News

POST TYPE

INTERVIEW

အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်တွေကို ဘယ်လိုများကာကွယ်ကြမလဲ
10-May-2020


(The Germ Files စာအုပ်ကို ရေးသားခဲ့သည့် ဗိုင်းရပ်စ်ဆိုင်ရာပညာရှင် ဂျေဆန်တက်တရိုနှင့် Reader’s Digest Canada မဂ္ဂဇင်းတို့ အင်တာဗျူး)

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာ ပိုးမွှားတွေအကြောင်းက လူတိုင်း စဉ်းစားနေမိ မှာပါ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ မထိမိအောင် ဘယ်လိုနေကြမလဲ ဒါမှမဟုတ် အလားတူအန္တရာယ်ရှိတဲ့ တခြား ဗိုင်းရပ်စ်တွေကနေ ဘယ်လိုကာကွယ်ကြမလဲပေါ့။ 

ဘယ်လိုကာကွယ်ကြမလဲ သိချင်ကြပေတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ခြင်းဟာ အခြား ဒုက္ခပေးတဲ့ အရာတွေဖြစ်တဲ့ တုပ်ကွေးလိုပဲ အန္တရာယ် ရှိတဲ့ရောဂါတွေကို ကာကွယ်ခြင်းနဲ့ အတူတူပါပဲ။ မကြာခဏ လက်ကိုဆေးရမယ်။ လူအများထိတွေ့ နေတဲ့ တံခါးလက်ကိုင်ဘုတွေ၊ ဓာတ်လှေကား ခလုတ်တွေကို ထိတွေ့တာ လျှော့ချရမယ်။ ကိုင်ပြီးရင် လက်ဆေးရမယ်။ 

ကိုယ့်အိမ်မှာဆိုရင်တော့ သုံးနေကျ ပစ္စည်း တွေကို ပိုးသတ်သန့်စင်ထားနိုင်ပါတယ်။ အထိအတွေ့ များတဲ့နေရာတွေဟာ များသောအားဖြင့် အိမ်သာနဲ့ နောက်ဖေးမီးဖိုချောင်တွေမှာ ရှိတတ်ပါတယ်။ ယခု အခါ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို အများသူငါက တစ်ပြောတည်းပြောနေကြပါတယ်။ ဒါပေမဲ့ ရာသီ တုပ်ကွေးဟာလည်း အဲဒီအတိုင်းကိုပဲ ကနေဒါပြည်သူ များ အပေါ် ခြိမ်းခြောက်မှု ရှိနေတာပါပဲတဲ့။ ကနေဒါ ကျန်းမာရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ နှစ်စဉ် ရာသီတုပ်ကွေးကြောင့် ဆေးရုံတက်ရသူ ၁၂၂၀၀ ရှိပြီး သေဆုံးသူ ၃၅၀၀ ပတ်ဝန်းကျင် ရှိနေပါသတဲ့။ ဒါကြောင့် အခုလိုမျိုး ကူးစက်မြန် ပိုးတွေအကြောင်း လေ့လာတဲ့ ပညာရှင် ဂျေဆန်တက်တရိုနဲ့ RD မဂ္ဂဇင်းကြီးတို့ အင်တာဗျူးကို The Voice Sunday ပရိသတ်အတွက် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ 

မေး။ ။ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ။
ဖြေ။ ။ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ အသက်ရှူ လမ်းကြောင်းကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ တိရစ္ဆာန်တွေနဲ့ လူတွေကို ကူးစက်တတ်ပါတယ်။ သူတို့ ဟာ မတူညီမှုတွေ၊ ခံနိုင်ရည်အားအင်တွေ ရှိကြပါ တယ်။ တချို့က သာမန်အဖျားလိုပဲ အန္တရာယ်မရှိပါဘူး။ တချို့က နမိုးနီးယားလို အဆုတ်ရောင်ဖျားနာမှုကို ဖြစ်စေပြီး တချို့တွေက လူသတ်ကောင်တွေပါ။ ၂၀၀၃ တုန်းက ဖြစ်ခဲ့တဲ့ SARS ကူးစက်မှုဟာ ပြည်သူ့ ကျန်းမာရေးကို ခြိမ်းခြောက်လာတဲ့ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ဖြစ်ပါတယ်။ ၂၀၁၂ ကျတော့ MERS ထပ်ဖြစ်တယ်။

