News

POST TYPE

INTERVIEW

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံခြင်း
05-Dec-2016
ဒီဇင်ဘာလ ၄ ရက်နေ့က မလေးရှားနိုင်ငံအတွင်း လူထောင်နှင့်ချီ၍ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အစိုးရက မွတ်ဆလင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲချက်များဖြင့် မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြမှုတွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည်။ ယင်းသို့ လုပ်ဆောင်မှုအပေါ်  မြန်မာနိုင်င ံအနေနှင့် မည်သို့ တုံ့ပြန်သွားမည်ကို သိရှိနိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါသည်။

Voice : မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ မလေးရှား ဆန္ဒပြမှုအပေါ် မြန်မာအစိုးရ အနေနဲ့ ဘယ်လိုတုံ့ပြန်သွားဖို့ ရှိလဲ။

UZH : မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် ဆန္ဒပြပွဲကို ဦးဆောင်ပြီးတော့ ကျွန်တော်တို့နိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရော၊ သူရဲ့နိုဘယ်လ်ဆုကိုရော မြန်မာနိုင်ငံကိုရော တော်တော်လေး ပြင်းပြင်းထန်ထန် ပြောသွားတယ်။ အဲ့ဒီအပေါ် ကျွန်တော်တို့က  တော်တော်ကြီးကို စိတ်ပျက်လက်ပျက် ဖြစ်တယ်။  အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဒီလိုမျိုး ဘာသာရေးအရ ဆွဲဆောင်စည်းရုံးပြီးတော့ လုပ်တာ လုပ်သင့်ရဲ့လား ဆိုတာ စဉ်းစားရဲ့လား။ နောက်တစ်ချက်က ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့  သူ့အပေါ် နိုင်ငံရေး ထောက်ခံမှု အခြေအနေ၊ ရွေးကောက်ပွဲ အခြေအနေပေါ်မှာ ထောက်ခံမှုရဖို့ ဒီလိုမျိုး ဘာသာရေးအရ ဆွဲပြီးလုပ်သလိုမျိုး ဖြစ်နေတာကို ကျွန်တော်တို့က စိတ်ပျက်လက်ပျက် ဖြစ်တယ်။ တော့်တော့်ကို စိတ်ပျက်ရတယ်။ ဒီမတိုင်ခင်မှာ မလေးရှား မီဒီယာတွေမှာ မောင်တောဖြစ်စဉ် မဟုတ်တဲ့ ဗီဒီယိုဖိုင်တွေ သတင်းတွေကို ဖော်ပြခဲ့တယ်ဆိုတာ သိရတယ်။ အတည်တော့ မပြုရသေးဘူး။ တကယ်လို့ အဲ့ဒီလို လူထုကို သွေးဆူအောင် မဟုတ်မမှန် သတင်းတွေ ဖော်ပြတယ်ဆိုရင် နိုင်ငံပိုင်မီဒီယာရော၊ ပုဂ္ဂလိက ပိုင်မီဒီယာရော ဒါတွေကို လုပ်ဆောင်တာက တော်တော်စိတ်ပျက်စရာ ဆိုတာ တွေ့ရတယ်။ မလေးရှားနဲ့ ကျွန်တော်တို့က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေ ဖြစ်တယ်။ နောက် အာဆီယံ အဖွဲ့ဝင်လည်း ဖြစ်တယ်။  
သံအမတ်ကြီးတွေက တစ်ဆင့် သတင်းအချက်အလက်တွေ ရနိုင်၊ မေးနိုင်၊ အတည်ပြုလို့ ရနိုင်ရဲ့နဲ့ သံတမန် နည်းလမ်းအရ မလုပ်ဘဲ အခုလိုလုပ်တာ တော်တော် စိတ်ပျက်ရတယ်။

Voice : ဒီလိုလုပ်ရပ်က အာဆီယံရဲ့ စည်းမျဉ်းတွေ သဘောတူညီချက်တွေကို ချိုးဖောက်သလို ဖြစ်မနေဘူးလား။

