News

POST TYPE

INTERVIEW

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်နှင့် တွေ့ဆုံခြင်း
14-Nov-2019
“၃ ထပ်အထက် အဆောက်အအုံတွေကို ၂၀၁၀ နောက်ပိုင်းကစပြီး ငလျင်ဒဏ် ထည့်သွင်းတွက်ချက်တာတွေရှိတယ်”



ငလျင်ကြောင့် စောင်းသွားသည့် ရန်ကုန်မြို့ရှိ တိုက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကို The Voice သတင်းစာက မေးမြန်းထားမှုများမှ အချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

Voice : လက်ရှိ ငလျင်ကြောင့် စောင်းသွားတဲ့တိုက်တွေကို ဘယ်လိုပြန်ပြုပြင်လို့ရလဲ။ ဘယ်လိုအခြေအနေမှာ ပြန်ပြင်သင့်လဲ။
UMM : စောင်းသွားတဲ့တိုက်တွေ ပြန်တည့်တာမျိုးက လုပ်လို့ရပါတယ်။ ဒါက ကုန်ကျမှုများတာပဲရှိတယ်။ ဥပမာ - မြင့်နေတဲ့ဘက်ကို ကျွန်တော်တို့က ထောက်ပြီးတော့ ပြန်ပြီးဖောင်ဒေးရှင်းကို နှိမ့်ချလိုက်နိမ့်နေတဲ့ဘက်ကို ထပ်မကျွံအောင် အောက်ခြေကိုတက်အောင် မြေကြီးထဲမှာ ပြန်လုပ်ယူရတဲ့နည်းတွေရှိတယ်။ ကုန်ကျစရိတ်ကတော့ အဆောက်အအုံပေါ်မူတည်တယ်။ နှစ်ထပ် သုံးထပ်ဆို တစ်မျိုး၊ ခြောက်ထပ်၊ ရှစ်ထပ်ဆိုတစ်မျိုး ဘေးမှာလုပ်ရတာ နေရာအလွတ်ရှိလား၊ မရှိလား ဒါလေးတွေတော့ ကွာခြားပါတယ်။ ဒါကလည်း စောင်းပဲစောင်းပြီး အပေါ်ပိုင်းကြံ့ခိုင်မှုရှိနေသေးတယ်၊ ကွဲတာတွေ၊ အက်တာ၊ ပျက်တာမရှိတဲ့တိုက်ဆိုရင် တည့်နိုင်တာ၊ အပေါ်က ပြတ်သတ်ထွက်နေရင်တော့ ပြန်တည့်ရင်လည်း အပေါ်ပိုင်းက ပြိုကျနိုင်တယ်၊ ဒါမျိုးဆိုရင်တော့ မလုပ်သင့်ဘူး။ နှစ်ပိုင်းရှိပါတယ်။

Voice : ရန်ကုန်မြို့ရဲ့ ဘယ်နှခုနှစ်က ဆောက်လုပ်တဲ့တိုက်တွေက ငလျင်ဒဏ်ကာကွယ်မှုတွေ စတင်ပါဝင်လဲ။ ဘယ်လိုတိုက်တွေက ငလျင်ကြောင့် စိုးရိမ်မှုတွေရှိနိုင်လဲ။
UMM : တိုက်တွေက အထပ်မြင့်နဲ့ပတ်သက်တာကို CQHP (Committee for Quality Control of High-rise Building Construction Projects) ကနေပြီး အထပ်မြင့်အဆောက်အအုံတွေ၊ ၈ ထပ်အထက်အဆောက်အအုံတွေဆိုရင် သူတို့စတင် ဖွဲ့ကတည်းက ငလျင်ဒဏ်ထည့်သွင်းတွက်ချက်ရမယ် ဆိုတာပါတယ်။ နောက်တစ်ခါ စည်ပင်သာယာကျတော့လည်း ၃ ထပ်အထက်အဆောက်အအုံတွေကို ၂၀၁၀ နောက်ပိုင်းကစပြီး ငလျင်ဒဏ် ထည့်သွင်းတွက်ချက် တာတွေရှိတယ်။ အဲ့ရှေ့ပိုင်းတွေကတော့ ငလျင်နဲ့ ပတ်သက်ပြီး ထည့်သွင်းတွက်ချက်တာတွေ မရှိဘူး။ ဒီတော့ အခုနောက်ပိုင်းဆောက်တဲ့တိုက်တွေကတော့ သိပ်မစိုးရိမ်ရဘူး၊ သေချာလည်း ကြပ်မတ်ထားတယ်။ ရှေ့ပိုင်းဆောက်တဲ့ တိုက်တွေကတော့ သူ့အရည်အသွေးပေါ်မူတည်ပြီး စိုးရိမ်စရာရှိတယ်။ အင်္ဂလိပ် လက်ထက်ဆောက်ခဲ့တဲ့ ရှေးတိုက်တွေဆိုရင် Stracture လည်းမဟုတ်တဲ့ အုတ်တိုက်တွေ၊ အဲ့မှာ အခုကတည်းက ထက်ခြမ်းအက်ကွဲနေတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အသင်းအနေနဲ့ကိုတော့ အခုချိန်ထိ ဘာညွန်ကြားချက်မှမရှိဘူး။

