News

POST TYPE

INTERVIEW

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
19-Nov-2019

“အခုခေတ်ကလေးတွေက ငလက်မကိုတောင် သေချာသိရဲ့လားမသိဘူး။ အခုခေတ်က ပါဝါရိမ်းဂျားတို့၊ Mobile Legends တို့ပဲ သိကြတာ ဆိုတော့လေ”


နာမည်ကျော် သရုပ်ဆောင် စိုးမြတ်သူဇာနဲ့ တွေ့ဆုံခိုက် ကိုကိုငလက်မ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ကာရိုက်တာအကြောင်းနဲ့ အခုခေတ်ကလေးတွေ မသိတော့တဲ့ မြန်မာဟီးရိုးကာတွန်း ဇာတ်ကောင်တွေအကြောင်းကို မေးမြန်းထားပါတယ်။ 

Voice :  ကိုကို ငလက်မအကြောင်း ပြောပြပါဦး။
SMTZ :  အခုခေတ်ကလေးတွေက ငလက်မကိုတောင် သေချာသိရဲ့လားမသိဘူး။ အခုခေတ်က ပါဝါရိမ်းဂျားတို့၊ Mobile Legends တို့ပဲသိကြတာဆိုတော့လေ။ ငလက်မဆိုတာ မြန်မာတွေရဲ့ ဟီးရိုးလေးတစ်ခုပေါ့နော်။ သိစေချင်တာပေါ့နော်။ မကြီးတို့ ငယ်ငယ်တုန်းက ဒါလေးတွေပဲ ကြည့်ခဲ့ရသိခဲ့ရတော့။ ကလေးတွေအတွက် သိရင်လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်လေနော်။ မပြောတတ်ဘူး။ ဒါပေမဲ့ ဒီငလက်မကားလေးက ခေတ်နဲ့အညီ ပြုပြင်ပြီးတော့ သေသေချာချာလုပ်ထားတဲ့ ကားမျိုးလေးပါ။ မကြီးကလည်း မဟုတ်ဘဲနဲ့ အတင်းကြီး လာပါလာပါ မပြောပါဘူး။ သွားကြည့်ကြည့်ပါ။ ထူးခြားတယ်။ အရုပ်တွေကလည်း မုန်းစရာကြီးမဟုတ်ဘူး။ တစ်ခါတလေကျရင် မသေသပ်ရင်စိတ်ညစ်စရာကြီးတွေ ရှိတတ်တယ်လေ။ အဲလိုမျိုးမဟုတ်ဘူး။ အရုပ်တွေဖန်တီးတဲ့ ကိုနန်းထိုက်လည်းတော်တယ်။ ဒါရိုက်တာ ဦးညီလည်း သေချာအချိန်ပေးပြီး လုပ်ထားတယ်။ 

Voice :  မကြီးကာရိုက်တာက ဘယ်လိုမျိုးလဲ။ 
SMTZ :  အပျိုကြီးပဲ။ နားကတော့ မဆိုစလောက်လေး လေးပြီးတော့ မျက်လုံးလေးကလည်း မမြင်ရလောက်တဲ့အထိ မှုန်နေတာလေးပေါ့နော်။ ယောကျာ်းကလည်းမရှိဘူး။ ဆရာဝန်လေးကလည်း ရောက်လာပေါက်ပန်းလေးဆယ်တွေပေါ့ဟယ်။ ထုံးစံအတိုင်းပဲ။ ကာရိုက်တာလေး ပီပြင်အောင်တော့ လုပ်ရတယ်။ ဆံပင်တုလေးတပ်လိုက်တယ်။ အဲဒီဆံပင်လေးကနောက်ကိုဆွဲလိုက်ရင် ကျပ်မပြည့်တဲ့ကောင်မလေးနဲ့ တူတယ်။ ရှေ့ကို ဆွဲလိုက်ရင် Sexy ပေါ့။ 