UZH : မှန်တယ်။ အာဆီယံကို ပြန်ကြည့်လိုက် ရင် ဘာသာအရ မတူညီတာ၊ လူမျိုးရေးအရ မတူညီတဲ့  နိုင်ငံတွေ ပါတယ်။ နောက်ယဉ်ကျေးမှုအရ မတူညီတာ။ ဖွံ့ဖြိုးတိုးတက်မှုအရ မတူညီတဲ့ အခြေအနေတွေ  အများကြီး ရှိတယ်။ နိုင်ငံရေးစနစ်လည်း မတူကြဘူး။ ဒီမတူညီမှုတွေကို ဘာနဲ့ပေါင်းစည်းထားလဲ ဆိုတော့ အာဆီယံ ပဋိညာဉ် (Charter) နဲ့ ပေါင်းစည်းထားတယ်။ ဒီ ပဋိညာဉ်အရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒီလိုလုပ်တာဟာ အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်သလို အာဆီယံရဲ့  စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေတယ်။ အာဆီယံ စတင်တည်ထောင်ရာမှာ ပါဝင်တဲ့ နိုင်ငံတစ်ခုက ဒီလိုမျိုး ချိုးဖောက်မှုတွေ လုပ်တာ အာဆီယံ ပေါင်းစည်းမှုအတွက် တော်တော်ကို စိုးရိမ်ရတဲ့ အနေအထား  ရောက်လာပြီလို့ တွေ့ရတယ်။ နောက်တစ်ချက်ကတော့ တော်တော်ကြီးကို အရေးကြီးတယ်။ မောင်တောဖြစ်စဉ်က ရဲတပ်ဖွဲ့စခန်းတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သွားပြီး လက်နက်တွေ ယူဆောင်သွားတဲ့ ဖြစ်ရပ်ဖြစ်တယ်။ ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုက ဘယ်အာဆီယံ နိုင်ငံမှာမဆို ဖြစ်ပွားလာပြီဆိုရင် တော်တော်ကို စိုးရိမ်စရာကောင်းတဲ့ အနေအထားလို့ နိုင်ငံတိုင်းက သိထားပြီးသား ဖြစ်တယ်။ ကျွန်တော်တို့ ဒီဖြစ်စဉ်ကို ကိုင်တွယ်ရာမှာ တည်ဆဲဥပဒေနဲ့ ညီညွတ်စေဖို့ အလေးထားပြီး ဆောင်ရွက်တယ်။ နိုင်ငံတကာ စံနှုန်းတွေနဲ့ညီအောင်  ဆောင်ရွက်တယ်။ ဒီလိုဆောင်ရွက်ချက်တွေ အပေါ်  စွပ်စွဲချက်တွေ ပေါ်လာတဲ့ အခါမှာလည်း မျက်စိမှိတ် ငြင်းဆန်တာ မလုပ်ဘူး။ စုံစမ်းစစ်ဆေးရေကော်မရှင် ဖွဲ့တယ်။ ပြည်နယ်အဆင့်ရော ဒုသမ္မတ ဦးဆောင်တဲ့ နိုင်ငံတော်အဆင့်ရော ဖွဲ့စည်းပြီး ဆောင်ရွက်တယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီကို စုစည်းပြီး ဆောင်ရွက်ခဲ့တယ်။ တစ်ချိန်တည်းမှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ဗဟိုကော်မတီကို ဖွဲ့ပြီး ဆောင်ရွက်တယ်။ အစိုးရတစ်ရပ်လုံး ပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ အချိန်မှာ ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာတာ ဖြစ်တယ်။ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ဖြစ်လာတာတော့ မဟုတ်ဘူး။ အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်တဲ့ အချိန်မှာ မြန်မာနိုင်ငံကို ဂျီဟတ် ကြေညာတဲ့ ဗီဒီယိုဖိုင် တက်လာတယ်။ ဂျီဟတ်သည် အစွန်းရောက် အကြမ်းဖက်မှုပဲ။ ဒါကိုအထင်အရှား ရှိတယ်။ ဒီအပေါ် နိုင်ငံတွေက အလေးအနက် ထားသင့်တယ်။ နိုင်ငံတကာ အနေနဲ့ နောက်ပိုင်း ချဲ့ကားရေးသားမှုတွေ အပေါ်ကိုပဲ အာရုံစိုက်ရင် အကြမ်းဖက် တိုက်ခိုက်မှု ဂျီဟတ်ကြေညာမှု ဒီအပေါ်တွေကို လျစ်လျူရှုသလို ဖြစ်သွားမယ်။ မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်ပြီး အခုလို နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ရှုတ်ချတယ်၊ ဝေဖန်တယ်၊ ကန့်ကွက်တယ်ဆိုတဲ့ လုပ်ဆောင်မှုတွေ လုပ်တာဟာ ကျွန်တော်တို့ ပြည်တွင်းမှာ ဘာသာရေး အစွန်းရောက်တွေ ပိုပြီး များပြားလာအောင်၊ အကြမ်းဖက်မှုတွေ ပိုများလာအောင် သွေးတိုးလှုံ့ဆော်ရာ ရောက်နေတယ်။ မလေးရှား ဝန်ကြီးချုပ်ရဲ့ ဒီလိုလုပ်ဆောင်မှုဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘူး အာဆီယံဒေသ တစ်ခုလုံးကို သက်ရောက်စေနိုင်တယ်။ နောက်ပြီး ကမ္ဘာ့နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကိုလည်း ပိုပြီးတော့ အားပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အစွန်းရောက်ဝါဒကို တွန်းပို့တယ်။ အကြမ်းဖက်ဝါဒကို ပိုပြီး မြှင့်တင်ပေးတဲ့ သဘော သက်ရောက်တယ်။ ဒါက အာဆီယံသာမက တစ်ကမ္ဘာလုံးကိုပါ သက်ရောက်စေပါတယ်။ 