မေး။ ။ ကနေဒါက အချို့လူတွေက COVID-19  ကို ကာကွယ်ဖို့အတွက် နှာခေါင်းစည်း Masks တွေ ဝတ်နေကြတယ်။ ဒါဟာ လိမ္မာပါးနပ်တဲ့ လုပ်ဆောင်မှုလား။
ဖြေ။ ။ ခင်ဗျားတို့ရပ်ရွာထဲမှာ ထိန်းမနိုင်လောက်အောင် ကူးစက်မှု မပျံ့နှံ့နေဘူးဆိုရင်တော့ ဒါဟာ မရှိမဖြစ်ကြီး လုပ်ကိုလုပ်ရမှာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက ဗိုင်းရပ်စ် တော်တော်များများကို နှာခေါင်းစည်းဟာ လည်စည်းပဝါများလိုပဲ အကာအကွယ်မပေးနိုင်ပါဘူး။ ကိုယ့်နားကသူတွေ နှာချေတဲ့အခါ တံတောင်ကွေးထဲကို ချေကြပါစေ။ 

မေး။ ။ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နေတဲ့ အချိန်မှာ လက်ဆေးဂျယ်တွေကို အသုံးပြုခြင်းကရော။
ဖြေ။ ။ လက်ဆေးကန် မရှိတဲ့ အနေအထားမှာတော့ လက်ဆေးဂျယ် Sanitizer က ကောင်းမွန်ပါတယ်။ ဆပ်ပြာနဲ့ ရေကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တချို့က လက်ဆေးရင် လိုအပ်တဲ့အချိန်အထိကြာအောင် မဆေးကြဘူး။ စက္ကန့် ၂၀ ဒါမှမဟုတ် Happy Birthday သီချင်း နှစ်ကျော့စာလောက် ကြာအောင် ဆေးပေးရပါမယ်။ လက်ဆေးခြင်းဟာ ကျွန်တော်တို့ကို နေထိုင်မကောင်းဖြစ်စေတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်ဆိုတာတောင်မှ လူတွေရဲ့ ၅ရာခိုင်နူန်းလောက်ကပဲ လက်ကို ကောင်းကောင်းဆေးကြတယ်လို့ အစီရင်ခံစာတွေ ဖတ်ရပါတယ်။ 

မေး။ ။အန္တရာယ်မပေးတဲ့ ပိုးမွှားတွေကိုရော မထိခိုက်နိုင်ဘူးလား။
ဖြေ။ ။ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေဟာ လူတွေ ထိတွေ့နေတဲ့ ပိုးမွှားတစ်သန်းလောက်ရဲ့ ဆယ်ပုံ တစ်ပုံ လောက် ရှိပါတယ်။ တချို့က အန္တရာယ်မပေးဘဲ တချို့က ကောင်းကျိုးတောင်မှ ပေးပါတယ်။ 

မေး။ ။ ပိုးမွှားတွေက ဘယ်လို အကျိုးပြုပါသလဲ။
ဖြေ။ ။ ရောင်ရမ်းခြင်းနဲ့ ရောဂါကူးစက်ခြင်းကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ရဲ့ အရေပြားမှာ မိုက်ခရုပ်လို့ခေါ်တဲ့ ပိုးမွှားအလွှာ အတားအဆီး တစ်ခုရှိပါတယ်။ အလွန်အမင်း သန့်ရှင်းရေးတွေ လုပ်နေခြင်းအားဖြင့် မပျက်စီးသွားစေသင့်ပါဘူး။ အစာချေစနစ်ကို အကူအညီပေးတဲ့ အူလမ်းကြောင်း ဗက်တီးရီးယားတွေလည်း ရှိပါတယ်။ 

ခြုံပြီးပြောရရင်တော့ တချို့သော ပိုးမွှားတွေ ဟာ ကိုယ်ခံအားကောင်းဖို့နဲ့ ကျန်းမာရေးကောင်းဖို့ အတွက် အကျိုးကျေးဇူးရှိပါတယ်။ ဓာတ်မတည့် ခြင်းဟာ ခန္ဓာကိုယ်က မိတ်ဆွေပိုးမွှားတွေကို မရင်းနှီးနေဘဲ အန္တရာယ်ရှိတဲ့ ပိုးထင်လို့ တိုက်ခိုက် တာဖြစ်ပါတယ်။ ပိုးမွှားမျိုးစုံရှိမနေတဲ့ မြို့ပြ ဝန်းကျင်မှာ ကြီးလာခဲ့ရတဲ့အတွက် ဓာတ်မတည့်တတ်တဲ့ ကလေးတွေ ပိုတွေ့လာရတာ ဖြစ်ပါတယ်။ 

မေး။ ။ ဆိုတော့ မိဘတွေက ကလေးတွေကို မြေကြီးပေါ် ချပေးရမယ်ပေါ့။
ဖြေ။ ။ ဒါပေါ့။ ခွေးချေးပါချတဲ့ ပန်းခြံ မဟုတ် ဘူးဆိုရင် ခင်ဗျားတို့ကလေးတွေ မြေကြီးကောက်စား ပစေလို့ ကျွန်တော် အမြဲပြောတယ်။

ဆရာဆေး