News

POST TYPE

INTERVIEW

Operation Covid19 Rescue TaskForce မှ ဦးသန့်ဇင်နှင့်တွေ့ဆုံမေးမြန်းခြင်း
13-Apr-2020

``မြို့တော်၀န်ကလည်း မှတ်တိုင်တွေမှာ ဘေစင်မတပ်ပါနဲ့ဆို ပြီးပြောတယ်။ တပ်ခဲ့ရင်တောင်ဖြုတ်ပစ်မယ်လို့ ထပ်ပြောတယ်´´



အောင်စိုး

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးအနက် ၂၉ ဦးမှာ ရန်ကုန်တိုင်းမှဖြစ်သည်။ရန်ကုန်မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကွယ်ရေးနှင့် အရေးပေါ် လူနာပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဇာမဏီမြန်မာ အသိပညာမျှဝေရေးအဖွဲ့ နှင့် Yangon Rescue Organization တို့ကို ပူးတွဲတာ၀န်ယူနေသည့် Operation Covid19 Rescue TaskForce OCRT Coordinator ဦးသန့်ဇင်နှင့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။




Voice ။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသိပညာပေးမှုလုပ်ငန်းတွေကို ဘယ်အချိန်က စလုပ်လဲဆိုတာ ပထမဆုံးပြောပြပေးပါ။
U TZ ။ မိသားစုစား၀တ်နေရေးကြောင့် မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့က တစ်စုံတစ်ခုကိုင်ပြီးတိုင်း လက်ဆေးဖို့က အရေးကြီးတယ်။ ကျွန်တော်တို့ အနေနဲ့ လူအသွားအလာများတဲ့ နေရာတွေမှာ လက်ဆေးဘေစင်တွေတည်ဆောက်ပြီး အလွယ်တကူ အသုံးပြုလို့ရအောင်မတ်လ ၂၀ ရက်ကတည်းက စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ဆေးဘေစင်တွေကို ဆေးရုံကြီး ပြင်ပ လူနာဌာနမှာ ၁၀ လုံးတပ်တယ်၊ ရန်ကုန်ဘူတာကြီးက လက်မှတ်ပေါက်တွေမှာ ၈ လုံးတပ်တယ်။ တက္ကသိုလ်ဆရာ ဆရာမတွေ စာမေးပွဲ အဖြေလွှာစစ်တဲ့နေရာမှာတပ်တယ်။ ရွှေတိဂုံ ဘုရားမှာ ၁၀ လုံးတပ်တယ်။ ပန်းဆိုးတန်း-ဒလ ဆိပ်ခံမှာ ၁၁ လုံးတပ်တယ်တယ်။ အဲဒီလို တပ်ဖို့ အတွက် ဘေစင်တွေ၊ ဆပ်ပြာတွေကို LifeBuoy က လှူပါတယ်။ ဘေစင်တွေ တပ်ထားပြီးဖြစ်တဲ့အတွက် လက်မဆေးရင် လက်မှတ်၀ယ်လို မရနိုင်ပါဘူး




Voice ။ အဲဒီလို ဘူတာကြီးနဲ့ဆေးရုံကြီးတို့မှာ ဘေစင်တွေတပ်ဖို့က ဌာနဆိုင်ရာဆီကကကြိုတင်ခွင့်ပြုချက်ယူရလား။ သူတို့တွေရဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ဘယ်လိုရှိလဲ။
UTZ ။ ကြိုတင်ခွင့်ပြုချက်တော့ မယူရဘူး၊တာ၀န်ခံနဲ့ တိုက်ရိုက်၀င်တွေ့ တင်ပြပြီးတာနဲ့ လုပ်လိုက်တာ။ ဘေစင်တွေလိုက်မတပ်ခင် ရက်ပိုင်းအလို မတ်လ ၁၉ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုသွားတွေ့တယ်။ သူတို့ဘက်က ပေးစရာ ဘာမှအကူအညီမှမပေးနိုင်ဘူးပြောတယ်။ မြို့တော်၀န်ကြီးက ဘာထပ်ပြောလဲဆို Public Area မှာ ရေပိုက်ခေါင်း တစ်ခေါင်းမှ တပ်မရပါလို့ဖြေတယ်။ ၀န်ကြီးချုပ်က ကားမှတ်တိုင်တွေက ပြင်သစ်နဲ့စာချုပ် ချုပ်ထားတဲ့အတွက် မှတ်တိုင်တွေမှာ ရေသုံးလို မရဘူးတဲ့။ မြို့တော်၀န်ကလည်း မှတ်တိုင်တွေမှာ ဘေစင်မတပ်ပါနဲ့ဆိုပြီး ပြောတယ်။ တပ်ခဲ့ရင်တောင်ဖြုတ်ပစ်မယ် ဆိုပြီးထပ်ပြောတယ်။ သူတို့အနေနဲ့ လုပ်ပိုင်ခွင့်ရှိတုန်း ကူညီလို့ရတာတွေရမလား ကူညီပံ့ပိုးပေးမယ်ထင်လို့ သွားပြောမိတာ။ ဘာအကူအညီမှ မရခဲ့ပါဘူး။တကယ်လည်း မကူညီကြပါဘူး။

