News

POST TYPE

INTERVIEW

Counselling Corner တည်ထောင်သူ ဦးအောင်မင်းသိန်းနှင့် တွေ့ဆုံခြင်း
04-Oct-2019


“အချိန်ကြာလာတာနဲ့အမျှ ဒီစိတ်ညစ်မှု၊ စိတ်ဆိုးမှုတွေကနေ စိတ်ရောဂါအထိ ကူးစက်သွားနိုင်တာပေါ့”

လူအများသည် နေ့စဉ်စိတ်ညစ်စရာများ၊ စိတ်ရှုပ်စရာများနှင့် ရင်ဆိုင်နေကြရသည်။ ထိုစိတ်ညစ်စရာ၊ စိတ်ရှုပ်စရာများကို ကြာရှည်စွာ သိမ်းဆည်းထားပါက စိတ်ရောဂါအထိ ဖြစ်သွားနိုင်သည်။ ထိုအခြေအနေအထိ မရောက်စေရန် Counselling လုပ်ခြင်းဖြင့် ကုသနိုင်သည်။ ထို့ကြောင့် Counselling ဆိုသည်မှာ အဘယ်နည်း။ မည်သည့်အတွက် Counselling လုပ်သင့်သနည်း။ Counselling လုပ်ခြင်းဖြင့် မည်သည့် အကျိုးအမြတ်ရနိုင်သနည်းဆိုသည်တို့နှင့် ပတ်သက်ပြီး Western Sydney University မှ မဟာဘွဲ့ Psychotherapy & Counselling ဘာသာရပ်ဖြင့် ဘွဲ့ရထားပြီး မြန်မာနိုင်ငံတွင် Counselling Corner ကုမ္ပဏီကို တည်ထောင်ထားသည့် ဦးအောင်မင်းသိန်းနှင့် The Voice Daily သတင်းစာတို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : Counselling ဆိုတာ ဘာလဲဆိုတဲ့ သဘောတရားလေးကို ရှင်းပြပေးပါ။
UAMT : Counselling ဆိုတာ ကျွန်တော်တို့က လူတစ်ယောက်ရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို ဖြေရှင်းပေးသွားတတ်အောင်၊ သူ့ဘာသူ ဖြေရှင်းနိုင်အောင် ကူညီပေးတဲ့ ပညာရပ်ပါ။ အကူအညီပေးတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့က အကြံဉာဏ်မပေးဘူး။ ပြီးတော့ သူ့ကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုပြီးတော့ Guideline တွေ မပေးဘူး။ Client က သူ့ရဲ့ အခက်အခဲကို သူဘာသူသိပြီးတော့ သူ့ရဲ့ အတွင်းပိုင်းမှာ အားသာတာတွေ အများကြီးရှိတယ်။ အဲဒီအားသာချက်တွေကို သူ့ဘာသူ ရှာဖွေဖော်ထုတ်တတ်အောင် ကျွန်တော်တို့က အန္တရာယ်အနည်းဆုံးနည်း လမ်းနဲ့ အဖြေရှာတတ်အောင် ကူညီပေးတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

Voice : ဘယ်လိုလူမျိုးတွေက Counselling လုပ်သင့်လဲ။
UAMT : စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဝမ်းနည်းလွယ်မယ်၊ ဒေါသထွက်လွယ်မယ်။ အဲလိုမျိုးဟာတွေကို ခဏခဏခံစားနေရမယ်။ နောက်ပြီး သူများကိုလည်း ပြောပြလို့မရဘူး။ ပြဿနာတွေကလည်း ရှိနေတယ်။ အဲဒါတွေကို ဖွင့်ဟချင်၊ ဖွင့်ထုတ်ချင်တယ်။ ဒါပေမဲ့ အပြင်ကလူတွေကျတော့ ဖွင့်ပြောလိုက်ရင်လည်း ကိုယ့်အားနည်းချက်ကို သူများသိသွားမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေကြတယ်။ အဲဒီတော့ ကျွန်တော်တို့လိုမျိုး သေချာ Train ထားတဲ့သူတွေ၊ Confidential လို့ခေါ်တဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးနိုင်တဲ့သူတွေဆီ လာပြီးတော့ ဆွေးနွေးသင့်ပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ကိုယ့်မှာခံစားချက်တွေများပြီးတော့ ဖွင့်ဟချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ဆီလာပြီးတော့ ဆွေးနွေးသင့်ပါတယ်။

