News

POST TYPE

INTERVIEW

ဒေါက်တာသက်စုမွန်နှင့် တွေ့ဆုံခြင်း
13-Nov-2019
“ဝက်သက်ရောဂါ ကာကွယ်ခြင်းမရှိတဲ့ ကလေးငယ်တွေမှာ ကူးစက်မှုလျင်မြန်ပြီး ရောဂါပြင်းထန်တဲ့အတွက် ကလေးငယ်များ တစ်ယောက်မကျန် အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုရရှိဖို့ အရေးကြီးပါတယ်”



ဝက်သက် - ဂျိုက်သိုး အပိုဆောင်းကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်စေရန်နှင့် ဆေးထိုး မပျက်ကွက်ကြစေရန် ဒေါက်တာသက်စုမွန်ကို The Voice က မေးမြန်းထားပါတယ်။

The Voice : ဝက်သက် - ဂျိုက်သိုးရောဂါ အကြောင်း ရှင်းပြပေးပါ။
Dr.TSM : ဝက်သက်ရောဂါဟာ ဝက်သက်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အလွန်ကူးစက်မြန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ပြင်းထန်အရည်ခန်းခြောက်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါများနဲ့ ပြင်းထန်အာဟာရချို့တဲ့ရောဂါများရရှိပြီး သေဆုံးနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဂျိုက်သိုးရောဂါကူးစက်မှုဟာ ကလေးများတွင် မပြင်းထန်ပေမယ့် ကိုယ်ဝန်ဆောင်များ ရောဂါကူးစက်ခံရရင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေဆုံးခြင်း၊ မွေးရာပါဂျိုက်သိုးရောဂါ ခံစားရတဲ့ ကလေးအဖြစ် မွေးရာပါနှလုံးရောဂါ၊ မျက်စိအတွင်း တိမ်၊ နားမကြားဆွံ့အခြင်းများ ဖြစ်ပွားတတ်ပါတယ်။ 

The Voice : ဝက်သက် - ဂျိုက်သိုး အပိုဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဘယ်သူတွေကို ဘယ်တော့ ထိုးနှံပေးမလဲ သိပါရစေ။
Dr.TSM : နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်- ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း လုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆-၂၈ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၂၃၄ မြို့နယ်မှာ ထိုးနှံပေးမှာဖြစ်ပါတယ်။ မြို့နယ် ၉၆ မြို့နယ်ကတော့ အောက်တိုဘာလအတွင်းမှာ ထိုးနှံပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာထိုးနှံပေး မယ့်မြို့နယ်တွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်များအားလုံး ပါဝင်မှာဖြစ်ပါတယ်။ ထိုးနှံပေးမယ့်သူတွေကတော့ ကလေးအသက် (၉) လမှ (၅) နှစ်ခွဲ အရွယ် ကလေးများအားလုံးကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ၊ ဝက်သက် (သို့မဟုတ်) ဂျိုက်သိုး ပေါက်ဖူးသူဖြစ်စေ၊ မပေါက်ဖူးသူဖြစ်စေ ဒီအသက်အရွယ်ထဲမှာ ပါဝင်တဲ့ ကလေးအားလုံးကို အပိုဆောင်းအနေနဲ့ တစ်ကြိမ်ထိုးနှံပေးမှာ ဖြစ်ပါတယ်။
 
The Voice : ဝက်သက် - ဂျိုက်သိုးရောဂါအပို ဆောင်းထိုးနှံခြင်းကို လုပ်ဆောင်ရတဲ့အကြောင်း အရင်းနဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

Dr.TSM : ယခုလို အစုလိုက် အပိုဆောင်းထိုးနှံပေးခြင်းဖြင့် ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကူးစက်မှုအတွက် ခုခံနိုင်စွမ်းအားမရှိတဲ့ ကလေးငယ်များကို ခုခံကာကွယ်စွမ်းအား ကျယ်ပြန့်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ လူဦးရေထူထပ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံမှုမှာ လွှမ်းခြုံမှုအားနည်းတဲ့ ဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေ၊ နယ်မြေမအေးချမ်းတဲ့ ဒေသတွေကနေပြီး အကြောင်းကြောင်းကြောင့် မြို့ပေါ်ကို ရွှေ့ပြောင်းလာတဲ့လူအုပ် စုများရှိလာတဲ့အခါ ဝက်သက်ရောဂါကူးစက်ဖြစ်ပွားမှုတွေ ရှိပါတယ်။ (၂၀၁၈) ခုနှစ်မှာ ဝက်သက်ရောဂါဟာ ကမ္ဘာ့နိုင်ငံအချို့နဲ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုများ ရှိခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးတွင် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတွင်းရှိ အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန်နဲ့ (၂၀၂၃) ခုနှစ်တွင် ဝက်သက် - ဂျိုက်သိုး ရောဂါကင်းဝေးပြီး မွေးရာပါဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ဖြစ်ပါတယ်။

