News

POST TYPE

INTERVIEW

သရုပ်ဆောင် အောင်ခိုင်နဲ့ တွေ့ဆုံခြင်း
07-Oct-2019
“သူ တို့ဘက်က မဲ့ပြလည်း ကိုယ့်ဘက်က ပြုံးပြမယ်”



သရုပ်ဆောင် အောင်ခိုင်နဲ့ တွေ့ဆုံခိုက် ဇနီးဖြစ်သူ ဝါဝါအောင်အကြောင်းနဲ့ အိမ်ထောင်ရေးအကြောင်းများကို မေးမြန်းထားပါတယ်။ 

Voice : စပွန်ဆာရုပ်ရှင်မှာ ဇနီးဖြစ်သူ ဝါဝါအောင်ရဲ့ အကြမ်းစားသရုပ်ဆောင်ထားတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
AK : အဲဒါက ဦးအောင်ခိုင်တို့၊ အန်တီဝါဝါအောင်တို့ဆိုတာ ခေါ်ကတည်းကိုက သရုပ်ဆောင်လေ။ သရုပ်ဆောင်ဆိုတာ နားလည်ထားတာက ကိုယ်မဟုတ်တဲ့ လူတစ်ယောက်ရဲ့အကြောင်း၊ ကိုယ်မဟုတ်တဲ့လူတစ်ယောက်ရဲ့စိတ် ဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့မှ ဇာတ်လမ်းကပေးတဲ့ ဇာတ်ကောင်စရိုက်ကို ဒါရိုက်တာရဲ့ အမိန့်ကိုနာခံပြီးတော့ ပီပြင်အောင် သရုပ်ဆောင်ကြတဲ့သူတွေပါ။ ဇာတ်လမ်းထဲမှာက ဝါဝါအောင် မဟုတ်ဘူးလေ။ အဲဇာတ်လမ်းထဲက ဇာတ်ကောင်ကို ဝါဝါအောင်က ပီပြင်အောင် သရုပ်ဆောင်တာပါ။ ပီပြင်အောင် သရုပ်မဆောင်နိုင်ဘူးဆိုရင် ရှေ့က အကယ်ဒမီဆိုတာကို ဖြုတ်ပစ်လိုက်ရမယ်။ သရုပ်ဆောင်အလုပ်ကို သရုပ်ဆောင်တွေက ပီပြင်အောင်လုပ်တယ်။ ဒီပေါ်မှာ ချီးကျူးတဲ့သူရှိသလို ဆဲတဲ့သူတွေလည်း ရှိမှာပဲ။ ဒါကတော့ ဦးအောင်ခိုင်တို့က အရေထူနေပြီ။ ပီပြင်အောင် သရုပ်ဆောင်နိုင်လို့ ဦးအောင်ခိုင်က သရုပ်ဆောင်ကောင်းအဖြစ် ချီးကျူးတယ်၊ လေးစားတယ်။ သူ့အနုပညာကို ပိုပြီးတော့ချစ်တယ်။ 

Voice : ဦးအောင်ခိုင်ဆိုလည်း လူကြမ်းတို့၊ ဗီလိန်တို့ မျိုးစုံလုပ်ခဲ့ရတော့ လူမုန်းကြတယ်နော်။ 
AK : ဦးအောင်ခိုင်တို့လည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်ခဲ့တာပဲ။ ပီပြင်အောင်လုပ်ခဲ့လို့လည်း ဒီဘက်ရုပ်ရှင်လောကမှာ ရုပ်ရှင်အနုပညာသက်တမ်း ၄၁ နှစ်တိုင်ခဲ့ပြီ။ သရုပ်ဆောင်ဆိုသည်မှာ မိမိရဲ့ကျရာတာဝန်ကို ပီပြင်အောင် သရုပ်ဆောင်ရမှာပဲဆိုတဲ့ အသိသရုပ်ဆောင်တိုင်းမှာရှိတယ်။ ပရိသတ်က ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်းရှိမယ်။ ဒါကတော့ သဘာဝနိယာမတရားတွေပါ။ ဒီပေါ်မှာ ဦးအောင်ခိုင်တို့ ဘယ်လိုမှ မခံစားရပါဘူး။ အနုပညာသမားတစ်ယောက် ကောင်းရင်ကောင်းသလို ချီးကျူးဖို့ပဲရှိပါတယ်။ 

