE

INTERVIEW

ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်နှင့် တွေ့ဆုံခြင်း
05-Dec-2016
ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း တွေ့ရှိရသော အခြေအနေများ၊ နိုင်ငံတကာ သတင်းမီဒီယာများတွင် ဘင်္ဂါလီ ကျေးရွာများ၌  တပ်မတော်က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်းများနှင့် ပတ်သက်သော စွပ်စွဲချက်များကို ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်နှင့် The Voice က ဆက်သွယ်မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : အခု ရခိုင်ပြည်နယ် တတိယအကြိမ်မြောက် ခရီးစဉ်မှာ ရခိုင်အရပ်ဘက် အဖွဲ့တွေနဲ့ ရခိုင်ပြည်သူတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ရှိတော့ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရလဲ။

UAL : ဘာအခက်အခဲမှတော့ မရှိပါဘူး။ သူတို့ ဆန္ဒထုတ်ဖော်မှုတွေက ကျွန်တော်တို့ရဲ့ အလုပ်တစ်ခုလို့ သဘောထားပါတယ်။ ဘယ်သူတွေ ဘာပြောချင်တယ် ဆိုတာကို နားထောင်ဖို့သွားတာ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ အလုပ်ရဲ့ တစ်စိတ်တစ်ဒေသလို့ မှတ်ယူထားပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌ ပြောတာကတော့ ဒီလိုဆန္ဒပြမှုတွေက ဒီမိုကရေစီရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့အတွက် အရမ်းဝမ်းသာဖို့ ကောင်းတယ်လို့ ပြောပါတယ်။ သို့သော် မျက်နှာချင်းဆိုင်ပြီး စကားပြောလိုက်ရင် သူပြောချင်တာတွေ နားထောင်လို့ရမယ်။ ဒီဘက်ကလည်း ပြန်ရှင်းပြလို့ရမယ်။ နားလည်မှု တည်ဆောက်လို့ ရမယ်။ ပြီးတော့ သူတို့ရဲ့ အကြံပေး အချက်အလက်တွေ ပါဝင်လာမှာ ဖြစ်တယ်။ အခုလို ဖြစ်စဉ်တွေကို အခက်အခဲ အနှောင့်အယှက်တွေနဲ့ မမြင်ပါဘူး။

Voice : ရခိုင်ပြည်နယ် ခရီးစဉ်မှာ ရခိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ခဲ့ခြင်း ရှိခဲ့လား။

UAL : ရခိုင်က CSO တွေ ပါမယ်။ ညနေခင်းမှာ ရခိုင်လူငယ်တွေနဲ့ တွေ့တယ်။ တော်တော်အားရှိဖို့ ကောင်းပါတယ်။ သူတို့ပြောတာတွေက အတိတ်ရဲ့ အရိပ်ထဲမှာ မနေပါဘူးလို့ ပြောတယ်။ ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

Voice : ဘူးသီးတောင် မောင်တော ခရီးစဉ်မှာ ဘင်္ဂါလီ အဖွဲ့တွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ဘက်က ဘယ်လိုအခြေအနေတွေကို တင်ပြတာရှိလဲ။

UAL : အစ္စလာမ် ဘာသာဝင်တွေကတော့ သူတို့ရဲ့ ရှုထောင့်တွေကို တင်ပြခဲ့ကြပါတယ်။ ကျီးကန်းပြင် နေရာမှာ အမျိုးသမီးတွေက တော်တော်များများ ငိုယိုပြီး ပြောကြတာ ရှိပါတယ်။ ဒါက သူတို့ဘက်က တင်ပြချက်တွေပေါ့။ သူတို့ဘက်က တင်ပြချက်က အစိုးရဘက်က တင်ပြချက်တွေနဲ့ မတူတာတွေလည်း ရှိပါတယ်။ တူတာတွေလည်း ရှိပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့က ကောက်ချက်မချပါဘူး။ သူတို့ပြောတာတွေ နားထောင်ထားပါတယ်။

Voice : မကြာခင်ကာလက နိုင်ငံတကာက သတင်းမီဒီယာတွေမှာ မြန်မာ့တပ်မတော်က ဘင်္ဂါလီ ကျေးရွာတွေကို မီးရှို့တယ်။ ဘင်္ဂါလီ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေ ရှိတယ်ဆိုပြီး ရေးသားလာကြတာ ရှိပါတယ်။ အဲဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘင်္ဂါလီတွေဘက်က တင်ပြလာတာတွေ ရှိလား။

UAL : သူတို့ ဘက်က သူတို့ပြောတာတွေ ရှိတယ်။ ကျွန်တော်တို့ဘက်က ဒါတွေကို ဘာမှကောက်ချက်တွေ ဘာတွေမချဘူး။ သူတို့ပြောတာတွေ နားထောင်ထားတယ်။ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတင်တဲ့ အခါမှာ တကယ်အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့က ပြုပြင်နိုင်မည့် ကိစ္စတွေ အကောင်းဆုံး ဖြစ်အောင် အကြံပြုချက်တွေပေးမှာ ဖြစ်ပါတယ်။

Voice : နိုင်ငံတကာတွေက စွပ်စွဲပြောဆိုနေသလို နိုင်ငံခြားမီဒီယာတွေ ရေးနေကြလို့ မြန်မာ့တပ်မတော်က ရွာတွေကို မီးရှို့တယ်ဆိုတဲ့ အချက်တွေအပေါ် ဘင်္ဂါလီတွေက တင်ပြကြတာ ရှိလား။

UAL : သူတို့ပြောတာတွေပဲ နားထောင်လာခဲ့တယ်။ အစိုးရဘက်က ရှင်းပြကြတာတွေလည်း ရှိပါတယ်။ ဟိုဘက်ကလူတွေ ပြောကြတာလည်း ရှိတယ်။ ခုနက ပြောသလို တူတာတွေလည်း ရှိတယ်၊ မတူတာတွေလည်း ရှိပါတယ်။

Voice : ဆရာဦးအေးလွင် အနေနဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာတွေပြောချင်လဲ။ 

UAL : ကျွန်တော်တို့က အကြံပေးဖို့အတွက် အချက်အလက် သွားစုဆောင်းတာပါ။ ဘာကိုတွေ့ရလည်း ဆိုရင် ငြိမ်းချမ်းမှုကို အများပြည်သူက လိုလားတယ်။ ပဋိပက္ခက အကျိုးမရှိဘူး ဆိုတာ သိရတယ်။ အဲဒါတွေက ကျွန်တော်တို့ တွေ့ဆုံခဲ့ရတဲ့ အချက်တွေ ဖြစ်တယ်။

Voice : ကျေးဇူးတင်ပါတယ်။     

ကျော်စိုးဦး
ဆက်စပ်အင်တာဗျူး - နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံခြင်း >>