Voice : ကိုယ့်ရဲ့ လူသိမခံချင်တာတွေကို ပြောဆိုဆွေးနွေးရမှာဆိုတော့ ဒါတွေမပေါက်ကြားဖို့ Counselling လုပ်ပေးတဲ့သူတွေက ဘယ်လောက်ထိ အာမခံနိုင်လဲ။
UAMT : ကျွန်တော်တို့ကတော့ Ethnical Guideline နဲ့ အလုပ်လုပ်ရတဲ့ ကျင့်ဝတ်တွေရှိပါတယ်။ အဲဒီကျင့်ဝတ်တွေကို လိုက်နာရတယ်။ လိုက်နာပြီးတော့ ကျွန်တော်တို့ အလုပ်လုပ်တယ်။ အဲဒီကျင့်ဝတ်တွေမှာ ကျွန်တော်က သြစတြေးလျနိုင်ငံမှာရှိတဲ့ Australia Counselling Association မှာ Member ဝင်ထားတယ်။ အဲဒီတော့ Registered လုပ်လိုက်ပြီ၊ မန်ဘာဝင်လိုက်ပြီဆိုရင် ကျွန်တော့်မှာ လိုင်စင်ကျတယ်။ အဲဒီလိုင်စင်နဲ့ ကျွန်တော်အလုပ်လုပ်ပါတယ်။ အဲဒီလိုင်စင်မှာဆိုရင် ကျွန်တော့်ဆိုရင် ကျွန်တော့်ဆီလာတဲ့သူရဲ့ သတင်းအချက်အလက်ကို ပေါက်ကြားခွင့်မရှိဘူး။ ပေါက်ကြားသွားရင် ကျွန်တော့် လိုင်စင်အသိမ်းခံရမယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ကြီးကြပ်ကွပ်ကဲတဲ့ Counsellor တစ်ယောက်ရှိပါတယ်။ ကျွန်တော်တို့ ဖြေရှင်းလို့ မရနိုင်တဲ့အရာတွေဆိုရင် အဲဒီကောင်ဆယ်လာက ဖြေရှင်းပေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က သေချာလုပ်ရပါတယ်။ မလုပ်ရင် လိုင်စင်မချပေးတာ၊ ပြန်သိမ်းခံရတာမျိုးတွေ လုပ်ခံရပါတယ်။

