News

POST TYPE

INTERVIEW

ခန့်စည်သူနဲ့ တွေ့ဆုံခြင်း
09-Oct-2019
“မြန်မာနိုင်ငံမှာ လိုအပ်ချက်ရှိနေတာ ကျောင်းဆရာ၊ ဆရာမတွေ”



နာမည်ကျော် သရုပ်ဆောင် ခန့်စည်သူနဲ့တွေ့ဆုံခိုက် ဆူးပန်းခွေ သွယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲအကြောင်း၊ ရိုက်ကူးရေးအခက်အခဲတွေအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : ဆူးပန်းခွေ သွယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲ ရိုက်ဖြစ်သွားတဲ့အကြောင်းလေး ပြောပြပေးပါဦး။
KST : ကျွန်တော်က အဲဒီဇာတ်ကို ဖတ်ကြည့်ပြီးတော့ ကြိုက်သွားတယ်။ ပြီးတော့ မခိုင်ကြီး၊ မခိုင်လေးတို့ကို ပေးဖတ်တယ်။ သူတို့လည်း သဘောကျတဲ့အတွက် ဇာတ်လမ်းတွဲ ဖန်တီးဖြစ်တာပါ။ ဆရာမကြီးခင်ခင်ထူးရဲ့ ဇာတ်တွေကို တော်တော်များများ ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လေးကတော့ အဓိက မြန်မာနိုင်ငံမှာ လိုအပ်ချက်ရှိနေတာ ကျောင်းဆရာ၊ ဆရာမတွေပေါ့နော်။ ဆရာ၊ ဆရာမတွေ လိုအပ်ချက်ရှိနေလို့ အဲဒီအတွက် ရည်ရွယ်ပြီးရိုက်တာပါ။ 

Voice : ဇာတ်လမ်း တွဲရဲ့ အဓိကမက်ဆေ့ချ်က ဘာများ ဖြစ်မလဲ။
KST : ဇာတ်လမ်း လေးကလည်း အရမ်းကောင်းပါတယ်။ အဲဒီထဲမှာပါတဲ့ ဆရာမ တစ်ယောက်က မခိုင်လေးပေါ့။ အမြဲတမ်း ဘယ်သွားသွား ကျောင်းဆရာမ အဝတ်အစားလေးကို အမြဲဝတ်တယ်။ ဘာလို့လဲဆိုတော့ သူ ယူနီဖောင်းကို အရမ်းချစ်တယ်။ ယူနီဖောင်း ဝတ်ထားခြင်းအားဖြင့် တင့်လည်း တင့်တယ်တယ်။ တန်ဖိုးလည်း ရှိတယ်။ ကိုယ့်အလုပ်ကို တန်ဖိုးထားရာ ရောက်တယ်လို့ မက်ဆေ့ချ်ပေးထားတာ ရှိပါတယ်။ 

Voice : ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ နတ်ရေကန်ရွာက တကယ်ရှိတာလား။
KST : တချို့ ပရိသတ်တွေကတော့ ပြောတယ်။ ဆရာမကြီး တကယ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မန္တလေးတိုင်း မတ္တရာဘက်က ရွာတစ်ရွာမှာ ဘာလို့ သွားမရိုက်တာလဲဆိုတော့ တချို့ပရိသတ်တွေကလည်း ပြောကြပါတယ်။ ဒါပေမဲ့ ဆရာမကြီးကိုယ်တိုင်က ရွာကို ဖန်တီးတဲ့အခါမှာ နတ်ရေကန်ရွာဆိုပြီးတော့ စိတ်ကူးယဉ်ရွာကို ဖန်တီးလိုက်တယ်။ တာဝန်ကျတဲ့ရွာအစစ်မှာ နာမည်မတပ်ချင်ဘူး။ သူ ဝတ္ထုရဲ့ ဆိုးမွေကောင်းမွေကို အဲဒီရွာက ခံစားသွားရမှာစိုးလို့ မတပ်တာပါ။ ဆရာမကြီးရဲ့ စိတ်ဓာတ်ကိုလေးစားသောအားဖြင့် ကျွန်တော်တို့လည်း ရွာအစစ်မှာ သွားမရိုက်ပါဘူး။ ပုပ္ပား ကျောက်ပန်းတောင်းရွာတွေမှာ ရိုက်ခဲ့တာပါ။

Voice : ဘယ်လို အခက်အခဲများ ရှိခဲ့သေးလဲ။
KST : အဓိက အခက်အခဲက နှစ်အပိုင်းအခြားပေါ့နော်။ ကျွန်တော်တို့မှာ အဲဒီခေတ်က သွားဖို့လာဖို့အတွက် ကားဆိုရင် ဂျစ်ကားတို့ အဲဒီခေတ်က ကားပုံစံတို့ ရှာရတယ်။ ဒီဘက်ခေတ်ရောက်တော့လည်း ဆူပါစလွန်းတွေ၊ ဟိုင်းလတ်တွေ၊ ပါပလေကာတို့ ကားတွေကို ပြန်ရှာရတယ်။ နည်းနည်းတော့ ရှာရခက်သွားတယ်။ နယ်အိမ်တွေမှာ ကပ်တာ အဲဒီခေတ်က ဇာတ်ပိုစတာတွေကို ပန်းချီဆရာတွေဆီ အပ်ရတယ်။ အသုံးအဆောင်ပစ္စည်းတွေ ရအောင်ရှာရတယ်။ အသေးစိတ် ပြင်ဆင်ရပါတယ်။ 

ခင်ညိုညိုသိမ့်