News

POST TYPE

INTERVIEW

ကချင်ပြည်နယ်မှ တိုက်ပွဲရှောင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
19-Nov-2019
“စာရင်းပေးထားတဲ့ ၁၇ ရွာကို အရင်ပြောင်းမှာ။ ပြောင်းမယ်ဆိုရင် တစ်အချက်က မိုင်းပဲ၊ မိုင်းရှင်းရမယ်၊ တပ်မတော်က တာဝန်ယူရမယ်”



ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသတွင်း နေထိုင်သူများ နေရပ်စွန့်ခွာလာသည်မှာ ဆယ်စုနှစ်တစ်ခုပြည့်တော့မည်ဖြစ်သည်။ လက်ရှိအနေအထားအရ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ဟု ဆိုရမည့်အနေအထားတွင် တိုက်ပွဲရှောင်လာသော ဒေသခံအချို့ မိမိဆန္ဒသဘောအလျောက် နေရပ်ပြန်နိုင်ရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က တိုက်ပွဲရှောင်စခန်းများတွင် အိမ်ထောင်စုစာရင်းများကောက်ယူပြီး ကူညီဆောင်ရွက်ပေးရန် ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် The Voice သတင်းစာတို့ တွေ့ဆုံမေးမြန်းထားသည်တို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : တိုက်ပွဲရှောင်စခန်းတွေမှာ နေရပ်ပြန်ချင်တဲ့သူတွေကို ဝန်ကြီးတို့ အိမ်ထောင်စုစာရင်းတွေ ကောက်ယူနေတယ်လို့ ကြားသိရပါတယ်။ ဘယ်လိုကောက် ယူနေတယ်ဆိုတာလေး ရှင်းပြပေးပါခင်ဗျ။ 
UNW : ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ် နေရပ်ပြန်ထားရေးကော်မတီအဖွဲ့အစည်းအနေနဲ့ကတော့ ပိုင်းလော့ပရောဂျက်ယူထားတာ ၁၇ ရွာရှိတယ်။ ၁၇ရွာရှိတယ်ဆိုတော့ အဓိကပြောချင်တာက အဲ့လိုပြန်တဲ့နေရာမှာလည်း တစ်စုံတစ်ဦးရဲ့တိုက်တွန်းမူကြောင့် မဟုတ်ဘဲ မိမိတို့ရဲ့သဘောဆန္ဒအလျောက် ပြန်ဖို့ဖြစ်ပါတယ်။ နောက်ပြီးတော့မှ လူဂုဏ်သိက္ခာနဲ့ အညီ မိမိတို့သဘောဆန္ဒအလျောက် ပြောင်းရွှေ့ဖို့ဖြစ်ပါတယ်။ အဲ့လိုပြောင်းရွှေ့တဲ့နေရာမှာ ပိုင်းလော့ပရောဂျက် အနေနဲ့ အန်ကယ်တို့လုပ်ထားတာကတော့ စောစောကပြောတဲ့ ၁၇ ရွာရှိတာပေါ့လေ။ အဲ့ ၁၇ ရွာကို IDP Camp က ပုဂ္ဂိုလ်တွေ မူလ ၁၇ ရွာကလူတွေ ပြန်ပြောင်းချင်တယ်ဆိုရင် ပြောင်းနိုင်အောင် အန်ကယ်တို့က စီစဉ်ဆောင်ရွက်ပေးနေတယ်။ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ဝိုင်းမော်၊ မြစ်ကြီးနားပေါ့ ပြောင်းရွှေ့နိုင်ရေးကို ဦးစီး ဆောင်ရွက်တာတွေရှိပါတယ်။ ဆိုတော့ ပြန်ပြောင်းတဲ့ နေရာမှာ သူတို့ရဲ့သဘောဆန္ဒအရ စာရင်းတွေပြုစုရပါတယ်။ အန်ကယ်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ကတော့ ကချင်ယူနတီအဖွဲ့ဖြစ်ပါတယ်။ ကချင်ဘာသာ ရေးအဖွဲ့ပေါ့၊ KAC အဖွဲ့ သူတို့နဲပူးပေါင်းပြီးတော့ စာရင်းတွေကောက်ပါတယ်။