Voice ။ တစ်ဦးချင်းကာကွယ်နိုင်ရေးအတွက် လက်ဆေးဘေစင်တွေ လိုက်တပ်ပေးတာအပြင် အသိပညာပေးမှုပိုင်းမှာ ဘာတွေ ထပ်လုပ်ပေးဖို့ရှိလဲ။
U TZ ။ ရန်ကုန်မြို့က လမ်းမကြီးတွေကိုဆေးကြောဖို့ ဆပ်ပြာလုပ်ငန်းရှင်အသင်းတွေ ရဲ့ဆပ်ပြာပေးမယ့်အကူအညီလိုတယ်။ ရန်ကုန်မြို့တော်လမ်းမတွေကို ဝူဟန်မှာလို ဆပ်ပြာနဲ့ ရေနွေးနဲ့ဖျော်ပြီးတော့ကျကျနန ဆေးရမယ်။ တစ်ထောင်လီတာဆံ့ပုံးကြီးတွေနဲ့ ကွန့်ပရက်ဆာ ပန့်ကြီးတွေနဲ့ ဆေးဖို့လိုတယ်။ ကွန့်ပရက်ဆာ ၁၀ လုံးနဲ့ ၁၀၀၀ လီတာတာဆံ့ပုံးကြီး ၁၀ လုံးလိုတယ်။ ဒါကို ဦးဖြိုးမင်းသိန်းဆီကအကူအညီမရတော့ ကျန်းမာရေး၀န်ကြီး ဒေါက်တာမြင့်ထွေးဆီလရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထွန်းမြင့် ထောက်ခံချက်နဲ့တင်ပြထားတယ်။ ဧပြီ ၉ ရက် OCRT ဖွင့်တဲ့အချိန်အထိ အစိုးရပိုင်းကတာ၀န်ခံသူ Focal person ဘယ်သူဆိုတာ ကျွန်တော်တို့မသိရပါဘူး။ Covid -19 တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ကုသရေးနဲ့ စီမံခန့်ခွဲ့မှုတွေမှာ အများကြီး လုံခြုံဖို့ လျင်မြန်ဖို့ အကင်းပါးဖို့လိုပါတယ်။ ပွင်းလင်းမြင်သာမှုရှိဖို့လိုပါတယ်။
CCTV Forensic လိုမျိုး နေ့စဉ်ပြန်လည်သုံးသပ်ရပါမယ်။ Health Facilities Mapping , Stock ကို ထုတ်ပြန်အသိကြိုပေးရပါမယ်။ ဥပမာ-ပိုးသတ်ဆေး ဘလိချင်ပေါင်ဒါ ၊ ကလိုရင်းဆေးလိုမျိုး စျေးတင်လာတယ် ခုချိန်က အစိုးရကော်မတီက ဌာနဆိုင်ရာထိပ်ဆုံးကလူတွေထည့်ထားတာလေ။ သက်ဆိုင်ရာကုန်သည်စာရင်းတွေနဲ့ DOCA,FDA , BSI ,GAD , MPF တို့က စိစစ်ကြီးကြပ်စာရင်းပြု ထိန်းချုပ်ပြီး ချိတ်ဆက်သတင်းပေးရမှာပါ ။

