News

POST TYPE

INTERVIEW

ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
02-Oct-2019
အရေပြားလေးဖက်နာ

“အဓိကရောင်ရမ်းတာလို့ ပြောလို့ရတယ်။ မျက်နှာမှာ အနီပြင်ထွက်တာတို့၊ လက်တွေမှာ အနီကွက်ထွက်တာတွေ စဖြစ်တတ်တယ်။ ခဏခဏဖျားတယ်။ မောပန်းလွယ်တယ်။ အဆစ်အမြစ်နာတာတွေရှိတယ်”



ဟုဆိုရာတွင် ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ အရေပြားထူလေးဖက်နာ၊ တုံ့ပြန်လေးဖက်နာ စသဖြင့် လေးဖက်နာရောဂါများစွာရှိသည်။ ထိုရောဂါများမှ အမျိုးသမီးများတွင် အဖြစ်များသည့် အရေပြားလေးဖက်နာရောဂါ SLE အကြောင်းနှင့် ယင်းရောဂါနှင့် ဆက်စပ်သည့် အာဟာရဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အာဟာရပညာရှင် ဒေါက်တာ ညီညီကျော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : SLE (အရေပြားလေးဖက်နာ) ဆိုတာကို ရှင်းပြပေးပါဦးဆရာ။
Dr.NNK : သူက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပစ္စည်းတွေ အချင်းချင်း ပြန်တိုက်တာပေါ့။ ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းတွေ ပြန်ထွက်ပြီးတော့ ပြန်တိုက်တာမျိုးပေါ့။ Auto Immune Disease လို့ခေါ်တယ်။ SLE က အမျိုးသမီးတွေမှာ ပိုပြီး ဖြစ်လေ့ဖြစ်ထရှိတယ်။ အသက် ၁၅ နှစ် ကနေ ၄၄ နှစ်အထိ အမျိုးသမီးတွေမှာ အဖြစ်များတယ်။

Voice : သူ့ရဲ့ရောဂါလက္ခဏာအနေနဲ့ကရော ဆရာ။
Dr.NNK : SLE က အဓိက ရောင်ရမ်းတာလို့ ပြောလို့ရတယ်။ မျက်နှာမှာ အနီပြင်ထွက်တာတို့၊ လက်တွေမှာ အနီကွက်ထွက်တာတွေ စဖြစ်တတ်တယ်။ ခဏခဏဖျားတယ်။ မောပန်းလွယ်တယ်။ အဆစ်အမြစ် နာတာတွေရှိတယ်။ နေရောင်ခြည်နဲ့ ထိလိုက်တဲ့အခါမှာ အနီကွက်ထွက်လာတာတွေ ရှိတတ်တယ်။ ဒီထက် အခြေအနေဆိုးလာရင်တော့ ကျောက်ကပ်ကို ထိသွားနိုင်တယ်။ ကုသလို့ရတဲ့ နည်းလမ်းမျိုးစုံတော့ ရှိတာပေါ့။ ဒါကတော့ နာတာရှည်ရောဂါထဲမှာ တစ်ခုအနေနဲ့ ပါတာပေါ့။ 

Voice : ဟုတ်ကဲ့။ ဒီလိုရောင်ရမ်းမှုတွေကို သက်သာ စေဖို့ ဘယ်လိုအစားအသောက်တွေကိုစားပြီး ဘာတွေကို ရှောင်ရမလဲဆရာ။
Dr.NNK : အဓိကတော့ ရောင်ရမ်းမှုတွေကို သက်သာစေမယ့် အစားအစာနဲ့ ပိုပြီးဆိုးစေနိုင်တဲ့ အစားအစာရယ်ဆိုပြီး ခွဲခြားသိဖို့လိုတယ်။ ရောင်ရမ်းတာအတွက် စားသင့်တာက ငါးအမျိုးမျိုး၊ အရေခွံ မပါတဲ့ ကြက်သား၊ ဥအမျိုးမျိုး၊ ဟင်းရွက်မျိုးစုံ၊ အသီးမျိုးစုံနဲ့ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နေကြာစေ့ စတာတွေကို စားပေးလို့ရပါတယ်။ အသီးအရွက်ကတော့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်တာကြောင့် ရောင်ရမ်းတာကို သက်သာစေတယ်။ ဒီ့အပြင် အစေ့အဆန်တွေကလည်း သွေးတွင်းကိုလက်စထရောကို ကျစေတဲ့အတွက် ရောင်ရမ်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပဲ ရောင်ရမ်းခြင်းကို ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ ဒါကတော့ ပြည့်ဝဆီများတဲ့ အစားအစာ၊ ကိုလက်စထရောများတဲ့အစားအသောက် တွေဖြစ်တဲ့ အနီရောင်အသား၊ ဝမ်းတွင်းကလီစာ၊ မလိုင်အပြည့်ပါတဲ့ နို့၊ ချိစ်၊ ကိတ်မုန့်၊ ထောပတ်၊ ကွတ်ကီး၊ ရယ်ဒီမိတ်အသားပြားတွေ၊ အသားချောင်းတွေ၊ အသားလုံးတွေ စားတာကိုတော့ လျှော့စားပေးရမယ်။ အရမ်းစားချင်လို့ စားမယ်ဆိုရင်တောင် တစ်ပတ်ကို တစ်ရက်ထက် ပိုမစားသင့်သလို စားတဲ့အခါမှာလည်း အများကြီး မစားသင့်ပါဘူး။