The Voice : ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားမှုများကို ပြောပြပေးပါ။
Dr.TSM : မြို့နယ်များမှ လုပ်ငန်းကူညီဆောင်ရွက်မည့်သူများနဲ့ တွေ့ဆုံပြီး အသေးစိတ်စီမံချက်တွေ ရေးဆွဲခြင်းနဲ့ သင်တန်းပေးခြင်းတွေပြုလုပ်ပါတယ်။ မြို့နယ်များမှ ကာကွယ်ဆေးထိုးနှံမယ့် ရည်မှန်းကလေး စာရင်းကိုပြုစုပြီး ကာကွယ်ဆေးထိုးစုရပ်တွေကို သတ်မှတ်ခြင်း၊ ကာကွယ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဆေးထိုးစုရပ်တွေကို သတ်မှတ်ရက်အတွင်း ရောက်ရှိအောင် ဆောင်ရွက်ခြင်း၊ ဆေးထိုးစုရပ်များသို့ ရည်မှန်းကလေးများ ရောက်ရှိအောင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေကို အသိပေးဆွေးနွေးခြင်းနဲ့ ပြည်သူလူထုသိရှိအောင် အပိုဆောင်းကာကွယ်ဆေး ထိုးလုပ်ငန်းအကြောင်း နဖူးစည်း၊ ပိုစတာများကပ် ခြင်း၊ မီဒီယာများကတစ်ဆင့် ပြောကြားခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ 

The Voice : ဝက်သက် - ဂျိုက်သိုး ရောဂါကာကွယ်ဆေးဟာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပါဝင်နေပေမယ့် ဝက်သက်ရောဂါဖြစ်ပွားမှုများကို တွေ့ရှိရပါတယ်။ အကြောင်းအရင်းကို သိပါရစေ။
Dr.TSM : ဝက်သက်ရောဂါကာကွယ်ဆေးဟာ ကာကွယ်ဆေးထိုးနှံထားတဲ့ ကလေး ၁၀၀ ဦး အနက် ၈၅ ဦးတွင်သာ ရောဂါကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ကျန် ၁၅ ဦးကို ရောဂါကာကွယ်နိုင်တဲ့ အာနိသင်ရရှိစေနိုင်ရန် (၂၀၁၂) ခုနှစ်ကစပြီး ဝက်သက်ရောဂါကာကွယ်ဆေးကို ကလေးအသက် (၁၈)လမှာ ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းစတင်ခဲ့ပါတယ်။ သို့သော် ဝက်သက် ကာကွယ် ဆေး ဒုတိယအကြိမ် လွှမ်းခြုံမှုဟာ ပထမအကြိမ် လွှမ်းခြုံမှုထက်လျော့နည်းပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင် အသက် (၃၀) နှစ်အထက် လူအုပ်စု များနဲ့ အသက် (၃၀) နှစ်အောက်လူအုပ်စုများရဲ့ ၅၀ ရာခိုင်နှုန်းဟာ ဝက်သက်ရောဂါကို ကာကွယ်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဝက်သက်ရောဂါ ကာကွယ်ခြင်းမရှိတဲ့ ကလေးငယ်တွေမှာ ကူးစက်မှု လျင်မြန်ပြီး ရောဂါပြင်းထန်တဲ့အတွက် ကလေးငယ်များ တစ်ယောက်မကျန် အပိုဆောင်းကာကွယ်ဆေးထိုးနှံမှု ရရှိဖို့အရေးကြီးပါတယ်။ ဝက်သက်ပေါက်ပြီး သူများမှာတော့ ရာနှုန်းပြည့် တစ်သက်တာ ကာကွယ်ပြီးသားဖြစ်တဲ့အတွက် ထပ်မံဖြစ်ပွားမှု မရှိပါဘူး။

The Voice : အခြားဖြည့်စွက်ပြောကြားလိုသည်များရှိရင် ပြောကြားပေးပါ။
Dr.TSM : နိုင်ငံအတွင်း ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကပ်အသွင်ဖြစ်ပွားခြင်းမရှိစေရန် နိုင်ငံတစ်ဝန်းလုံးရှိ အသက် (၉) လမှ (၅) နှစ် (၆)လအတွင်းရှိ ကလေးတစ်ဦးမှ မကျန်စေအောင် ဝက်သက် - ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း (၁)ကြိမ် ထိုးနှံကြပါစို့လို့ မှာလိုပါတယ်။

The Voice : ကျေးဇူးတင်ပါတယ်ရှင့်။

 အေးသန္တာထွန်း



  • VIA