News

POST TYPE

INTERVIEW

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနပါမောက္ခ ဒေါက်တာမော်ဦးနှင့် တွေ့ဆုံခြင်း
12-May-2020
“COVID ကို အာရုံစိုက်နေရင်းနဲ့ တခြားဟာတွေကို ပစ်မထားဖို့လည်း ကျွန်တော်တို့က တိုက်တွန်းတယ်”



လတ်တလော ကူးစက်ဖြစ်ပွားနေသည့် COVID-19 အပြင် အခြားကျန်းမာရေးပြဿနာများကိုလည်း သတိပြုရန် လိုအပ်နေသည်များကို အများပြည်သူသိနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနမှ ပါမောက္ခ ဒေါက်တာမော်ဦးကို မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆေးရုံမှာ COVID-19 အပြင် အခြားကဏ္ဍတွေအတွက် ဆောင်ရွက်နေရတာတွေ သိပါရစေဆရာ။
Dr.MO : အဲဒါပဲ ကျွန်တော်တို့က စိုးရိမ်တာ။ စိုးရိမ်တယ်ဆိုတာ အားလုံးက အကြီးဆုံးကနေစပြီးတော့ အလုပ်သမားအထိ အကုန်လုံးက COVID၊ COVID ပဲ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့က COVID မဟုတ်ဘဲနဲ့ တခြားနှလုံးရောဂါ၊ ဆီးချို၊ သွေးတိုး၊ ထိခိုက်ဒဏ်ရာ ဒီလိုမျိုးတွေနဲ့ လာနေတဲ့လူနာတွေရဲ့ ကုသမှုက လျော့မသွားစေချင်ဘူး။ လျော့မသွားစေချင်ဘူးဆိုတာက COVID ကြောင့်ပဲ လူတွေအပြင်မထွက်တာနဲ့ ဘာနဲ့တော့ လူနာအရေအတွက်တော့ လျော့သွားပေမယ့် လာတဲ့လူနာတွေကို ကုသနိုင်တဲ့စွမ်းအားကို နဂိုတုန်းကကုနိုင်တဲ့ ပုံသဏ္ဌာန်အတိုင်းပဲ ဆေးရုံတိုင်းကို ဖြစ်စေချင်တယ်။ COVID လူနာနည်းနည်း သက်သာတဲ့အချိန် ကျန်တာတွေကို အားစိုက်၊ COVID နည်းနည်းများလာရင် COVID ကို ပြန်အားစိုက်။ ဒီလိုမျိုးဖြစ်စေချင်တာ။ ကျန်တာတွေကို လုံးလုံးကြီး ဖယ်ထားတာမျိုး မဖြစ်စေချင်ဘူး။ အရင်တစ်ခါတုန်းက မန္တလေးဆေးရုံကြီးမှာ ၁၂ ယောက်သေသွားတယ်တို့၊ ရန်ကုန်ဆေးရုံကြီးမှာ ဘယ်နှယောက်သေသွားတယ်တို့ဆိုတာ ကျွန်တော်တို့ရဲ့ Level of Care ကုသနိုင်တဲ့ Level မကျသွားစေချင်ဘူး။ အဲဒါကြောင့်မို့လို့ တခြားဆေးရုံတွေကို အဲဒါလေးပြောချင်တယ်။