Voice : တိုက်တွေရဲ့ အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုညွန်ကြားထားတာမျိုးရှိလဲ။
UMM : အရည်အသွေးပိုင်းကို အသင်းအနေနဲ့ ညွန်ကြားဖို့ကျတော့ ကန်ထရိုက်ကိုပဲ ညွန်ကြားလို့မရဘူး၊ ဒါကို မလုပ်ဘူးတော့မဟုတ်ဘူး၊ အသင်းအနေနဲ့ ဒါကိုအမြဲဆွေးနွေးတယ်၊ စည်းစနစ်နဲ့လိုက်ပြီး ပြောင်းလဲဆောင်ရွက်ဖို့ရှိတယ်။ ဒါကို အသင်းအနေနဲ့ပဲ လုပ်လို့မရဘူး။ နိုင်ငံတော်ပိုင်းကလည်း လိုက်လုပ်ဖို့လိုတယ်။ နိုင်ငံတော်ပိုင်းအဆောက်အအုံတွေ ကိုယ်တိုင်ကိုက ငလျင်ပိုင်းတွက်ချက်ပြီဆိုရင် ကုန်ကျစရိတ်က တက်သွားပြီ။ နိုင်ငံတော်ကပေးတဲ့တင်ဒါတွေ နိုင်ငံတော်အဆောက်အအုံတွေကိုယ်တိုင် တန်ရာတန်ကြေးပေးပြီး တည်ဆောက်ပေးဖို့ လိုအပ်တယ်။ အဲ့လိုမလုပ်ပေးဘူးဆိုရင် ကိုယ်ကျင့်သိက္ခာထိန်းတဲ့ ကန်ထရိုက် တွေကျတော့လည်း အကျိုးစီးပွားအများကြီးဆုံးရှုံး ကုန်တယ်။ ဒါက နိုင်ငံတော်ပိုင်းကော၊ ကန်ထရိုက်တာကော၊ လွှတ်တော်ကိုယ်စားလှယ်တွေကကော တင်တဲ့ ဟာမှန်သမျှ ဖြတ်မှရမယ်ဆိုတဲ့ အယူအဆလည်း မှားနေတာပေါ့နော်။ ဘဏ္ဍာငွေလျော့အောင် ဖြတ်ရမယ် ဆိုတာမျိုးမဟုတ်ဘဲ အရည်အသွေးကောင်းတာလေး တွေလုပ်သင့်တယ်။

