News

POST TYPE

INTERVIEW

ဆပ်ပြာအငွေ့ဖြင့် ရောဂါပိုးသန့်စင်ခန်းဖန်တီးသူ ကိုကျော်စိုးနှင့် တွေ့ဆုံခြင်း
09-Apr-2020
"ကာဘော်လစ်အဆီကို အငွေ့အဖြစ်ပြောင်းလဲ၍ အလိုအလျောက် ပိုးသတ်ပေးနိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်"



COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှု မြင့်တက်နေသည့် လတ်တလောကာလအတွင်း၌ 'မည်သူမဆို ဝင်ရောက် ပိုးသတ်နိုင်ပါသည်' လို့ စာတမ်းငယ်လေးတွေ ချိတ်ဆွဲထားတဲ့ ပြည်တွင်းဖြစ် Disinfection Booth (ဆပ်ပြာအငွေ့ဖြင့် ရောဂါပိုးသန့်စင်ခန်း)တွေကို မန္တလေးမြို့၏ နေရာအချို့တွင် စတင်မြင်တွေ့ရပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍   Disinfection Booth တွေကို  ပြည်တွင်း၌ ဖန်တီးထုတ်လုပ်ခဲ့သော မဟာအောင်မြေ မြို့နယ်၊  စိန်ပန်းရပ်ကွက်တွင်နေထိုင်သူ စက်မှုလက်မှု ဝါသနာရှင်အဖွဲ့မှ ကိုကျော်စိုးထံ သွားရောက်၍ The Voice သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice  : ကိုကျော်စိုးရေ၊ မင်္ဂလာပါခင်ဗျာ။
KKS    : မင်္ဂလာပါ။ 

Voice  : D- Booth ဖန်တီး တည်ဆောက်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြပေးပါလားခင်ဗျာ။ 
KKS    : ကိုယ်တိုင်ကလည်း ဒီလိုမျိုး စက်မှုလက်မှုနဲ့ဆိုင်တဲ့ ကိစ္စတွေ လုပ်နေရတာကို ဝါသနာပါတာရယ်။ ဗီယက်နမ်နိုင်ငံက လူတွေ တင်ထားတဲ့ COVID-19 ရောဂါအတွက် ပိုးသတ်ဆေးဖျန်းတဲ့ပုံလေး လူမှုကွန်ရက်မှာ တက်လာတာတွေကြောင့် အခုလိုလုပ်ဖို့ စိတ်ကူးရခဲ့တယ်။ နိုင်ငံတကာမှာတော့  ဆေးရည်အမှုန်နဲ့ တစ်ကိုယ်လုံးဖျန်းကြတယ်။ အဲဒီပုံလေးတွေကြည့်ပြီး ပထမတော့ ဗီယက်နမ်နိုင်ငံ ထုတ်ထားတဲ့ ပုံစံအတိုင်း Spray (ပိုးသတ်ဆေးရည်ကို အရည်အမှုန်အမွှားများအဖြစ် ပြောင်းလဲ၍ ပက်ဖျန်းသောစနစ်) ဒီဇိုင်းနဲ့စမ်းလုပ်ကြည့်ခဲ့တယ်။ ဆရာဝန်ကြီးတချို့က အကြံပြုလို့ အငွေ့ထုတ်တဲ့စနစ်ကို ပြန်ပြောင်းပြီး အသုံးပြုဖြစ်ခဲ့တယ်။ ဘေးအန္တရာယ်ဥပဒ် မရှိတဲ့ ပိုးသတ်ဆေးအငွေ့အဖြစ် လက်ရှိအသုံးပြုတာ ကတော့  ကာဘော်လစ်အဆီကို အငွေ့အဖြစ် ပြောင်းလဲ၍ အလိုအလျောက် ပိုးသတ်ပေးနိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။ 