Voice : ဆရာတို့ အရေးပေါ်ဌာနကျတော့ရော အခုအချိန်မှာ ဘယ်လိုလူနာတွေ လာတာများနေပါသလဲ။ မလာဘဲနေကြလား။ ဘယ်လိုအခြေအနေရှိပါသလဲ ဆရာ။
Dr.MO : Lockdown လုပ်တာရယ်။ Home Stay နေကြဖို့ တိုက်တွန်းထားတာရယ်ကြောင့် လူနာအရေအတွက်ကတော့ နည်းသွားတာ သေချာတယ်။ သာမန်လောက်ဆို လာမပြကြတော့ဘူးလေ။ ဒါပေမဲ့ လာနေဆဲပါပဲ။ နဂိုထက် သုံးပုံတစ်ပုံလောက် လျော့သွားပေမယ့် သုံးပုံနှစ်ပုံလောက်ကတော့ ရှိသေးတယ်။ အဲဒီမှာ လေဖြတ်တာတွေ၊ နှလုံးသွေးကြောပိတ်တာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ အန္တရာယ်နဲ့သက်ဆိုင်တဲ့ လောလောဆယ်လူနာတွေက မလာလို့မှမရတာ။ လာနေဆဲပဲဖြစ်တယ်။ ဒီလူတွေကိုလည်း နဂိုစနစ်အတိုင်း ကုသပေးဖို့ ကြိုးစားနေတယ်။ ရန်ကုန်ဆေးရုံကြီးအနေနဲ့တော့ ဒါတွေကို အဓိကအားဖြင့် လုပ်ပေးနေဆဲပဲ။ ဒါပေမဲ့ အဲဒီလို မလာတဲ့အချိန်မှာ ကျွန်တော်တို့အတွက် ခက်ခဲတာတစ်ခုရှိတာက ဘာလဲဆိုတော့ လူနာတွေက သွားရေးလာရေး၊ သယ်ပို့ရေးခက်ခဲတယ်။ ဒီလိုအခြေအနေမှာ စောစောစီးစီး မရောက်လာတဲ့ ကိစ္စတစ်ခုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ COVID ကြောက်လို့ ဆေးရုံမလာတာက တစ်ပိုင်း၊ တကယ်ဖြစ်ပေမယ့် အောင့်အီးနေပြီးတော့ နေရတာက တစ်ပိုင်း။ အဲဒီလိုနေရင်းကနေ တကယ်ဖြစ်ရင် အရမ်းအသည်းအသန်နဲ့ လာကြတာမကောင်းဘူး။ အဲဒီလိုအခြေအနေမဟုတ်ဘဲ စောစောစီးစီးလာ။ COVID ရော COVID မဟုတ်တဲ့ တခြားရောဂါတွေရော တစ်ပြိုင်နက်တည်း ကုနေပေးတယ်ဆိုတာကို ပြည်သူလူထုကို သိစေချင်တယ်။ နို့မို့ဆို COVID ကြောက်တာနဲ့ လာတဲ့အချိန်ကျတော့ သေလုမြောပါးဖြစ်၊ အသက်တောင်မကယ်နိုင်။ အဲဒီလိုတွေ ဖြစ်တတ်တယ်။ အဲဒီလိုလည်း မဖြစ်စေချင်ဘူး။

Voice : အခုရော အဲဒီလိုအသည်းအသန်ဖြစ်မှလာတဲ့ လူနာတွေရှိနေတယ်ပေါ့။
Dr.MO : အသည်းအသန်ဖြစ်မှ လာတဲ့လူနာတွေရှိနေလို့ COVID ကလည်း အသည်းအသန် ကုရသေးတာတစ်မျိုး၊ သူတို့ကလည်း ဆိုးတဲ့အချိန်မှ ရောက်လာတာတစ်မျိုးပေါ့နော်။ နောက်ပြီး ပုဂ္ဂလိကဆေးရုံတွေကလည်း ဆရာတွေက မထိုင်ကြ။ တချို့ဆေးရုံတွေကလည်း ပိတ်ထားနဲ့။ လူတွေတော့ တော်တော်ဒုက္ခရောက်တယ်။ COVID ကို အာရုံစိုက်ဖို့အတွက်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ COVID ကို အာရုံစိုက်နေရင်းနဲ့ တခြားဟာတွေကို ပစ်မထားဖို့လည်း ကျွန်တော်တို့က တိုက်တွန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ COVID အလွန်ကာလမှာ COVID ပြီးမြောက်ပြီးတဲ့အခါ ဒီဟာတွေရဲ့ဒဏ်တွေကို ဆေးရုံတွေက ခံရဦးမယ်လေ။

Voice : တစ်ခုခုဖြစ်ရင် ရပ်ကွက်ထဲမှာ ပြစရာဆေးခန်းတွေလည်း ပိတ်ထားတာတွေရှိနေတယ်။ ဆေးရုံကျတော့လည်း လူတွေကကြောက်ပြီး မသွားကြတာတွေရှိတယ်။
Dr.MO : ဆေးရုံတွေကို မကြောက်ပါနဲ့။ ဆေးရုံတွေမှာ COVID က သီးခြားထားပြီး ကုတာပါ။ ပုံမှန်ကုပေးတဲ့ လမ်းကြောင်းကလည်း သပ်သပ်ရှိပါတယ်။ 

Voice : ဟုတ်ကဲ့။ ကျေးဇူးပါ ဆရာ။ တခြားဖြည့်စွက်ပြောချင်တာ ရှိပါသလားဆရာ။
Dr.MO : ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ လက်မကြာခဏဆေးတာ၊ Mask တပ်တာ၊ Social Distancing တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံးခြောက်ပေကွာပြီး ဆက်ဆံပြောဆိုတာ၊ ဒီဟာတွေကို တိတိကျကျလိုက်နာပေးပါ။ အဲဒီလို လိုက်နာပေးခြင်းက ဆေးရုံမှာရှိနေတဲ့ ဆရာဝန်၊ သူနာပြုတွေကို ကူညီရာလည်း ရောက်ပါတယ်။

အေးသန္တာထွန်း