Voice : မလေးရှား ဝန်ကြီးချုပ် ဘာကြောင့် အခုလို လုပ်တယ်လို့ သုံးသပ်ပါသလဲ။

UZH : အကြောင်းအရင်း အမျိုးမျိုးတော့ ရှိနိုင်တယ်။ မလေးရှား အစိုးရရဲ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့  လူထုထောက်ခံမှု အခြေအနေ၊ ပြည်တွင်းနိုင်ငံရေး အခြေအနေကို အာဆီယံ မူအတိုင်း တစ်စုံတစ်ရာ  မှတ်ချက်ပေး ဝင်ရောက်မစွက်ဖက်လိုသော်လည်း သူတို့ ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုရဖို့အတွက် ကျွန်တော်တို့ နိုင်ငံမှာ အစွန်းရောက်ဝါဒ ကြီးမားလာအောင် အကြမ်းဖက်ဖြစ်ရပ် ပိုမိုဖြစ်ပွားလာအောင်   ဒီလိုမျိုး မလုပ်သင့်ဘူးလို့ မြင်တယ်။

Voice : အာဆီယံမူအရ မလုပ်ရမယ့် ကိစ္စကို ဒီလိုမျိုးလုပ်တဲ့ အတွက် အာဆီယံ အနေနဲ့ မလေးရှားကို တစ်စုံတစ်ရာ မလုပ်ဘဲ မသိသလိုနေမယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ဘယ်လိုတုံ့ပြန်ဖို့ ရှိလဲ။ နှုတ်ထွက်တဲ့အဆင့် အထိ ဖြစ်လာနိုင်လား။

UZH : ဒါက အာဆီယံရဲ့ စိန်ခေါ်မှုပဲ။ အာဆီယံ အဖွဲ့အစည်း တစ်ခုလုံးနဲ့ သက်ဆိုင်တယ်။ အာဆီယံ အဖွဲ့အစည်းရဲ့ ရေရှည်ရပ်တည်မှု။ နောက် ရှေ့လုပ်ငန်းစဉ် မျှော်မှန်းချက်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်၊ အချက်ပေး ခေါင်းလောင်းသံ ဖြစ်တယ်။ အာဆီယံ ပဋိညာဉ်ကို လိုက်နာပါ့မယ်လို့ အာဆီယံဝင် နိုင်ငံတွေ အားလုံးက အသီးသီး လက်မှတ်ရေးထိုးထားရတယ်။ ပဋိညာဉ်က အာဆီယံရဲ့ အမြုတေ ဖြစ်တယ်။  ဒီအမြုတေကို မလေးစား မလိုက်နာတာမျိုး ဒီလိုနိုင်ငံတစ်ခုက လုပ်လာရင် ကျန်တဲ့ကိုးနိုင်ငံက ဘာလုပ်မလဲ။ နောင်မှာ ဒါမျိုးအလားတူ ထပ်ခါထပ်ခါ ချိုးဖောက်မယ်ဆိုရင် အာဆီယံ ပဋိညာဉ်က အဓိပ္ပာယ် မရှိတော့ဘူး။ ကိုယ်ထိုးထားတဲ့ လက်မှတ်ကို ကိုယ်လေးစားမှု ရှိရမယ်။ 

Voice : ဒီတော့ မြန်မာနိုင်ငံက နုတ်ထွက်တဲ့ အဆင့်အထိ လုပ်သွားဖို့ ရှိလား။

UZH : ဒါက အာဆီယံ နိုင်ငံတွေကြားမှာ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တယ်။ မလေးရှားနိုင်ငံက အာဆီယံ ပဋိညာဉ် သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ကျန်တဲ့နိုင်ငံတွေ ဘယ်လိုလုပ်ကြမလဲ။ ဒီအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ဆွေးနွေးရမှာ ဖြစ်တယ်။ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းကိုက အဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ သဘောတူညီမှုတွေနဲ့ လုပ်ရတာ ဖြစ်တယ်။ အာဆီယံ အတွက်လည်း ဒါက ကြီးမားတဲ့ စိန်ခေါ်ချက် ဖြစ်လာတယ်။ အခုမလေးရှားရဲ့ လုပ်ဆောင်မှုသည် အာဆီယံ ပဋိညာဉ်ကို အတိအလင် ချိုးဖောက်လုပ်ဆောင်လာတာ ဖြစ်တော့ အာဆီယံဝင် နိုင်ငံတွေ အားလုံး ဆွေးနွေးအဖြေရှာဖို့ လိုလာပြီ။          

ကျော်ဆန်းမင်း

ဆက်စပ်အင်တာဗျူ : "အထွေထွေ အကျပ်အတည်း General Crisis လို့ မယူဆပါဘူး" နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံခြင်း >>


  • VIA