Voice  :  Spray စနစ်နဲ့ D- Boothကို စလုပ်ခဲ့ပြီးမှ အငွေ့ထုတ်စနစ်ကို ပြောင်းလဲအသုံးပြုဖြစ်တာက ဘာကြောင့်လဲဆိုတာကို ရှင်းပြပေးပါလား။
KKS    : အတူကူညီ လုပ်ကိုင်ကြတဲ့ သူငယ်ချင်းတွေထဲမှာလည်း ဆရာဝန်တွေပါတယ်ဆိုတော့၊ သူတို့ကနေတစ်ဆင့် ဆရာဝန်ကြီးတွေဆီကနေ Spray စနစ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့တယ်။
(PPE) မှာပါလာတဲ့ ဗိုင်းရပ်စ်ကို ဖျန်းဖို့အတွက်ဆိုရင်တော့ အရည်နဲ့ဖျန်းတာကပိုကောင်းတယ်။  ပိုးသတ်ဆေးရည်ဆိုတော့ လူကိုတိုက်ရိုက်ထိရင် မကောင်းဘူးလို့  အကြံပြုသုံးသပ်ကြတာလည်း ရှိတယ်။ အဲဒါနဲ့အငွေ့ထုတ်စက်ကို ပြောင်းသုံးပြီး စမ်း လုပ်ကြည့်ခဲ့တာ။ အငွေ့နဲ့ဆိုရင် လူတစ်ကိုယ်လုံးကိုလည်း ခြုံငုံထိမိနိုင်မယ်။ ကာဘော်လစ်အဆီကနေ ထွက်လာတဲ့အငွေ့နဲ့ လူခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်တာပေါ့။ ရေချိုးရင်တောင် သုံးလို့ရနေတာဆိုတော့  ဆရာဝန်ကြီးတစ်ယောက်ကလည်း ကာဘော်လစ်  အဆီပဲသုံးခိုင်းတယ်။ အဲဒါကတော့ ဘေးဥပဒ်မဖြစ်တော့ဘူးပေါ့။ ပိုးသတ်ဆေးဆိုရင်တော့ ဘေးဥပဒ်ရှိနိုင်တယ်လေ။ 

Voice  : လတ်တလော ထုတ်လုပ်တပ်ဆင်ပေး ဖြစ်ခဲ့တဲ့ D-Booth အရေအတွက်က ဘယ်လောက်အထိရှိနေပြီလဲ။ ဘယ်အချိန်မှာ စတင် ထုတ်လုပ်ဖြစ်ခဲ့သလဲ။ 
KKS    : ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်မှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး စလုပ်ဖြစ်ခဲ့တယ်။ ပထမဆုံးလုပ်ခဲ့တဲ့ D-Booth ၃ ခုကို မန္တလေးမြို့မှာရှိတဲ့ COVID-19 ရောဂါကာကွယ်ကူညီရေးလုပ်နေတဲ့ လူမှုအဖွဲ့အစည်းအသင်းအချို့မှာ စလှူဖြစ်ခဲ့တယ်။ လတ်တလောမှာ ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ အရေအတွက်က မန္တလေးမြို့နဲ့နယ်တွေအပါအဝင် ၁၈ ခု လောက်ရှိမယ်။  ရန်ကုန်မှာ ပတ်စ်ပို့ရုံးကမိတ်ဆွေက အခန်းနှစ်ခုစာအတွက် လှမ်းမှာလို့ ညတွင်းချင်းပို့ပေးခဲ့ရတာမျိုး ရှိတယ်။ အချို့အခန်းတွေ ကျတော့လည်း အလှူရှင်က ပစ္စည်းဝယ်ပေးတာရှိတယ်။ အဲဒီလိုဆိုလည်း လက်ခမယူဘဲ ပရဟိတအဖြစ်အပြီးအစီး တပ်ဆင်ပေးလိုက်တာပဲ။  ဒါနဲ့ပတ်သက်ပြီး လက်ခလုံးဝမယူပါဘူး။ ဝါသနာအရင်း ခံပြီး ပရဟိတအလုပ်လုပ်နေတယ်လို့ပဲ ခံယူလုပ်ပေး ဖြစ်တယ်။ တချို့ ဝေးတဲ့ နယ်ဒေသတွေရယ်၊ တွံတေး တို့၊ ပြည်တို့ဘက်ကလိုချင်လို့ လှမ်းမေးရင်လည်း  သူတို့ အဆင်သင့် လုပ်လို့ရအောင် ဝယ်ရမယ့် ပစ္စည်းနဲ့   လုပ်ငန်းလုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းပြထားတဲ့ PDF ဖိုင် လှမ်းပို့ပေးလိုက်တယ်။ အများဆုံးလုပ်ဖို့ လှမ်းမေးတာတော့ ဆရာဝန်တွေနဲ့ လူမှုရေးအသင်းတွေ များတယ်။