Voice။ နောက်တစ်ခုသိချင်တာက သံသယ လူနာနဲ့ ပိုးတွေ့လူနာတွေ သယ်ယူဖို့အတွက်ပါ ပြင်ဆင်ထားတယ်လို့သိရတယ်။ အဲဒီအကြောင်းရှင်းပြပေးပါလား။
U TZ ။ဆေးရုံကြီးကို ဘေစင်တွေလှူပြီး သွားတပ်တဲ့အချိန်မှာ ဆေးရုံကြီးတာ၀န်ရှိသူတွေ က ဘာပြောကြလဲဆိုတော့ သူတို့ဆီမှာ ဗိုင်းရပ်စ်လူနာကိုသယ်ဖို့ ကားအလုံအလောက် မရှိဘူး၊ ဆေးရုံအားလုံးပေါင်းမှ ၁၅ စီးပဲရှိတာ။ အဲဒီထဲ က တစ်စီးက VIP အရေးကြီးသုံးဆိုတာ သိခဲ့ရတော့ သံသယလူနာနဲ့ ပိုးတွေ့လူနာများလာရင် လူနာတင်ယာဉ်တွေမဖြစ်မနေလိုတော့မယ်။ တို့တွေပြင်ကြရအောင်ဆိုပြီး YRO က ဥက္ကဋ္ဌကြီး ဦးထွန်းထွန်းဦးနဲ့တိုင်ပင်ပြီး ခရိုင်အလိုက် တာ၀န်ခွဲထားပြီးဖြစ်တဲ့သူတွေထဲက ကျွန်တော်တို့ ရန်ကုန်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှာရှိတဲ့ အကေင်းဆုံးလူနာတင်ကားတွထဲက အစီး ၆၀ ရွေးထုတ်လိုက်တယ်။ အဲဒီ ၆၀ ထဲကမှ ၁၆ စီးထပ်ရွေးတယ်ဗျာ။ အဲဒီကားတွေကို ဗိုင်းရပ်စ် လူနာသယ်ဖို့အတွက် S.O.P အရ အခန်း ကန့်ပြီးပြီ၊ ကိုရိုနာဗိုင်းရပ်စ် Positive လူနာကို သယ်ပြီးသွားရင် အဲဒီကားကို တစ်ငွေ့ငွေ့နဲ့ အချိန်ယူပြီးသတ်ရတဲ့ စနစ်အကျဆုံးပိုးသတ်ရတဲ့စနစ်နဲ့ ပိုးသတ်ဆေးစက် YGH မှာရှိတယ်။ အဲဒါကိုထည့်ပြီး ကားကို တံခါးပိတ်လိုက်ရတယ်။ အဲဒီပိုးက ၁၀ နာရီသတ်ရတယ်။ ၁၀ နာရီအတွင်း အဲဒီကားကို ပြန်သုံးလို့ မရနိုင်ဘူးဗျာ။

Voice ။ ရန်ကုန် လူမှုကယ်ဆယ်ရေးအသင်းနဲ့ ဘယ်တုန်းက ပူးပေါင်းပြီးလုပ်ခဲ့တာလဲ။
UTZ ။ ပြီးခဲ့ ၂ နှစ်လောက်ကတည်းက ရန်ကုန် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ ဗော်လံတီယာများကို ဖိုကယ်ဖြစ်တဲ့ ဆရာကြီးဦးဇော်ဝေစိုး ပါချုပ်ကို တိုင်းထွေအုပ်ကတဆင့်တင်ပြပြီး သေသေချာချာ လေ့ကျင့်ပေးထားပါတယ်။ ကျွန်တော်တို့ ဇာမဏီမြန်မာ အသိပညာမျှဝေရေး အဖွဲ့အသင်းကနေ အုပ်ချုပ်ရေးနဲ့လုံခြုံရေး စတဲ့ ရုံးလုပ်ငန်းတွေကို ခေါ်သင်ပေးတယ်။အဲဒီအချိန်တုန်းက Citizen Security and Civic Education/လုံခြုံရေးအသိသတိနဲ့ Counter Terrorism and Bomb Threat အထိ သိဖို့ သင်ကြားလေ့ကျင့်ပို့ချထားပါတယ်။