Voice : ဟုတ်ကဲ့ အဲဒီလိုစာရင်းကောက်နေတာအိမ်ထောင်စု ဘယ်လောက်လောက်ရှိပြီလဲ။
UNW : စာရင်းအတိအကျ မရသေးပါဘူး။ ကောက်ဆဲပဲဖြစ်ပါတယ်။

Voice : တကယ်လို့ မိမိဆန္ဒအလျောက် နေရပ်ပြန်ချင်တဲ့ အိမ်ထောင်စုတွေကို ဝန်ကြီးတို့အနေနဲ့ဘာတွေ ထောက်ပံ့ပေးပါလဲ။ ဘာတွေလုပ်ပေးဖို့ရှိလဲ။
UNW : ရှိတာပေါ့။ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ဆိုရင် အဓိကတစ်အချက်သူတို့ရဲ့ နေဖို့အဆောက်အအုံတွေလိုမယ်။ တိုက်ပွဲဖြစ်တာနဲ့ ၈ နှစ်လောက် ရှောင်တိမ်းနေရတော့ အများအားဖြင့် အိမ်တွေကအတော်လေး ပျက်စီးနေပြီ၊ တချို့ ငါးဆယ်ရာခိုင်နှုန်းကောင်းတာရှိတယ်၊ တချို့ ၇၅ ရာခိုင်နှုန်းကောင်းတာရှိတယ်ဆိုတော့ တစ်အချက်က သူတို့ပြန်မယ်ဆိုရင် ပြန်မယ့်နေရာကိုကြည့်မယ်။ ကြည့်ပြီး အဲ့မှာလိုအပ်တဲ့အဆောက် အအုံတွေရွာဆိုလည်း ရွာထဲသွားပြီး လမ်းတွေမကောင်းတော့ရင် လမ်းတွေဖောက်ပေးရမယ်၊ ကျောင်းသားတွေပါရင် ကျောင်းတွေပြန်ပြင်ရမယ်၊ ကျန်းမာရေးပါရင် ကျန်းမာရေးအဆောက်အအုံတွေ ဆောက်ပေးမယ်၊ မီးဆိုလည်း မီးရအောင်လုပ်ပေးရမယ်၊ မီးဆိုလည်း မီးမရလည်း ကျန်တဲ့ ဆိုလာမီးတွေ ဘယ်လိုလုပ်မလဲပေါ့၊ နောက်ပြီးတော့မှ အသက်မွေးဝမ်းကျောင်းပညာ ရပ်တွေအတွက်လည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ သူတို့ကို သင်တန်းတွေပို့ချပေးရမယ်။ နောက်ပြီးတော့မှ သူတို့ရဲ့ မူလလယ်တွေရှိတယ် တောင်ယာတွေ ဒါတွေလည်း အခုဆိုရင် တော်တော်မဖွံ့ဖြိုးဖြစ်နေပြီ၊ ဒါတွေကိုလည်း ပြန်လည်ပြုပြင်ပေးဖို့ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