Voice : ကောင်ဆယ်လင်း ဘယ်လိုကြောင့် လုပ်သင့်လဲ။
UAMT : ကျွန်တော်တို့ နိစ္စဓူဝမှာ စိတ်ညစ်ကြတယ်။ စိတ်ဆိုးကြတယ်။ အဲလိုမျိုးဖြစ်လာပြီဆိုရင် လူတွေက ပျော်ရွှင်မှုနဲ့ အဆုံးသတ်ရတာထက်၊ ပြဿနာနဲ့ အဆုံးသတ်သွားရတာများတယ်။ ဘယ်လို ဖြေရှင်းရမလဲမသိဘူး။ တစ်ခါတစ်ခါကျတော့လည်း သူငယ်ချင်းတွေ တွေ့ကြတယ်။ ဘီယာသောက်လိုက်တယ်။ မိန်းကလေးတွေဆိုရင် တစ်ယောက်နဲ့တွေ့ကြတယ်။ စကားတွေပြောကြတယ်။ ရှော့ပင်းထွက်ကြတယ်။ (စိတ်ညစ်တာ၊ စိတ်ဆိုးတာ) ပျောက်သွားကြတယ်။ တချို့ကျတော့လည်း Meditation Center သွားကြတယ်။ တရားထိုင်ကြတယ်။ တချို့ကျတော့လည်း ဘာသာရေးတွေလုပ်ကြတယ်။ အဲဒီလိုနဲ့ (စိတ်ညစ်တာ၊ စိတ်ဆိုးတာ) ပျောက်သွားကြတာတွေရှိတယ်။ ဒါပေမဲ့ တချို့တွေကကျတော့ အဲဒီလိုတွေလုပ်ပေမယ့် မပျောက်ကြဘူး။ အဲဒီလိုဆိုရင် အလုပ်တွေ ပျက်လာမယ်၊ မိသားစုနဲ့လည်း အဆင်မပြေတော့ဘူး။ အားလုံးနဲ့ တစ်ယောက်လို ဖြစ်လာတယ်။ နောက် အပေါင်းအသင်းတွေနဲ့လည်း မတွေ့ချင်တော့ဘူး။ နောက် အလုပ်မှာလည်း အဆင်မပြေတာတွေများလာတယ်။ အဲဒါတွေကို ရင်မဆိုင်နိုင်တော့ဘူးဆိုတဲ့ အခြေအနေတွေကြောင့်မို့လို့ Counselling ဆိုတာကို လုပ်သင့်တာပါ။ ဒါကို ကိုယ့်ဘာကိုယ် နားလည်လို့ လုပ်လိုက်နိုင်တယ်ဆိုပေမယ့် တကယ်လို့ နားမလည်ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီစိတ်ညစ်မှု၊ စိတ်ဆိုးမှုတွေကနေ စိတ်ရောဂါအထိကူးစက် သွားနိုင်တာပေါ့။

Voice : Counselling လုပ်လို့ ဘာအကျိုးရလဒ်တွေ ခံစားရနိုင်လဲ။
UAMT : အကျိုးရလဒ်ကတော့ လူတစ်ယောက်က စိတ်ညစ်နေတာနဲ့ အဆုံးမသတ်တော့ဘူး။ ပြဿနာနဲ့ အဆုံးမသတ်တော့ဘူး။ ပြဿနာကို ဖြေရှင်းတတ်သွားမယ်။ သူ့ပတ်ဝန်းကျင်မှာ ကောင်းကောင်းမွန်မွန် ပြန်နေနိုင်မယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် နားလည်သွားတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရသွားတယ်။ ဥပမာဆိုရလို့ရှိရင် ဒါ (Counselling ) ကို မလုပ်ခဲ့ဘူး။ စောစောစီးစီး ဆွေးနွေးမထားခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် နားမလည်ထားခဲ့ဘူးဆိုရင် သူသည် ဆေးရုံသွားရမယ်။ ဆေးခန်းသွားရမယ်။ အဲဒါဆိုလို့ရှိရင် ပိုက်ဆံတွေ ဒီထက်မက ကုန်မယ်။ အကုန်အကျတွေ များလာမယ်။ အဲဒါတွေအပြင် လုပ်ငန်းတွေ အဆင်မပြေဖြစ်လာရင် ဝင်ငွေမရှိတော့တာမျိုး၊ အဆင်မပြေ တာတွေများလာရင် အလုပ်ပြုတ်သွားတာမျိုး ဖြစ်နိုင်တယ်။ အဲဒါဆိုရင် သူ့အတွက် ပိုပိုပြီး ပြဿနာတွေများလာတာပေါ့။ ကောင်ဆယ်လင်းသာ စောစောစီးစီး လုပ်ထားလိုက်မယ်ဆိုရင် ဆိုးကျိုးတွေ မဖြစ်နိုင်တော့ဘူးပေါ့။ နောက်တစ်ကြိမ်ဖြစ်လာရင်လည်း ရင်ဆိုင်နိုင်သွားတယ်။ ခုခံနိုင်တဲ့အားတွေ အပြည့်အဝရသွားတယ်။ တော်ရုံ ရှော့ရတာလောက်၊ တော်ရုံဖြစ်ရပ်တွေ လောက်နဲ့ သူ့ကို မရိုက်ခတ်နိုင်တော့ဘူး။ 

