News

POST TYPE

INTERVIEW

သင်ဇာဝင့််ကျော်နဲ့ တွေ့ဆုံခြင်း
30-Sep-2019
“သရဲကားဖြစ်တော့ သင်ဇာလည်း တစ်နေ့ကို ၄၅ မိနစ်လောက် ဘုရားရှိခိုးတယ်”



နာမည်ကျော်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခိုက် မြမြရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဘာသာရေးတွေ ပိုလုပ်ဖြစ်နေတဲ့အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : မြမြဇာတ်ကားမှာ ဘယ်လိုပုံစံနဲ့ တွေ့ရမလဲ။ 
TZWK : သင်ဇာကတော့ အောက်တိုဘာ ၁ ရက်နေ့မှာ စပြီးတော့ ရိုက်ရမယ်။ စိတ်လည်း လှုပ်ရှားပါတယ်။ ဒီကားလေး မဝင်ခင်တော့ မူဆယ်သွားရမယ်။ ဘာပဲဖြစ်ဖြစ် ဇာတ်ကားမရိုက်ခင်မှာ ကန်တော့ပွဲလုပ်ရတော့ စိတ်အေးသွားရတာပေါ့နော်။ ဒီကားကလည်း သရဲကားလည်းဖြစ်တော့ နည်းနည်းတော့ကြောက်တယ်။ ဒီဇာတ်ကားရိုက်မယ့်ချိန်မှာ ဘုရားတရားတော့ ပိုပြီးတော့ လုပ်သင့်တယ်။ 

Voice : သင်ဇာ့ဘက်က ကာရိုက်တာအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ 
TZWK : သင်ဇာကတော့ ကိုညို ညွှန်ကြားတဲ့အတိုင်းပဲ ဆင်းမ်ပေါ်ရောက်ရင် လိုက်လုပ်ရုံပါပဲ။ သရဲကားဖြစ်တော့ သင်ဇာလည်း တစ်နေ့ကို ၄၅ မိနစ်လောက် ဘုရားရှိခိုးတယ်။ ပုတီးစိပ်နေတဲ့ အဓိဋ္ဌာန်ကိုလည်း စိပ်ဖြစ်နေတယ်။ မြစိမ်းရောင် ဘုန်းဘုန်းက အဓိဋ္ဌာန် ပုတီးလေးလက်ဆောင်ပေးပြီးတော့ အဓိဋ္ဌာန်လုပ်ဖို့ ထပ်ပေးတယ်။ 

Voice : နောက်ပိုင်းမှာ ဘာသာရေးပိုလုပ်ဖြစ်နေတာလား။
TZWK : အစကတည်းကလည်း လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဖေရော၊ အမေရော ဘုရားတရားလုပ်တဲ့ သူတွေဆိုတော့ ငယ်ငယ်လေးကတည်းက ဘာသာရေးကို ရိုက်သွင်းပေးထားတယ်။ ကိုးတန်း၊ ဆယ်တန်းလောက်ကတည်းက ဘုရားစာဆို၊ သေချာရှိခိုးတယ်။ ဘုရားစာဆိုလို့ရှိရင်လည်း သေချာရတယ်။ 

Voice : သင်ဇာ ရိုက်မယ့်ကားကလည်း ဝိညာဉ်ကားဆိုတော့ အယုံအကြည်ရှိလား။ 
TZWK : ကမ္ဘာလောကကြီးဆိုတာက ကိုယ်မသိသေးတဲ့အရာတွေ မမြင်ဖူးသေးတဲ့အရာတွေ အများကြီးပြည့်ပြီးတော့ ဆန်းကြယ်နေတဲ့နေရာတစ်ခုပါ။ ကိုယ်မသိသေးတဲ့အရာတွေလည်း အများကြီးရှိဦးမယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဝိညာဉ်လောကကိုလည်း ယုံကြည်ပါတယ်။ 

Voice : ဇာတ်ကားရိုက်ရင်း မထင်မှတ်တဲ့အရာတွေ ကြုံလာမှာကို စိုးရိမ်မှုရှိလား။ 
TZWK : အရင်တုန်းကဆိုရင် သရဲကားတွေ ဘာတွေဆိုရင် သရဲခြောက်တဲ့ အိမ်တို့ ဘာတို့ ရွေးပြီး ရိုက်တတ်ကြတယ်လေ။ သရဲကားဆိုတော့လည်း ကြောက်တာတော့ ကြောက်တာပေါ့။ ဒါပေမဲ့လည်း ကိုယ့်ဘက်က ဘုရားတရားကို လုပ်ထားတယ်။ ဘာမှတော့ ကြောက်စရာမလိုပါဘူး။ ဒီဇာတ်ကားလေးက ဇာတ်လမ်းအရမ်းကောင်းပါတယ်။ 

ခင်ညိုညိုသိမ့်