Voice : ဟုတ်ကဲ့ နေရပ်ပြန်မယ့် အိမ်ထောင်စုတွေကို ဝန်ကြီးတို့ကလည်း ကူညီထောက်ပံ့မယ်ဆိုတော့ သူတို့အတွက် လုံးဝရပ်တည်လို့ရမယ့်အနေအထား ရှိနိုင်လား။
UNW : အချိန်တော့ယူရမှာပေါ့။ နောက်ပြီး သူတို့ ပြောင်းသွားပြီဆိုရင်လည်း သူတို့ရဲ့ဘဝတွေကလည်း ဗြုန်းဒိုင်းကြီးတော့ ကောင်းလာမှာမဟုတ်ဘူးပေါ့။ ပဒေသာပင်ပေါက်သလို ဖြစ်လာမှာမှမဟုတ်ဘဲ။ မဟုတ်ဘူးလား။ အားလုံးက ဖြည်းဖြည်းချင်း သူတို့ဘဝတိုးတက်အောင် အန်ကယ်တို့က အားလုံးပေါ့ အစိုးရရော၊ ပြည်သူရော၊ လူထုအဖွဲ့အစည်းတွေရော၊ ယူအမ်အဖွဲ့အစည်းတွေရော အားလုံးက ပူးပေါင်းပြီးတော့ အန်ကယ်တို့က ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့ရဲ့ စားနပ်ရိက္ခာပေါ့။ အန်ကယ်တို့စဉ်းစားတာက ဘာလဲ ဆိုတော့ ဥပမာ - သူတို့ တောင်ယာလုပ်ပြီဆိုပါတော့ တောင်ယာလုပ်တာ ဘယ်လောက်ကြာလဲ။ အဲ့ဒီတောင် ယာထွက်လာတဲ့အခါကျမှ သူတို့က အဆင်ပြေမယ်လေ။ အဲ့ဒီကာလကိုတောင်မှ ထောက်ပံ့ဖို့ အန်ကယ်တို့က စီမံချက်တွေဆွဲထားတယ်။ ဒါကြောင့်မို့ အန်ကယ်တို့အဖွဲ့မှာဆိုရင် ပညာရေးပါမယ်၊ ကျန်းမာရေးပါမယ်၊ စိုက်ပျိုးရေးပါမယ်၊ အဲ့လိုအဖွဲ့တွေပါအောင်လုပ်ထားပါတယ်။

Voice : ပြည်ထောင်စုဒုဝန်ကြီး တိုက်ပွဲရှောင်စခန်း လာတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးအတွက် ဒီ လတ်တလောလုပ်ဖို့အတွက် ဘာတွေဆုံးဖြတ်ချက် ချသွားလဲ။
UNW : ဝန်ကြီးခရီးစဉ်တွေမှာ ရိက္ခာထောက်ပံ့ထားတယ်၊ ငွေထောက်ပံ့ထားတယ်။ လိုအပ်တဲ့ဟာတွေ တောင်းဆိုတာလေးတွေပေါ့။ ဒါ လတ်တလောလုပ်ထားတာပေါ့။ ကျန်တာကတော့ စောစောကပြောသလို ပြောင်းမယ့်စာရင်းပေးထားတဲ့ ၁၇ ရွာကို အရင်ပြောင်းမှာ။ ပြောင်းမယ်ဆိုရင် တစ်အချက်က မိုင်းပဲ၊ မိုင်းရှင်း ရမယ် တပ်မတော်က တာဝန်ယူရမယ်။ မိုင်းရှင်းရမယ် မပေါက်သေးတဲ့ လက်နက်ခဲယမ်းတွေရှိရင် ဖော်ထုတ်ရမယ် ဒါကိုအရင်လုပ်ရမယ်။ ဒါလုပ်ပြီးမှ စောစောကပြောတဲ့ တည်ဆောက်ရေး ကျန်တာရွှေ့တာ၊ ဆောက်တာ၊ အိမ်ဆောက်ပေးတာ၊ စိုက်ပျိုးမွေးမြူရေး၊ ရေတွင်းရေကန်ဆက်လုပ်ရမယ်၊ လျှပ်စစ်မီးရရှိရေး စတာတွေကို စီမံချက်နဲ့ဆက်လုပ်သွားရမယ်။ 