Voice ။ အခု ဒီလုပ်ငန်းတွေ ဆောင်ရွက်ကြတဲ့ စေတနာ၀န်ထမ်းတွေနဲ့ ကျန်းမာရေး၀န်ထမ်းတွေကို မကူးစက်ရအောင် ဘယ်လိုလုပ်ပေးလဲ။
U TZ ။လုပ်အားပေးတွေနဲ့၀န်ထမ်းတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်တဲ့အခါ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ကိုယ်စီတာ၀န်လုံခြုံရေးယူရတာ။ တစ်ပိုင်းက လူနာသယ် S.O.P အရ ကုသမှုပေးရမှာပါ ။ တိတိကျလိုက်နာရမယ် S.O.P လုပ်ထုံးလုပ်နည်းရှိတယ်။ CCTV Record နဲ့စောင့်ကြည့်ပြီး မနေ့က အခြေအနေ ကို ယနေ့ပြန်သုံးသပ်ဖို့ လုပ်ဖို့လိုတယ်။ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင် နေ့စဥ်မ၀င်ခင် ဆောင်ရန် ရှောင်ရန်တွေ လိုက်နာရမယ့် အနေထား Morning Briefing by Commander တွေကနေ့စဥ် အမြဲပြောပြပေးဖို့လိုတယ်။ လုပ်ငန်းဆောင်ရွက်စဉ် မျက်စိကာကိုချွတ်ပြီး ကိုင်တွယ်ရတဲ့အဖြစ်မျိုး အပြုအမှုမျိုး၊သတိမလွတ်ဖို့ ကွပ်ကဲဖို့ အဆင့်တိုင်းက အရေးကြီးဆောင်ရွက်ရမယ့်ကိစ္စတွေကို ဘယ်တော့မှ တစ်ယောက်တည်းမလုပ်ရဘူး။ ကျွန်တော်တိုရဲ့ ရှေတန်းရုံးမှာ တာ၀န်ကျလူငယ် ၆၀ ကို မနက်ခင်းတိုင်း ၁၅ မိနစ် နေပူဆာလှုံခိုင်းတယ်။ ကွန်မင်ဒို လူနာသယ်ယူမယ့်သူတွေကို နေပူစာလှုံလို့ပြီးရင် စီဗစ်နဲ့ ဗီတာမင်ဒီလိုမျိုးတိုက်ချင်ပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်ရတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် သံပြိုင်သီချင်းဆိုရတယ်။ ပြည်သူ့ဗော်လံတီယာကျဆုံးရင် လူအင်အားထပ်ရဖို့ ပိုပိုပြီးခက်လာမယ်။ စိတ်ဓာတ်မြင့်တင်ရေးတွေ ဆောင်ရွက်ပေးဖို့ ကျန်းမာရေးပိုမိုစောင့်ကြပ်ကူညီပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။ ရန်ကုန်တိုင်း၀န်ကြီးချုပ် က ကျွန်တော့တိုကို YRO အဖွဲ့က ဖောင်ကြီး ဆေးရုံအတွက် လူနာသယ်ဖို့ ပရဟိတလူ ၁၀၀ လောက်လိုတယ်ဆိုပြီးပြောပါတယ်။ ခု ကြိုတင်စီစဉ်နေပါပြီ။ ပရဟိတလုပ်မယ်သူတွေ သူတို့မထိခိုက်ဖို့လိုပါတယ်။ မင်းတို့အသေခံပြီးပရဟိတလုပ်ကြ၊ပြီးရင်ဂုဏ်ပြုမယ်ဆိုပြီးလုပ်လို မရပါဘူး။ ဗော်လံတီယာလုပ်မယ်ဆိုတိုင်း ချက်ခြင်းချသုံးလို့မရပါဘူး။ ရက်တိုသင်တန်းပေးလေ့ကျင့်ရပါတယ်၊ကျန်းမာရေးဌာနက ဆရာ၀န်တွေ သူနာပြုတွေ တင်မက ပရဟိတလာလုပ်ပေး စေတနာ၀န်ထမ်းတွေလည်း ကျန်းမာရေးအာမခံ ၊ အသက်အာမခံတွေမဖြစ်မနေထားဖို့ကို အစိုးရ လုပ်ပေးရမယ်။ ကပ်ဆိုက်ချိန် အစိုးရ၀န်ထမ်းတွေရရမယ့်အခွင့်ရေးကို ၀န်ထမ်းစည်းမျဉ်းအရ တစ်ဦးချင်းစီကိုတာ၀န်နဲ့လုပ်ပိုင်ခွင့်အရ စာချုပ်စည်းကမ်းချပြသိစေရပါမယ်။ အစိုးရ ၀န်ထမ်းဆိုတာ ဗော်လံတီယာစိတ်ဓာတ်သာမကပါ။ နိုင်ငံတော်က ကြိုတင်လေ့ကျင့်မြုပ်နှံထားတဲ့ အထူးအရင်းအမြစ်တခုဖြစ်လို့ တက်လာတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေတန်ဖိုးထားတတ်ဖို့လိုပါတယ်။ ဆရာ၀န်မဟုတ်တဲ့ အခြားအဆင့် ကျန်းမာရေး၀န်ထမ်း၊ လုပ်သားတွေကို နေ့စဉ်အိမ်က လိုင်းကားနဲ့လာခိုင်းနေတာ မလုပ်သင့်ပါဘူး၊ ဆရာ၀န်တွေအတွက် ကြိုပို့ဖယ်ရီလုပ်ပေးသလို သူနာပြုအပါအဝင် ကျန်းမာရေး၀န်ထမ်းတွေအတွက်လည်း စီစဉ်ပေးမှ အဆင်ပြေမယ်ထင်တယ်။ သူတိုတွေက TAXI ကား အမြဲငှားမစီးနိုင်သလို YBS ကလည်း ခုချိန်အဆင်မပြေနိုင်ဘူး။ Stanby စုရပ်တခု စုထားပြီး Safety & Security ဖယ်ရီစီစဉ်ပေးရပါမယ်။ သူတို့နဲ့ပတ်သက်နေတဲ့မိသားစု၀င်တွေ
လည်း စိတ်အေးချမ်းသာအောင်ပံ့ပိုးဖို့၊စနစ်တကျကိုင်တွယ်စာရင်းပြုထားရပါမယ်။ကျန်းမာရေးဌာနတစ်ခုတည်း စုပြုံတာ၀န်ပေးတာထက် ကော်မတီဆိုပြီး အစည်းဝေးလုပ်ဆုံးဖြတ်နေတာထက် TaskForce ဖွဲ့စည်း ၊ တာ၀န်ခံဆက်သွယ်ရေးစက်ပါဖွင့်။ အချိန်နဲ့တပြေးညီသိအောင်လုပ် ကွပ်ကဲပေးရပါမယ်။