Voice : အစ်ကိုတို့အနေနဲ့ ဈေးနှုန်းတွေကျတော့ရော ဘယ်လိုယူလဲ။
UAMT : Charges တွေကတော့ အမျိုးမျိုးရှိတယ်။ ကျွန်တော်ကတော့ တစ်ယောက်ချင်းဆွေးနွေးတာဆိုရင် တစ်နာရီ၊ ဆွေးနွေးတာ မိနစ် ၅၀ ပေါ့နော်။ ငါးသောင်းသတ်မှတ်ပေမယ့် ကျွန်တော့်မှာတော့ Range တွေအမျိုးမျိုးရှိပါတယ်။ မတတ်နိုင်သူဆို မတတ်နိုင်တဲ့အလျောက် ဆွေးနွေးပြီးတော့ လုပ်လို့ရပါတယ်။ Counselling လုပ်တာက တစ်ယောက်ချင်းရှိတယ်၊ Couple လို့ခေါ်တဲ့ သမီးရည်းစား၊ လင်မယားဆိုတာမျိုးရှိတယ်။ Family ဆိုတဲ့ မိသားစု Counselling ရှိတယ်။ နောက်တစ်ခုကတော့ Group Therapy ရှိတယ်။ Couple ဆိုရင် ခြောက်သောင်း၊ Family ဆို ခုနစ်သောင်းယူတယ်။ Group ဆိုရင်တော့ နှစ်သောင်းခွဲဖြစ်ပါတယ်။

Voice : Counselling လုပ်တဲ့သူတွေနဲ့ စိတ်ရောဂါကုတဲ့သူတွေက ဘာကွာလဲ။
UAMT : ကောင်ဆယ်လင်းဆိုတာက နှစ်ပိုင်းခွဲလို့ရတယ်။ စိတ်ရောဂါမဖြစ်ခင် လူတွေကို ကုသတာက တစ်ပိုင်း၊ စိတ်ရောဂါဖြစ်ပြီးမှ ကုတဲ့ဟာက တစ်ပိုင်းရှိတယ်။ ကျွန်တော်ကကျတော့ ဩစတြေးလျမှာ Clinical Counselling ကို ယူထားတာဖြစ်တဲ့အတွက် စိတ်ရောဂါရှိနေတဲ့လူတွေကိုလည်း Counselling ကုထုံးပေးတယ်။ ဥပမာအနေနဲ့ ပြောရရင် သွားသွားပြီးတော့ Group Therapy လုပ်ပေးနေတဲ့အောင် Clinic မှာဆိုရင် သူ့ဆီမှာလာတဲ့ လူနာတွေဟာဆိုရင် ရွာသာကြီးဆေးရုံမှာ ဆေးဝါးကုသမှု ခံယူပြီးသူတွေပေါ့။ ပြီးတော့မှလာပြီးတော့ Therapy လာယူတယ်။ အောင် Clinic မှာလုပ်တဲ့ သူတွေက တစ်ဖက်မှာ ဆေးဝါးသောက်နေရတဲ့သူတွေပါ။ ဒါပေမဲ့ Group Therapy လုပ်ပြီးနောက်မှာ ဆေးသောက်ရတာ လျော့လျော့လာတာကိုတွေ့ရတယ်။ ဆေးဖြတ်မယ့်အဆင့်ထိကို စဉ်းစားလာပြီဆိုတာကို တွေ့ရတယ်။ စိတ်ကျန်းမာရေးဆိုတဲ့နေရာမှာ ဆေးဝါးတင်မှမဟုတ်ဘူး။ ဆေးဝါးတွေနဲ့ကတော့ ဆရာဝန်တွေက ကုတာ။ ကျွန်တော်တို့ကတော့ ဆေးဝါးမပါပဲနဲ့ကုတာ။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက်ပေါင်းပြီး ကုရင် ဒီလူနာအတွက် ရလဒ်မြန်ဆန်ကောင်းမွန်တာကို တွေ့ရတယ်။

