News

POST TYPE

INTERVIEW

မြန်မာနိုင်ငံအစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နဲ့ တွေ့ဆုံခြင်း
11-Nov-2019
“အစည်းအရုံးက ဘာအာဏာမှ မရှိဘူး။ ရိုင်းရိုင်းပြောရရင် သာရေးနာရေးအဖွဲ့ပဲ”



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နဲ့ တွေ့ဆုံခိုက် ရုပ်ရှင်အစည်းအရုံး အပြောင်းအလဲအကြောင်း၊ ဖြေရှင်းပေးသွားမယ့် ရုံရှင် ကားရှင်အကြောင်းနဲ့ ဥက္ကဋ္ဌအဖြစ် လက်ခံဖြစ်သွားတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice : မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ၁၇ ကြိမ်မြောက် စုပေါင်း ဘုံကထိန်အလှူလေးအကြောင်းက စပြောပေးပါဦး။ 
NNHL : မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ စုပေါင်း မဟာဘုံကထိန် ကျင်းပလာတာ ၁၇ ကြိမ် မြောက်ရှိသွားပြီ။ အခုနောက်ပိုင်းတော့ ကလေးဝတောရကျောင်းကို ပင်တိုင်ထားပြီးတော့ လှူဒါန်းဖြစ်တယ်။ ဒီနှစ်ဆို ပဒေသာ ပင်ပေါင်း ၅၀ လောက် လှူဒါန်းခဲ့ပါတယ်။ 

Voice : ဒီနှစ်ကထိန်မှာ လောကသားတွေလာတာ နည်းတယ်နော်။ 
NNHL : ဘယ်လိုမှတော့ မခံစားရပါဘူး။ သက်ကြီးပူဇော်ပွဲတုန်းကလည်း မင်းသား၊ မင်းသမီးတွေ တော်တော်မလာနိုင်ဘူး။ အခုကထိန်မှာဆိုရင်လည်း နည်းသွားတာပေါ့။ မရှိသလောက်ပါပဲ။ ရုပ်ရှင်မင်းသား၊ မင်းသမီး မလာတာကို သိပ်မပူဘူး။ ပူတာက ဒီနှစ် စီးပွားရေးမကောင်းဘူး။ ရုပ်ရှင်ကလည်း တော်တော်ကျနေတယ်။ ရုပ်ရှင်ကျနေရင် လူတွေက နားမလည်ဘူး။ မြို့လယ်ကောင်မှာ Now & Ever တို့ ကြိတ်ကြိတ်တိုးနေတယ်။ ပြီးရင် ရိုးမပေါ်မှာကျတဲ့မျက်ရည်တို့ကလည်း အကြီးအကျယ် အောင်မြင်နေတယ်။ ရုပ်ရှင်လောက တော်တော်ကျနေတယ်။ စီးပွားရေးမကောင်းဘူး။ ဦးညီတို့ ငယ်ငယ်တုန်းကဆိုရင် ရုပ်ရှင်ဆိုတာ အမြတ်ကြီးနဲ့ အမြတ်လေး။ အခုက အရှုံးကြီးနဲ့ အရှုံးလေး ဖြစ်နေတယ်။ အခြေအနေက မကောင်းဘူး။ စီးပွားရေးမကောင်းဘူး။ အခုဆို မင်းသား၊ မင်းသမီးက မလာနိုင်သလောက်ပါပဲ။ နောက်တစ်ချက်က နယ်ထွက်ရိုက်နေကြတယ်။ ကိုလူချောအဖွဲ့တောင် တစ်ယောက်မှမရှိဘူး။ လူကြမ်း ၃၀ ပါတဲ့ကားက နယ်မှာ သွားရိုက်နေတယ်။ သူတို့လည်း မလာနိုင်ကြဘူး။ 