Voice : အဲ့ဒီ စောစောကပြောတဲ့ ပိုင်းလော့ ပရောဂျက်စီမံကိန်းကရော လက်ရှိအတိုင်းအတာအရ ဘယ်လောက်ထိ အခြေအနေရောက်နေပြီလဲ။ အောင်မြင်မှုကရော ဘယ်လောက်ရောက်နေပြီလဲ။
UNW : အောင်မြင်မှုဆိုတာ စခန်းမှာရှိတဲ့သူတွေ ပူးပေါင်းပါဝင်ဖို့ရယ်၊ နောက်ပြီးတော့ စောစောက ပြောသလို လူမှုအဖွဲ့အစည်းတွေ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ မဟုတ်ဘူးလား၊ အန်ကယ် ခုနက ပြောသလို ဂုဏ်သိက္ခာရှိစွာ ပြန်လာရင်လို့ ဆိုတည်းက ဂုဏ်သိက္ခာရှိရှိပဲ ပြန်ရမှာပေါ့။ စစ်ရှောင်တဲ့သူတွေ တိုက်ပွဲ ရှောင်တဲ့သူတွေကတော့ မဖြစ်ဘူးလေ။ ပြောင်းချင်တဲ့ သူတွေရှိရင် အန်ကယ်တို့က ရွှေ့ပေးတယ်။ ရွှေ့ပေးတာတောင်မှ သူတို့ပြောင်းမယ့်အိမ်တွေကို ကြည့်ပေးရတယ်၊ မိုင်းတွေရှာပေးရတယ်။ လယ်ကွက်တွေပြန် လည်ဖော်ထုတ်နိုင်ဖို့ ကြိုးစားရတယ်။ ဆိုတော့ ရုတ်တရက်ကြီး ဝုန်းဒိုင်းကြီးကတော့ ပြောင်းဖို့ကတော့ အန်ကယ်အနေနဲ့ ပြောရင်တော့မဖြစ်နိုင်ပါဘူး။ ဒါတွေ ပြည့်စုံအောင် အကုန်လုံးက ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာလေ။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက တချို့ကိစ္စတွေက လုပ်နေတာတွေက တခြားမဟုတ်တဲ့သတင်းတွေလွင့်နေတာကတစ်မျိုး၊ အဲ့လိုဖြစ်သွားရင် ပြောင်းချင်တဲ့လူတွေအတွက် မကောင်းဘူးပေါ့။ ဒါကြောင့် သတင်းမှန်ရရှိဖို့လည်းလိုတယ်။ သတင်းမှန်ရရှိဖို့က တိုက်ပွဲရှောင်တွေအတွက် ပိုအရေးကြီးတယ်။ 

Voice : ၂၀၁၉ ခုနှစ်ထဲမှာ နေရပ်ပြန်တဲ့ အိမ်ထောင်စုရှိတယ်။ အဲဒါက အစိုးရအနေနဲ့ ပြန်ပို့တာလား။ ပြန်သွားတဲ့အိမ်ထောင်စု ဘယ်လောက်လောက်ရှိသွားပြီလဲ။
UNW : မရှိသေးဘူး၊ ပြန်ပို့တဲ့လူ မရှိသေးဘူး။ အစိုးရအဖွဲ့အနေနဲ့ ပြန်ပို့တဲ့လူတစ်ယောက်မှမရှိသေးဘူး။ သူတို့ဆန္ဒအရ ပြောင်းရွှေ့ချင်တဲ့သူကိုသာ ပြောင်းဖို့ရာဖြစ်တယ်။ အစိုးရအနေနဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ ပြန်ပို့ခြင်းလုံးဝမရှိဘူး။