Voice : SLE ဝေဒနာရှင်တွေအနေနဲ့ အဓိက ဂရုစိုက်သင့်တဲ့ အစိတ်အပိုင်းတွေက ဘာတွေဖြစ်မလဲ ဆရာ။
Dr.NNK : အဓိကတော့ အရိုးနဲ့ ကြွက်သားတွေကို ထိန်းသိမ်းပြီး ဂရုစိုက်ရမှာပါ။ တချို့ဆေးတွေက အရိုးပါးတာကို အားပေးတဲ့အတွက် ဒီဝေဒနာရှင်တွေက ကယ်လ်ဆီယမ်နဲ့ ဗီတာမင် - ဒီကို ကြွယ်ဝအောင် စားပေးဖို့လိုအပ်တယ်။ အဲဒီတော့ အဆီထုတ်ထားတဲ့ နွားနို့၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်-ဒီ ထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်၊ အစိမ်းရင့်ရောင်အရွက်တွေ စားသင့်တယ်။ တချို့က အစားအသောက်သေချာမစားဖြစ်တဲ့အခါမှာတော့ ဆရာဝန်ညွှန်ထားတဲ့ ဖြည့်စွက်အားဆေးတွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး အကိုက်အခဲပျောက်ဆေးတွေသောက်တော့မယ်ဆိုရင်တော့ အစာနည်းနည်း အရင်စားပြီးမှ ဆေးသောက်ပေးဖို့လိုတယ်။ အရမ်းချဉ်လွန်း၊ စပ်လွန်းတဲ့အစားအစာတွေကို လျှော့သင့်ပါတယ်။ တချို့ဆေးတွေက ပျို့အန်စေတတ်တဲ့အတွက် အဲဒီလို အခြေအနေမှာဆိုရင် အစားနည်းနည်းနဲ့ ခဏခဏ စားပေးဖို့လိုအပ်တယ်။ အစာစားတဲ့အခါမှာလည်း အစာပျော့ပျော့လေးတွေကို ပိုပြီးရွေးချယ်စားသောက် ပေးသင့်ပါတယ်။

Voice : ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေကို သတိထားဖို့လိုပါသလဲ။
Dr.NNK : SLE ဝေဒနာရှင်တွေမှာ ဝိတ်အတက်အကျက ပြဿနာတစ်ခုပဲ။ ပါးစပ်မှာ အနာလေးတွေ ပေါက်နေတဲ့အချိန်မှာ အစားအသောက်ပျက်ပြီး ဝိတ်ကျသွားနိုင်သလို Corticosteroid လိုဆေးမျိုးတွေ သောက်ရတဲ့အတွက်ကြောင့်လည်း ဝိတ်တက်လာစေနိုင်ပါတယ်။ ဝိတ်အတက်အကျ ပြဿနာ အတွက် ကယ်လိုရီတွက်ပြီးစားဖို့နဲ့ အာဟာရ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ အထူးသတိပြုရမှာက နှလုံးရောဂါပေါ့။ ဒါကို ကာကွယ်ဖို့ Omega-3 Fatty Acid များတဲ့အစားအစာ တွေဖြစ်တဲ့ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ သံလွင်ဆီ စတာတွေကို စားပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