Voice  : D-Booth တစ်ခုရဲ့ ကုန်ကျစရိတ်ရယ်၊ ဘယ်လိုပစ္စည်းတွေပါဝင် အသုံးပြုထားတယ်ဆိုတာ ရှင်းပြပေးပါလား။ 
KKS    : ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရမယ့် ပစ္စည်းတွေကို အသုံးပြုထားတော့ အကုန်အကျသက်သာပါတယ်။ အခန်း တစ်ခုတည်ဆောက်ဖို့  သံဖရိန်နဲ့ဘေးအကာ ကွန်ပိုးစစ်ပြားရယ်၊ အဝင်အထွက်အတွက် ပလတ်စတစ်အကြည်ပြား (အထူ) နဲ့ ဘေးအကာမှာ ကပ်မယ့်ဗီနိုင်းရယ်ဆိုရင် စုစုပေါင်းကုန်ကျစရိတ်က ၈၀,ဝ၀ဝ လောက် ရှိမယ်။ 400 Watt Foggie (အငွေ့မှုတ်စက်)  တစ်လုံးရဲ့ တန်ဖိုးက ရောင်းတဲ့ဆိုင်အပေါ်မူတည်ပြီး ဈေးနှုန်းက ၅၀,ဝ၀ဝ နဲ့ ၆၀,ဝ၀ဝ ကြား ရှိတယ်။ အခန်းတစ်ခုလုံး အကုန် အပြီးအစီးဆိုရင် ပစ္စည်းဖိုးသက်သက်ချည်း ငွေကျပ် ၁၅၀,ဝ၀ဝ လောက် ကုန်ကျစရိတ်ရှိမယ်။ 



Voice  : အခု ဖန်တီးတပ်ဆင်ထားတဲ့ D-Booth အခန်းကို အသုံးပြုရတဲ့ပုံစံကို ရှင်းပြပေးပါလား။
KKS    : ပလတ်စတစ် အထူသားအကြည်နဲ့ ကာရံထားတဲ့ အခန်းထဲဝင်သွားပြီး ခြေထောက်နဲ့ ခြေတက်ခုံက ခလုတ်လေးဖိနင်းပြီး ဖွင့်လိုက်တာနဲ့ အလိုအလျောက် ကာဘော်လစ်အဆီက နော်ဇယ်ခေါင်းထဲကနေ အငွေ့ပျံပြီး အငွေ့အဖြစ်ထွက်လာမယ်။ အငွေ့ ထုတ်ပေးမယ့်အချိန်က စက္ကန့်သုံးဆယ်ကြာချိန်ရှိ တယ်။ ထွက်လာတဲ့အငွေ့က အခန်းထဲကလူကို လွှမ်းခြုံလိုက်တာပေါ့။ သတ်မှတ်အချိန်ပြည့်ရင် အချက်ပြမီးလေးလင်းလာမယ်။ ပြီးရင် နောက်တစ်ယောက်ဆက်ဝင်ပြီး အသုံးပြုလို့ရပါပြီ။