Voice : ဟုတ်ကဲ့ မိမိဆန္ဒအလျောက်ပြန်တဲ့ အိမ်ထောင်စုနဲ့ လူဦးရေကရော ဘယ်လောက်လောက်ရှိပြီလဲ ခင်ဗျ။
UNW : နမ့်ဆန်ယန်ဆို ပြန်ကြတာ သုံးသုတ်ရှိတယ်။ အိမ်ခြေတော်တော်များများရှိပြီ။ အိမ်ခြေ ၅၀၊ ၆၀ လောက်ရှိပြီ။ ဒါက သူတို့ဘာသူတို့ ပြန်တာ၊ တချို့ အန်ကယ်တို့ကို စာရင်းမပေးဘဲ ပြန်သွားတဲ့လူတောင် ရှိတယ်။ စာသင်ကျောင်းဆိုလည်း ကျောင်းသား ပေါင်း ၁၄၀ ရှိတယ်။ နမ့်ဆန်ယန်က တိုက်ပွဲရှောင် ပြည်သူတွေကတော့ တက်နေတဲ့ ကျောင်းသားက လေးဆယ်လောက်ရှိတယ်။ ဟိုဘက် လိုင်ဇာဘက်က လာတက်နေတာ ကျောင်းသား တစ်ရာကျော်လောက်ရှိတယ်။

Voice : ဝန်ကြီးတို့ တိုက်ပွဲရှောင်တွေ ပြန်လည် ထူထောင်ရေးအတွက် ဒီနှစ်ဘတ်ဂျက်က ဘယ်လောက် လောက်လုပ်ထားလဲမသိဘူး။
UNW : ဘတ်ဂျက်က သေချာမသိဘူး။ အန်ကယ် တို့ကကျတော့ ပြောင်းရင် အခုလောလောဆယ် ပြောင်းတဲ့လူတွေကျတော့ ပြောင်းရင် ပြောင်းစရိတ် ပေးတယ်။ ဥပမာ-သုံးလစာပေးတယ်။ လောလောဆယ် စားဖို့သောက်ဖို့ ပြောင်းရွှေ့စရိတ်ပေးတယ်။ နောက်ပြီးတော့မှ အိုးအိမ်တွေ ပြန်လည်ပြုပြင်ဖို့အတွက် သွပ်တွေ သံတွေ အိမ်ဆောက်ပစ္စည်းတွေ အန်ကယ်တို့ ပံ့ပိုးပေးတာရှိတယ်။ တခြားအဖွဲ့အစည်းတွေက ထောက်ပံ့ တာလည်း ရှိပါတယ်။

Voice : ကျွန်တော်တို့ တိုက်ပွဲရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးအတွက် သီးခြားဘတ်ဂျက်မရှိဘူးလို့ ဆိုလိုတာလားဗျ။
UNW : သီးခြားဘတ်ဂျက်ဆိုတာ တိုက်ပွဲရှောင်တွေအတွက် စောစောကပြောသလိုပေါ့နော်။ တိုက်ပွဲ ရှောင်တွေ ပြန်တဲ့အခါသုံးတဲ့ အသုံးစရိတ်ကတော့ရှိတယ်။ အသုံးစရိတ်က ပြန်ရင် တစ်သိန်းအဲ့လိုပေါ့။ ငွေစာရင်း ခေါင်းစဉ်နဲ့ သီးခြားဘတ်ဂျက်ဆွဲထားတာမရှိဘူး။ လူမှုထောက်ပံ့ရေးအနေနဲ့ ဆွဲထားတာတော့ရှိတယ်။ ဌာနကိုမေးကြည့်လိုက်ရင်တော့ သိမှာပါ။ လူတစ်ယောက်ကို ၉၀၀ ကျပ်နှုန်းနဲ့ထောက်ပံ့တာတော့ သီးခြားဘတ်ဂျက်ရှိပါတယ်။ အန်ကယ်တို့ကျတော့ ဌာနများတယ် ၂၅ ဌာနရှိတယ်။ ဒါသီးခြားဘေးအန္တရာယ်ကာ ကွယ်ရေးရယ်၊ လူမှုရေးရယ်က သီးခြားဆိုတော့ အားလုံးကိုတော့ ဘတ်ဂျက်သေချာမသိဘူး။ သူတို့ဌာနသွားမေးရင်တော့ သိမှာပါ။