Voice : ဦးအောင်ခိုင်တို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်လို့ ပြောကြတယ်။ သဝန်တိုတာမျိုးရော ရှိလား။ 
AK : ဦးအောင်ခိုင်တို့က ချစ်တယ်ဆိုတာထက် သံယောဇဉ်ဖြစ်ပြီး ချစ်သွားကြတယ်။ ဦးအောင်ခိုင်နဲ့ အန်တီဝါ ဆုံတဲ့အချိန်က ဦးအောင်ခိုင်က အိမ်ထောင်ကျပြီးသား။ အန်တီဝါက အပျိုကြီးပါ။ ဦးအောင်ခိုင် လွတ်လပ်သွားတဲ့အချိန်မှာ ဆုံတယ်။ သံယောဇဉ်ဖြစ်ကြတယ်။ ဒီပေါ်မှာ တစ်ခါတစ်ရံတော့ လူတစ်ယောက်ရဲ့စိတ် မနာလိုမရှိပါဘူး။ ဝန်တိုမရှိပါဘူးဆိုပေမယ့် စိတ်ထဲကတော့ ကလိကလိတော့ ဖြစ်နေတယ်။ ဒါကတော့ ထုံးစံပဲ။ ဒီချိန်မျိုးမှာ ဒီအသက်အရွယ်မျိုးမှာ ဖြစ်စရာအကြောင်းတော့ မရှိတော့ပါဘူး။ နားလည်မှုနဲ့ ပေါင်းသင်းလာတာ ၁၇ နှစ်ထဲ ရောက်ခဲ့ပြီ။ တရားဝင် အိမ်ထောင်ပြုခဲ့တာ လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ဆို ၁၄နှစ်ပြည့်ပြီ။ နားလည်မှုရှိခဲ့တာ သုံးနှစ်ဆိုတော့ ၁၇ နှစ်တိုင်ခဲ့ပြီ။ များသောအားဖြင့် အန်တီဝါက အမှားနည်းတယ်။ သည်းခံတယ်။ စာနာတတ်တဲ့စိတ် ဦးအောင်ခိုင်ထက် အများကြီးရှိပါတယ်။ ဦးအောင်ခိုင်မှားခဲ့တာတွေလည်းရှိတယ်။ သူ့ကြောင့် ဆင်ခြင်လာနိုင်တယ်။ ဒီနေ့ထိ အနုပညာလောကမှာ အကယ်ဒမီစုံတွဲ သက်ရှိထင်ရှား သုံးတွဲရှိတဲ့အနက် တစ်တွဲအပါအဝင် ဖြစ်နေတာပေါ့။ 

Voice : လက်ရှိမှာရော နေထိုင်မှုပုံစံကို ဘယ်လိုစိတ်နဲ့ နေထိုင်ဖြစ်နေလဲ။ 
AK : ဦးအောင်ခိုင်ကတော့ ပြောရရင် ဖြစ်ခဲ့ပြီးပြီ။ အမှားအမှန်ကို ကိုယ့်ဘာသာကိုယ် ခွဲခြားသုံးသပ်ဖို့လိုတယ်။ ခွဲခြားသုံးသပ်ပြီးတော့ ရှေ့ကို ဘယ်လိုဆက်သွားရမလဲဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်ကြဖို့လိုတယ်။ ဇနီးအပေါ်မှာလည်း မနာလိုတာတို့၊ သဝန်တိုတာတို့ မရှိဘူး။ ဦးအောင်ခိုင်တို့က အနုပညာသမားဖြစ်တဲ့အတွက် လူပေါင်းစုံနဲ့ ဆက်ဆံနေကြတယ်။ ကိုယ်က နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ သူတို့ဘက်က ပြုံးပြရင် ကိုယ့်ဘက်က ပြုံးပြမယ်။ သူတို့ဘက်က မဲ့ပြလည်း ကိုယ့်ဘက်က ပြုံးပြမယ်။ ကိုယ်တွေသည် ပရိသတ်ကျွေးတဲ့ ထမင်းကို စားနေတဲ့ အနုပညာသည် ဖြစ်တဲ့အတွက် ဒီနေ့ကနေပြီးတော့ နောက်လည်း ဒီအတိုင်းပဲ ဆက်လျှောက်နေဦးမှာပါ။

ခင်ညိုညိုသိမ့်