News

POST TYPE

INTERVIEW

နေထူးနိုင်နဲ့ တွေ့ဆုံခြင်း
14-Nov-2019
“မီဒီယာတွေကနေ ဝိုင်းပြီးတော့ ဖွပေးမယ်ဆိုရင် ထုတ်လုပ်သူတွေက စိတ်ဝင်စားမယ်”


သရုပ်ဆောင်နေထူးနိုင်နဲ့ တွေ့ဆုံခိုက် ရပ်ကျော်ရွာကျော် ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အကြောင်း၊ ရုပ်ရှင်အရိုက်နည်းရတဲ့ အကြောင်းနဲ့ မကြာခင် ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ စတင်ရိုက်ကူးတော့မယ့် အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : ရပ်ကျော်ရွာကျော် ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုသရုပ်ဆောင်ထားတာလဲ။ 
NHN :  ဒီဇာတ်ကားမှာ လှတောသားတစ်ယောက်ပေါ့နော်။ တောကနေမြို့မှာ ရှိတဲ့ဦးလေးဆီရောက်လာတယ်။ နန်းမြတ်ဖြိုးသင်းကို တွေ့တယ်။ ကြိုက်တယ်။ တောသားမြို့ရောက်တဲ့အချိန်မှာ မြို့သူကို ကြိုက်တယ်။ လွှမ်းပိုင်မြို့သားကလည်း မြို့သူကို ကြိုက်တယ်။ မြို့သားနဲ့ တောသားနဲ့ မြို့သူကို ဘယ်လို ပိုးပန်းကြလဲဆိုတဲ့ ပုံစံလေးပါ။ ကျွန်တော်ကတော့ လှတောလို ပြောပြီးတော့ ကောင်မလေးကို ပိုးပန်းတာပေါ့။ 

Voice : လွှမ်းပိုင်နဲ့ကျတော့ ဘယ်လိုတွေ ဆုံရတာလဲ။ 
NHN :  လွှမ်းပိုင်နဲ့က အကန်တွေချည်းပဲ။ ပြဲထွက်မှာတောင် ကြောက်ရတယ်။ သူက အရမ်းကောင်းတယ်။ တချို့အခန်းတွေဆို အက်တင်တွေက ကျွန်တော်ထက်တောင် ပိုကောင်းသေးတယ်။ တဲလင့်န်လည်း အရမ်းကောင်းတယ်။ လွှမ်းပိုင်သီချင်းတွေကိုလည်း နားထောင်တယ်။ သီချင်းတွေလည်း အကုန်ကြိုက်တယ်။ ထွက်တိုင်းလည်း အားပေးတယ်။ သူရိုက်တဲ့ VCD တွေကိုလည်း ကြည့်ဖြစ်တယ်။ 

Voice : ရပ်ကျော် ရွာကျော်ရဲ့ အမှတ်တရတွေက ဘာတွေဖြစ်မလဲ။
NHN :  လှတောလို့ ပြောရတာပေါ့။ စကားလုံးတွေ အများကြီး ကျက်ရတယ်။ တစ်ခါတလေ ခေါင်းတွေပူတာပေါ့နော်။ ပြောနေကျစကားတွေ မဟုတ်ဘူး။ ရိုးရိုးပြောရတာ မဟုတ်ဘူးလေ။ ကာရန်နဘေ၊ ဝင်္ကဝုတ္တိင်္လကာတွေနဲ့ ပြောရတာဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။ စကားတန်ဆာဆင်ပြီး ပြောရတာတွေပေါ့။ 

Voice : ဗီဒီယိုကားတွေပဲ ရိုက်တာများပြီးတော့ ရုပ်ရှင်ကားကျတော့ အရိုက်နည်းတယ်လို့ ပရိသတ်တွေက ပြောကြတယ်နော်။ 
NHN :  အရေအတွက်နည်းတာက ထုတ်လုပ်သူက ကျွန်တော်တို့ကို စိတ်မဝင်စားလို့ပေါ့။ ပရိသတ်က ကျွန်တော့်ကို များများအားပေးတယ်ဆိုရင် ထုတ်လုပ်သူက စိတ်ဝင်စားမယ်။ မီဒီယာတွေကနေ ဝိုင်းပြီးတော့ ဖွပေးမယ်ဆိုရင် ထုတ်လုပ်သူတွေက စိတ်ဝင်စားမယ်။ အဲဒါဆို ဒီရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်ရမှာပေါ့။ ကျွန်တော်ကတော့ အနုပညာသမားဖြစ်တဲ့အတွက် ဘယ်လိုင်းပဲဖြစ်ဖြစ်ရိုက်မှာပဲ။ ကိုယ်နဲ့လည်း လိုက်ဖက်မယ်။ ကိုယ်နဲ့ မလိုက်ဖက်တာကိုတော့ ဇွတ်အတင်းကြီးတော့ မလုပ်ယူဘူး။ 

Voice : ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးချင်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးရှိလား။ 
NHN :  ကျွန်တော်ရိုက်ချင်တဲ့ ကားရှိပါတယ်။ ကန်တော့ပွဲနေ့ကျရင် ကျွန်တော်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားအကြောင်း အကြမ်းဖျင်းပြောပြမယ်။ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေကို ပြောပြပါမယ်။ ရိုက်ပြီဟေ့ဆိုရင်လည်း ပရိသတ်ကို ဘယ်လိုအကောင်းဆုံးတွေ ဖန်တီးနေလဲဆိုတာ ပြောပြပါမယ်။ ဇာတ်ကားထွက်လာတဲ့ အခါကျရင်လည်း ဘယ်လောက်ထိ ကြိုးစားအားထုတ်ထားလဲဆိုတာကို ပရိသတ်ကိုချပြနိုင်အောင် လုပ်ပါမယ်။ ထုတ်လုပ်ရေးကလည်း နာမည်ကြီးထုတ်လုပ်ရေးပါ။ ဒါရိုက်တာကလည်း နာမည်ကြီးဒါရိုက်တာပါ။ ပါဝင်မယ့်သူတွေက နာမည်ကြီးတွေပါ။ ဇာတ်လမ်းကတော့ ကွီးနေထူးနိုင်ပေါ့။ ကွီးနေထူးနိုင် စတိုင်ပေါ့။ ပထမဦးဆုံး ကျွန်တော့်အတွက် ရုပ်ရှင်ခေါင်းဆောင်ကားဆိုတော့ စိတ်လှုပ်ရှားပါတယ်။ 

ခင်ညိုညိုသိမ့်




  • VIA