Voice : Counselling လုပ်မယ့်သူတွေ၊ လုပ်ဖို့ လိုနေတဲ့သူတွေအတက် ဘာများပြောချင်လဲ။
UAMT : Counselling လုပ်ချင်တဲ့သူတွေအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ပုံမှန်ပါပဲလို့ပြောချင်တယ်။ လူတွေကကျတော့ ဒီကိုလာမယ်ဆိုလို့ရှိရင် ရူးနေတာလား၊ ငါ့ကိုခွဲခြားခံရတော့မလား မသိဘူးလို့ အဲဒီလိုမျိုးတွေးကြတယ်။ လူတိုင်းမှာကတော့ အခက်အခဲတွေရှိကြတယ်။ စိတ်ခံစားချက်တွေရှိတာပဲ။ အဲဒီတော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ ရဲရဲ့ဝံ့ဝံ့လာပါ။ Counselling လုပ်တာက ပုံမှန်ပါလို့ ပြောချင်ပါတယ်။

Voice : ဒါလုပ်ပြီးရင် ဘယ်လိုမျိုးစိတ်ကျေနပ်မှု ရမလဲ။
UAMT : ပြဿနာတစ်ခုဖြစ်ရင် ပုံသဏ္ဌာန်မှန်မှန် ဖြေရှင်းတတ်လာမယ်။ ပတ်ဝန်းကျင်မှာ ဆက်ဆံရေးတွေ ကောင်းမွန်လာမယ်။ မိသားစုနဲ့ ဆက်ဆံရေး ကောင်းမွန်လာမယ်။ နေလို့ထိုင်လို့ ပိုကောင်းလာမယ်။ စိတ်ကျန်းမာရေး ကောင်းမွန်လာတဲ့အတွက် ခန္ဓာကိုယ်ပိုင်းကလည်း ပိုကောင်းလာတယ်။ ဥပမာ ဆိုရလို့ရှိရင် စိတ်တွေကို ဘယ်လိုဖြေရှင်းရမှန်းမသိတော့ ပူပန်ကြတယ်။ ကိုယ့်ခံစားချက်တွေကို ရောဂါတစ်ခုလို့ ခံစားလာရတယ်။ ကိုယ့်ကိုယ်ကိုယ် နားမလည်တဲ့သူကျတော့ ငါ့မှာ ဘာရောဂါများရှိနေပြီလဲဆိုပြီးတော့ ခံစားရတယ်။ အဲဒီအပြင် သူ့မှာ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ ပိုဝင်လာတတ်တယ်။ ဝင်လာတဲ့အခါမှာ တစ်ခုခုဆိုးဆိုးရွားရွားဖြစ်လာတယ်ဆိုပြီး အိမ်မပျော်တော့ဘူး၊ စားမဝင်တော့ဘူး။ တချို့ဆိုရင် Panic Attack လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိဘဲ မူးလဲသွားတဲ့ ခံစားမှုမျိုးတွေ ဖြစ်လာတယ်။ Counselling ယူလိုက်ရင်တော့ အဲဒီလိုမျိုးတွေ မဖြစ်တော့ဘူး။ ခုနပြောသလိုတွေ ခဏခဏဖြစ် လာပြီဆိုရင် သွေးတိုးတွေဖြစ်လာနိုင်တယ်။ နှလုံးရောဂါတွေလည်း ရနိုင်တယ်။ Thyroid (သိုင်းရိုက် အကျိတ်) နဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ပြီးတော့ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်း) လက္ခဏာတွေ ခံစားလာရတာပေါ့။ စိတ်သည်ခန္ဓာကိုယ်နဲ့ ဆက်နေတာဖြစ်တဲ့အတွက် စိတ်ကြောင့်မို့ ခန္ဓာကိုယ်က ရောဂါတွေရပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
 
ဟိန်းမြတ်စိုး



  • VIA