Voice : အန်ကယ်တို့ မိမိဆန္ဒအလျောက်ပြန်ချင်တဲ့သူတွေကို နေရပ်ပြန်ပို့ပေးတဲ့အခါ အခက်အခဲက ဘာတွေရှိနေလဲ။
UNW : အခက်အခဲရယ်လို့တော့ မရှိပါဘူး။ နေရပ်ပြန်ချင်တယ်ဆိုရင် အန်ကယ်တို့က သူတို့ပြန်ချင်တဲ့နေရာက သူတို့ပြန်သင့်တဲ့နေရာ ဖြစ်သေးလား မဖြစ်သေးဘူးလား ကြည့်ပေးတယ်။ ကြည့်ပြီးရင် သူတို့လိုအပ်ချက်တွေ အန်ကယ်တို့က ဖြည့်ဆည်းပေးတာပဲရှိတယ်။ သူတို့ပြန်ချင်တယ်ဆို သူတို့ပြန်နိုင်ဖို့ရာအတွက် ရိက္ခာလမ်းစရိတ် ဒါတွေတစ်ခါတည်း ထောက်ပံ့ပေးပြီး စီစဉ်ပေးတာ။ ဘာမှ စိန်ခေါ်မှုတော့မရှိပါဘူး။

Voice : နောက်ဆုံးသိချင်တာက ကချင်ပြည်နယ်တစ်ခုလုံးအနေနဲ့ တိုက်ပွဲရှောင် အကုန်လုံးအတွက် ခြုံပြီးပြောရင် သူတို့နေရပ်ပြန်နိုင်ဖို့ဆိုရင် သူတို့မှာ ဘာတွေက အဓိကလိုအပ်ချက်လို့ ဝန်ကြီးအနေနဲ့ မြင်မိတာလေးရှိရင် သိချင်ပါတယ်။
UNW : တကယ်တော့ တိုက်ပွဲဖြစ်တာ ၇ နှစ် ၈ နှစ် ရှိပြီပေါ့နော်။ ဒီဟာကကျတော့ တချို့ဟာတွေ ကိုယ်တိုင် ကွင်းဆင်းကြည့်မှ ပိုပြီးသိတာတွေရှိတယ်။ အန်ကယ်တို့က စားပွဲပေါ်က ကြည့်ရတာက သွားလာတာကြည့် ရတာတစ်မျိုးပဲ၊ တချို့ဟာတွေက သိပ်ပြောမကောင်း တာတွေရှိတယ်။ တိုက်ပွဲရှောင်ဆိုတာက တကယ် တိုက်ပွဲဖြစ်လို့ ရှောင်တာမဟုတ်ဘူး၊ ကိုယ့်ဒေသမှာ တိုက်ပွဲဖြစ်လို့ ရှောင်လာတာ။ တိုက်ပွဲရှောင်လာတာ အမျိုးမျိုးရှိတယ်။ ဥပမာ - တာလောကြီးပေါ့။ ခုတိုက်ပွဲ ဖြစ်တာမဟုတ်ဘူးလေ၊ နေတဲ့လူတွေနေတယ်၊ ပြောင်းတဲ့လူတွေပြောင်းတယ်။ ဆိုတော့ တချို့ကိစ္စတွေက ကိုယ်တိုင်ကြည့်တာပဲ ကောင်းပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အန်ကယ်တို့ကတော့ အန်ကယ်တို့ရဲ့ပြည်သူတွေဟာ ဒီစခန်းမှာနေရင် အန်ကယ်တို့မှာတာဝန်ရှိတယ်လေ။ တာဝန်ရှိတဲ့အလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်အောင် အားလုံးကိုဆောင်ရွက်ပေးရမှာ နိုင်ငံတော်ရဲ့တာဝန်ပဲ။ 

Voice : ဟုတ်ကဲ့ပါ။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။ 

မင်းထက်စံ