Voice : ဦးညီက ရုပ်ရှင်တောင်မရိုက်တော့ဘဲ အေးဆေးနေနေတာကနေ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘာလို့လက်ခံဖြစ်ခဲ့တာလဲ။ 
NNHL : လောကသားတွေကိုလည်း ပြောချင်တာကတော့ ကျွန်တော်တို့လည်း အခကြေးငွေရလို့ မဟုတ်ဘူး။ တစ်ခါတလေ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စရိတ်ကိုယ်စိုက်ပြီးတော့ လုပ်တယ်။ တစ်ခါတလေ ရုပ်ရှင်အစည်းအရုံးမှာ ပြဿနာတွေဖြစ်ရင် ကျွန်တော် အိတ်စိုက်ရှင်းတာတွေ အများကြီးပဲ။ သူတို့လည်း ကြားသင့်သလောက် ကြားမှာပါ။ ကျွန်တော်က စိတ်ညစ်မခံနိုင်လို့ အိတ်စိုက်ရှင်းတာ။ အဲလိုတွေလည်း လုပ်တတ်တယ်။ အခုလည်း စလုပ်ကတည်းက ရုပ်ရှင်လောကသားတွေကို ကူညီချင်လို့လုပ်တာဆိုတော့ ဘာအခက်အခဲပဲရှိရှိ ကျွန်တော့်ကို ဖုန်းလေးတစ်ချက်ဆက်ပေါ့။ ကျွန်တော် ကူညီနိုင်တာရှိရင် ကူညီမယ်။ တစ်ခုတော့ရှိတယ်။ ဘယ်သူ့မှတော့ မကြောက်ဘူး။ ဒါလေးတစ်ခုပဲရှိတယ်။ ကျွန်တော် ရိုးသားမှုနဲ့ပါ။ ကျွန်တော် လုပ်တတ်လားဆိုတော့ ကျွန်တော်လည်း မလုပ်တတ်ဘူး။ ဒါပေမဲ့လည်း ရိုးသားမှုတစ်ခုနဲ့ လုပ်ပေးမယ်။ 

Voice : ရုံရှင် ကားရှင်တွေကြောင့် ဦးဌေး (ဦးဇင်ဝိုင်း) က ခံစားချက်လည်း ရှိသွားတယ်ကြားတယ်။ ဦးညီလက်ထက်ကျရင်တော့ ဘယ်လိုတွေ ဆက်လုပ်ဖြစ်မလဲ။ 
NNHL : ဦးဇင်ဝိုင်းလည်း ခံစားချက်ရှိတယ်။ စိတ်ညစ်တဲ့အထဲမှာ အဲဒါလည်းပါတယ်။ အဲဒီစနစ်ကြီးကအပြင်လူပြောပြလိုက်ရင် သိပ်နားမလည်ဘူး။ အကြမ်းဖျင်းနားလည်အောင် ပြောရရင် ၂၀၁၆ မှာ ဆင်ဆာကျထားတဲ့ကားက တစ်ကား၊ ၂၀၁၇ မှာ ဆင်ဆာကျထားတဲ့ကားကတစ်ကား ၁/၁၊ ရုံရှင် ကားရှင် စိတ်ကြိုက်ကားက လေးကား ၁၊ ၁ ၊ ၄ စနစ်နဲ့ အခုပြနေတယ်။ ၁၊ ၁၊ ၄ ဆိုတော့ ခြောက်ပတ်ပေါ့။ မင်္ဂလာရုံက ဦးဇော်မင်းကိုလည်း မေတ္တာရပ်ခံထားတယ်။ တကယ်လို့များ ၂ ၊ ၁၊ ၄ ဖြစ်မယ်သွားရင် ၂၀၁၆ ဒီဇင်ဘာထိကျထားတဲ့ကားက ၂၀၂၁ လောက်မှ တင်လို့ရမယ့်သဘော ဖြစ်နေတယ်။ အဲဒါကြောင့်မို့ အဲဒါလေးကိုတော့ သက်ညှာပါ။ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ရုပ်ရှင်ရိုက်စားလာတဲ့လူတွေကိုလည်း ညှာပါ။ အဲဒီလိုမေတ္တာရပ်ခံရတဲ့အဆင့် ရောက်နေတယ်။ ကားရိုက်ကျဲသွားတော့ ဇာတ်ပို့ဇာတ်ရံတွေကလည်း အဆင်မပြေဘူး။ အဲဒါတွေအတွက် အစည်းအရုံးက ဘာအာဏာမှ မရှိဘူး။ ရိုင်းရိုင်းပြောရရင် သာရေးနာရေးအဖွဲ့ပဲ။ 

ခင်ညိုညိုသိမ့်