Voice ။ တစ်ခြားဘာများ ထပ်ပြောချင်တာရှိလဲ။
UTZ ။ ကိုရိုနာဗိုင်းရပ်စ် တာဆီးကာကွယ်ရေးနဲ့ ပတ်သတ်ပြီးလုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ငါတို့ ပဲလုပ်မယ်။ ငါတို့ပဲ ဦးဆောင်မယ်ဆိုတဲ့ စိတ်ကူးတွေမရှိသင့်ပါဘူး။ ကိုယ်ထက်သိတဲ့လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကို နေရာပေးရမယ်။ သူတို့ရဲ့အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားပြီး အသုံးချဖို့လိုတယ်။ ကိုရီယာအစိုးရ အပါအ၀င် တချို့နိုင်ငံတွေမှာ Covid19 စစ်ဆင်ရေးလိုထားပြီး တာ၀န်ရှိသူတွေက ရုံးမှာ ညအိပ်ပြီး လုပ်နေကြတာ။ နေပြည်တော်က ပြည်ထဲရေးမှာ ရုံးဖွင့်ထားတဲ့ အရေးပေါ် တုံပြန်မှု ဗဟိုအတွင်းရေးမှူးအဖွဲ့ရုံးက ကျွန်တော်ကို ဘာပြန်ပြောလဲဆိုတော့ သူတို့မှာ ဖက်စ်ဖုန်းပဲ ရှိတယ်။ ဆရာပြောချင်တာကို ရန်ကုန်က ဖက်စ်ပို့ပါ။ Email လည်းမရှိ။ သတင်းထုတ်ပြန်ဖို့ Page လည်းမရှိ ဖြစ်နေတယ်။ သတင်းအချက်အလက်ထုတ်ပြန်ပေးမှုမှာည၈ နာရီမှ သတင်းထုတ်ပြန်တာ မနက် ၂ နာရီ ၃ နာရီမှ ထုတ်ပြန်တာတွေထက် Focal Person ထားပြီး တစ်ရက် ၂ကြိမ်မဟုတ် ၃ ကြိမ် အချိန်အတိအကျထားပြီး ထုတ်ပြန်ပေးဖို့ လိုနေပြီ။
နိုင်ငံတော်အတိုင်ပင်ခံလုပ်နေတဲ့ Video Conferences ကိုလည်း ICU တည်းက သေအံ့မူးမူးလူနာတွေနဲ့ သမ္မတကြီးလို နိုင့်ငံအကြီးကဲတွေနဲ့ စကားပြောတာ၊ အားပေးနေတာကို မြင်ချင်ပါတယ်ခင်ဗျာ။

Voice ။ အခုလို အချိန်ပေးဖြေပေးတဲ့အတွက် ကျေးဇူးပါ။