Voice : တိုက်ဟောင်းမှာ နေထိုင်သူတွေအနေနဲ့ ဘယ်လိုသတိပြုပြီး နေသင့်လဲ။
UMM : တိုက်ခန်းတွေမှာနေတဲ့သူတွေကတော့ ကိုယ့်တိုက်ရဲ့အခြေအနေကို ကြည့်ပြီးနေသင့်တယ်။ အက်လားကွဲလားပေါ့။ အက်တိုင်း ပူပင်စရာတော့ မဟုတ်ဘူး။ စောင်းနေလား ကြည့်ရမယ်။ တချို့ကျတော့ ငလျင်မလှုပ်ခင်ကတည်းက စောင်းနေတဲ့တိုက် တွေရှိတယ်။ ဒါကို ကြိုတင်ကြည့်သင့်တယ်။ တိုက်ခန်း တွေဝယ်မယ်ဆိုလည်း အမြဲတမ်းပေါတာတွေ မဝယ်သင့်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းနဲ့ သင့်တော်တာကို ဝယ်သင့်တယ်။ မဝယ်ရသေးတဲ့လူက။ နောက်တစ်ခုကတော့ ကျွမ်းကျင်သူနဲ့ မဖြစ်ခင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလို စစ်ဆေးထားသင့်တယ်။ ဖြစ်လာရင်တော့ ညွန်ကြားချက်တွေအတိုင်း ဆက်လက်လုပ်ဆောင်ရမှာပေါ့။

Voice : ကုန်ကျစရိတ်ဆိုရင်တော့ ငလျင်ဒဏ် အဆောက်အအုံတွေက ပိုကုန်ကျနိုင်မလဲ။
UMM : ကုန်ကျစရိတ်ဆိုရင်တော့ ၁၀ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ ပိုကုန်ကျနိုင်တယ်။ အခုနောက်ပိုင်းဆောက်တဲ့တိုက်တွေကတော့ ငလျင်ဒဏ်ခံနိုင်တဲ့တိုက်တွေ အကုန်လုံးတည်ဆောက်ထားတယ်။ အကုန်လုံးနီးပါး ငလျင်ဒဏ်ကာကွယ်နိုင်တဲ့ အချိုးအစားတွေ ထည့်ထားတယ်။ တကယ်မြေပြင်မှာ ထည့်မထည့်ကတော့ တိုက်တွေအပေါ်မှာ မူတည်တယ်။ တကယ်မြေပြင်မှာလည်း ထည့်ဖို့လိုအပ်တယ်။ အဲ့ဒီလိုဆိုရင် ဈေးနှုန်းကတော့ ပြောရခက်တယ်။ ဈေးနှုန်းက နေရာပေါ်မူတည်လို့ အကြမ်းအားဖြင့်ကတော့ သိန်းတစ်ရာတန်တိုက်ခန်းဆိုရင် ငလျင်ဒဏ်ခံနိုင်တာမျိုးထည့်လိုက်ရင် သိန်း ၁၂၀ လောက်ကျသင့်သွားမယ်။

Voice : ၂၀၁၀ နောက်ပိုင်း ဆောက်လုပ်တဲ့တိုက်တွေမှာ စောင်းသွားတာ၊ တစ်ခုခု ငလျင်ကြောင့်ဖြစ် သွားတယ်ဆိုရင် ဘယ်လိုတိုင်ကြားနိုင်လဲ။
UMM : အဲ့ဒါကတော့ ဥပဒေအရ ဘယ်လိုရှိမလဲ သေချာမပြောနိုင်ဘူး။ ကန်ထရိုက်တာတစ်ယောက်တည်းမှာ တာဝန်ရှိတာမျိုးတော့မဟုတ်ဘူး။ ဖြစ်ခဲ့တယ်ဆိုရင် သုံးဦးသုံးဖလှယ် တာဝန်ရှိတယ်။ ကန်ထရိုက်တာကလုပ်ရင် အင်ဂျင်နီယာက လက်ခံလား၊ အင်ဂျင်နီယာ ကလုပ်ရင် စစ်ဆေးတဲ့လူက လက်ခံလား၊ ဒါမျိုးတွေရှိတယ်။ ကန်ထရိုက်တာပဲ အရေးယူရင် စစ်တဲ့သူတွေ ဘယ်လောက်ပေါ့ဆပေါ့ဆ လုပ်လို့ရတယ်ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် သက်ဆိုင်သူတွေအကုန်လုံးကို အရေးယူမှ ထိရောက်မှုရှိနိုင်မယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးမြင့်မွန်