Voice :  ငလက်မလုပ်တဲ့ ကိုလူမင်းအတွက်လည်း ထူးခြားနေတယ်နော်။ ဘယ်လိုလေးတွေ လုပ်ထားလဲ။ 
SMTZ :  အဲဒါကလေ ဘယ်လိုပြောရမှန်းမသိဘူး။ ဘာလို့လဲဆိုတော့ ခွဲရိုက်တာ။ မကြီးတို့တွေ အတူတူတွဲရိုက်တာက သီချင်းတွေရိုက်တယ်။ သီချင်းလေးတစ်ပုဒ်ရိုက်တာ အင်္ကျီတွေ ၁၅ စုံလောက် လဲလိုက်ရတယ်။ ရယ်လည်း ရယ်ရတယ်။ ပေါတောတောနဲ့လေ။ ပေါတောတောဆိုတာ ကိုယ့်ကိုရှက်တယ်လေ။ အသက်လည်းကြီးပြီ။ ဒါပေမဲ့ ကြိုးစားပြီးတော့ လုပ်ကြည့်ပါတယ်။ မကြီးတို့မှန်းပြီးတော့ လုပ်ရတာပေါ့နော်။ လက်ပေါ်ကို ရောက်လာပြီတို့ ပြောပေးနေရတယ်။ ဘေးကလူကလေ။ အန်နီမေးရှင်းသမားက တစ်ချိန်လုံးရှိနေတယ်။ သူက ဒါတွေကို လုပ်ရမှာဆိုတော့ ခန့်မှန်းပြီး ပြီးတော့မှ အရုပ်ကိုထည့်၊ ကိုလူမင်းကိုသက်သက် တစ်ခါရိုက် ခရိုမာတွေခံပြီးတော့ အရုပ်နှစ်ခုကို ပြန်ပေါင်းပြီး နောက်ခံအရောင်တွေ ကာလာတွေ အကုန်လုံးတူအောင်လို့ လုပ်ရတယ်။ 

Voice :  ဒီကားလေးက ကလေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာလို့ သိရတယ်။ အခုခေတ်ကလေးတွေက သိပါ့မလား။
SMTZ :  မပြောတတ်ဘူး။ မကြီးတို့ငယ်ငယ်တုန်းက မိုးသောက်ပန်းတို့၊ ရွှေသွေးတို့၊ တေဇတို့နဲ့ ကြီးပြင်းခဲ့ရတယ်။ အဲဒီစာအုပ်တွေမှာ ကလေးလေးတွေအတွက် လိမ္မာယဉ်ကျေးအောင် ဘာသာတရားကိုင်းရှိုင်းအောင် မိန်းကလေးဆိုလည်း မိန်းကလေး၊ ယောကျာ်းလေးဆိုလည်း ယောကျာ်းလေးချစ်စဖွယ်လေးတွေ သွားတယ်။ အရင်တုန်းက ဇာတ်ထုပ်ကြီးဆယ်ဖွဲ့ ပန်းချီဆွဲတယ်။ ကာတွန်းလေးတွေဆို မိုက်တယ်။ အခုချိန်ထိ သိမ်းထားတယ်။ ဒီအသက်အရွယ်ထိ ရောက်နေပြီနော်။ ကာတွန်းအရုပ်လေးတွေကို သဘောကျတာ။ ပန်းချီဆရာကြီး ဦးဘကြည် ဆွဲထားတဲ့ အရုပ်လေးတွေက ဒီခေတ်ကလေးတွေ ဘယ်မြင်ရပါ့မလဲ။ အခုနောက်ပိုင်း ကာလာလေးတွေနဲ့ ပြန်ထွက်လာတယ်။ မကြီးဝယ်သိမ်းထားတယ်။ ကြိုက်လို့လေ။ အိမ်က တူ တူမတွေကို ပေးဖတ်တာ တစ်ယောက်မှ မကိုင်ဘူး။ ကိုယ်ပဲကြည့်နေရတယ်။ ကလေးစကားလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်။ ဒီဘက်ခေတ်ကျတော့ ဒါမျိုးတွေ မရှိတော့ဘူး။

ခင်ညိုညိုသိမ့် 



  • VIA