News

POST TYPE

INTERVIEW

လူမင်းနဲ့ တွေ့ဆုံခြင်း
21-Nov-2019


ဗိုလ်ချုပ်ကားက ရာခိုင်နှုန်းအားဖြင့်ပြောရင် ငါးပုံတစ်ပုံလောက်တော့ ပြီးသွားပါပြီ”


နာမည်ကျော် သရုပ်ဆောင်လူမင်းနဲ့ တွေ့ဆုံခိုက် ကိုကိုငလက်မအကြောင်း၊ ရုံတင်ရက် မရတဲ့ ရုပ်ရှင်တွေအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို သတ်မှတ်ရက်အတွင်း အပြီးသတ် ရိုက်နိုင်ဖို့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice : ကိုကို ငလက်မက ဘယ်လိုရုပ်ရှင်ဇာတ်ကားမျိုးလဲ။
LM : အစ်ကိုတို့ဆီမှာ ရုပ်ရှင်ဇာတ်ကား အမျိုးအစားတွေထဲမှာ ကလေးပရိသတ်တွေအတွက် ရည်ရွယ်ပြီး ရိုက်တဲ့ရုပ်ရှင်ဆိုတာ လုံးဝကိုမရှိသလောက်ပဲ။ အဲလိုကားအမျိုးအစားလေးဆိုရင် ထူးထူးဆန်းဆန်းလေးလည်း ဖြစ်မယ်။ ကိုယ်တို့ဆီက အနုပညာနဲ့ ပတ်သက်တဲ့ လူငယ်လေးတွေလည်း ကြိုးစားပမ်းစား လုပ်ထားကြတယ်။ နိုင်ငံတကာ အန်နီမေးရှင်းကားတွေနဲ့ ယှဉ်လို့မရပေမယ့် ကိုယ်တို့ဆီက ပညာရှင်လေးတွေလည်း ရှိသလောက် တတ်သလောက် ကြိုးစားထားတာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာ တယ်ဆိုတာကို ဒီကားမှာ တွေ့ရမှာပါ။ 

Voice: ဒီလိုကားမျိုးတွေ ရုံတင်ရတဲ့ အခက်အခဲရော ဘာတွေကြုံခဲ့ရ မယ်ထင်မိလဲ။
LM : ဇာတ်ကားတစ်ကားရဲ့ ရိုက်ပြီးရင် ဘယ်တော့ ရုံတင်ရမယ်ဆိုတာ ကျိန်းသေတဲ့ လူကတစ်ယောက်စ နှစ်ယောက်စ လောက်ပဲရှိတယ်။ ကျန်တဲ့သူတွေ ထုတ်လုပ်သူတွေ အကုန်လုံးက ရိုက်ပြီးရင် ဘယ်တော့ရုံတင်ရက်ဆိုတာက မသိကြဘူးလေ။ 

Voice : အနုပညာအားကောင်းတဲ့ ဇာတ်ကားတွေလည်း တချို့ရုံတင်ဖို့ကြန့်ကြာနေတာတွေလည်း ရှိတယ်နော်။ 
LM : အနုပညာဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ပြောနေစေကာမူ စီးပွားရေး ငွေကြေးပါဝင် လွှမ်းမိုးမှုများတဲ့ အနုပညာဖြစ်တဲ့အတွက် စီးပွားရေးဆိုတဲ့ အတွေးအခေါ် ဘောင်ကနေပြီးတော့ ကျော်လွန်ပြီးတော့ အနုပညာဆိုတာကို တစ်ခုတည်း Focus ထားပြီးတော့ ချပြခွင့်မရသေးဘူး။ 

Voice: လူမင်းဆိုပြီး ဈေးခေါ်ကောင်းတဲ့ မင်းသားထဲပါနေလား။
LM : ကိုယ်တို့ အသက်အရွယ်အရ အဲလိုဈေးခေါ်ကောင်းမယ့် မင်းသားလို့ ပြောလို့မရတော့ပါဘူး။ အစ်ကိုတို့က ဘယ်လိုမျှော်လင့်ချက်နဲ့ ရိုက်နေလဲဆိုတော့ ကိုယ့်ကိုလာကမ်းလှမ်းတဲ့ဇာတ်တွေ ပေါ်မှာပဲ ကိုယ်နဲ့လိုက်ဖက်မယ့်ဟာကို လက်ခံပြီးတော့ ကိုယ်တစ်နိုင်တစ်ပိုင် ကိုယ့်တာကိုယ်လုံအောင် ကြိုးစားပြီး သရုပ်ဆောင်တယ်။ ကိုယ့်အနုပညာကို တင်ပြခွင့်ရသလောက်၊ တင်ပြခွင့်ရှိသလောက် ကိုယ်တို့အခုချိန်ထိ ကြိုးစားနေတယ်။ ကြိုးစားအားထုတ်မှု မလျော့သေးဘူး။ အဲဒီစိတ်နဲ့ပဲ အနုပညာလမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ 

Voice: ဗိုလ်ချုပ်ကားအခြေအနေလေးလည်း ပြောပြပေးပါဦး။
LM : ဗိုလ်ချုပ်ကားက ရာခိုင်နှုန်းအားဖြင့်ပြောရင် ငါးပုံတစ်ပုံလောက်တော့ ပြီးသွားပါပြီ။ ဆက်ပြီးတော့လည်း ရိုက်နေပါတယ်။ အပိုင်းကတော့ တစ်ပိုင်းပြီးတစ်ပိုင်း ရိုက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခုအရှေ့ပိုင်းကတော့ တက္ကသိုလ်ကျောင်းသားဘဝ၊ တချို့နိုင်ငံရေးသမားဘဝအစပိုင်း အချို့အခန်းတွေ ပြီးသွားပါပြီ။ 

Voice: ငါးလအတွင်း အပြီးသတ်ရိုက်နိုင်မယ်လို့ထင်လား။
LM : ရိုက်ကူးရေးအပိုင်းက Post Production အပိုင်းတွေလည်း ကျန်ပါသေးတယ်။ တတ်နိုင်သလောက်တော့ ကိုယ်သတ်မှတ်ရက်အတွင်းမှာ ရိုက်ကူးရေး ထားထားပါတယ်။ ပြီးဆုံးနိုင် အောင်လို့တော့ ကြိုးစားနေတယ်။ ဒါပေမဲ့ ပြောလို့တော့ မရသေးဘူး။ အခက်အခဲတွေက အမြဲတမ်းရှိနေတာလေ။ 

ခင်ညိုညိုသိမ့်


  • VIA