Voice  : အခုလတ်တလောမှာရော ဘာတွေလုပ်နေတာရှိလဲ။  
KKS    : ပရဟိတသမားတွေ အကူအညီတောင်းထားလို့ နိုင်ငံတကာမှာ လူနာတင်ကားတွေကို ပိုးသတ်ဆေးဖျန်းတဲ့ပုံစံမျိုး Booth တစ်ခု လုပ်ပေးနေတယ်။ ဒါကလည်း ကားဝင်ရောက်မယ့် ဧရိယာအတွင်းကို ဘေးသံဖရိန်မှာရှိတဲ့ နော်ဇယ်ခေါင်းတွေက  တစ်ဆင့် ပိုးသတ်ဆေးရည်နဲ့ကားကိုအလိုအလျောက် Spray ပုံစံပက်ဖျန်းပေးမှာပါ။ လူက လိုက်ဖျန်းစရာ မလိုတော့ပါဘူး။ ကားတွေကို ပိုးသတ်ဆေးဖျန်းဖို့အတွက် လုပ်ထားတဲ့ ဒီဇိုင်းကလည်း ဒီနေ့ပဲတပ်ဆင်တာ ထုတ်လုပ်တာ ပြီးသွားပြီဖြစ်လို့ အသုံးပြုနိုင်တော့မှာပါ။ 

Voice  : နောက်ဆုံးမေးခွန်းပါ။ ဒီအငွေ့ခြုံလွှမ်းတဲ့စနစ်နဲ့ ဗိုင်းရပ်စ်ပိုးကိုသတ်ဖို့အတွက် တည်ဆောက်ထားတဲ့ အခန်းတွေက တကယ်ရော အကျိုးသက်ရောက်မှုရှိမယ်လို့ ပြောလို့ရနိုင်မလား။ 
KKS    : အဓိက အခက်အခဲကလည်း ပိုးသတ်ဆေးအတွက် ဘယ်လိုအမျိုးအစားဆေးရည် အသုံးပြုရမလဲ ဆိုတာပါ။ ဆေးပညာရပ်ပိုင်းဆိုင်ရာ တတ်သိကျွမ်းကျင်နားလည်တဲ့ ဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်ပညာရှင်တွေက ဆေးရည်သုံးဖို့အတွက် ထဲထဲဝင်ဝင် အကြံပြုပေးရင် အတိုင်းအထက်အလွန် ပိုအကျိုးရှိလာမှာပေါ့။ ပိုးသတ်ဆေးငွေ့အခန်းတွေက အကျိုးဖြစ်၊ မဖြစ် ဆိုတာကတော့ ထောက်ခံချက်ရထားတာ လည်း မရှိသေးပါဘူး။ ကျွန်တော်က ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက်ပါ။ အခြားနိုင်ငံတွေမှာ ဒါမျိုးတွေ အသုံးပြုနေတာတွေ့တော့ သူတို့ပုံစံကို အတုယူပြီး လိုက်လုပ်ကြည့်တယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ လက်ရှိကျရောက်နေတဲ့ ကပ်ရောဂါဆိုးကို ချေဖျက်ဖို့ ဒီဟာကအသုံးတည့်မလား၊ အကျိုးပြုနိုင်မလားဆိုတဲ့ စိတ်နဲ့ စိတ်ကူးပုံဖော်ခဲ့တာပါ။

Voice  : အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ တခြားထပ်ပြောချင်တာများရှိနိုင်မလား 
KKS    : ကိုဗစ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းမှာ တတ်စွမ်းတဲ့နေရာကနေ ပါဝင်ကူညီပေးနိုင်ဖို့ ပြည်တွင်းထုတ် Disinfection Booth တွေကို လက်ခမယူဘဲ ကြိုးစားလုပ်ဆောင်ပေးနေခဲ့တာပါ။ အတိုင်းအတာတစ်ခုအထိ အကာအကွယ်လုပ်နိုင်ခဲ့ရင် ဖန်တီးရကျိုးနပ်ပါပြီ။ 

ဘုန်းမြတ်